ပြည်တွင်း သတင်းများ

မတ်လအတွင်း ဒုတိယအကြိမ်အဖြစ် မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် ရေနည်းမှတ်အောက် တစ်ပေကျော် ကျဆင်း

ယခုနှစ် ရေနည်းချိန် မတ်လအတွင်း မန္တလေးမြို့ ဧရာဝတီမြစ်ရေသည် ဒုတိယအကြိမ် ရေနည်းသတိပေးမှတ်အောက် တစ်ပေကျော် ကျဆင်းသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မန္တလေး)မှ သိရသည်။

မန္တလေးမြို့ ဧရာဝတီမြစ် ရေနည်းသတိပေးမှတ်မှာ ၃၆၀ စင်တီမီတာဖြစ်ပြီး မတ် ၂၄ ရက်တွင် ၃၁၈ စင်တီမီတာအထိ ကျဆင်းခဲ့ကာ မတ် ၂၆ ရက်နှင့် ၂၇ ရက်များတွင် မြစ်ရေအနည်းငယ် မြင့်တက်ခဲ့သော်လည်း မတ် ၂၈ ရက်တွင် တိုင်းထွာချက်များအရ  ၃၁၈ စင်တီမီတာအထိ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှု ကန့်ကွက်ရှုတ်ချပွဲ အင်အား ၂၀၀ ခန့်ဖြင့် မုံရွာ၌ ပြုလုပ်

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ဆန္ဒပြနေကြသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများ ရန်ကုန်သို့ဝင်ရန်လာစဉ် ရဲတပ်ဖွဲ့မှ တားဆီးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့မှုကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ဆန္ဒထုတ်ဖော်မှုအား လူအင်အား ၂၀၀ ခန့်ဖြင့် မတ် ၂၉ ရက် နံနက် ၉ နာရီတွင် မုံရွာမြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၇၄) အနီးတွင် ဘုရားဖူး လိုက်ထရပ်ယာဉ်အား စူပါကာစတန်က နောက်မှဝင်တိုက်မိပြီး သုံးဦးသေဆုံးကာ ၂၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် အမြန်လမ်းမကြီးပေါ်တွင် မတ် ၂၈ ရက် ညနေ ၄ နာရီခန့်က ဘုရားဖူးပြန်လာသည့် လိုက်ထရပ်ယာဉ်အား စူပါကာစတန်ယာဉ်က နောက်မှဝင်တိုက်မိပြီး ဘုရားဖူးယာဉ်မှာ လမ်းဘေးသို့ ပက်လက်လန် တိမ်းမှောက်သွားကာ ဘုရားဖူး ခရီးသည်သုံးဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မဒေးကျွန်း ရေနံတင်ဆိပ်ကမ်းမှ တရုတ်နိုင်ငံသို့ မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းပို့လွှတ်ရန် ပြင်ဆင်နေဆဲ ဖြစ်သောကြောင့် ၂၀၁၅ နှစ်ကုန်ပိုင်းမှသာ အပြည့်အ၀ ပို့လွှတ်နိုင်မည်

ရခိုင်ပြည်နယ်၊ မဒေးကျွန်း ရေနံတင်ဆိပ်ကမ်းမှ တရုတ်နိုင်ငံသို့ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းပို့လွှတ်ရန် လက်ရှိအချိန်၌ ပြင်ဆင်နေဆဲဖြစ်သောကြောင့် ၂၀၁၅ နှစ်ကုန်ပိုင်းမှသာ ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း မြန်မာ-တရုတ် ပိုက်လိုင်းကုမ္ပဏီ (ရန်ကုန်ရုံး) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အာဏာပိုင်များ၏ အကြမ်းဖက် ဖမ်းဆီးထောင်ချမှုများကို ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံရှိ ကျောင်းသားအရေး လှုပ်ရှားမှုများအား ထောက်ခံကြောင်း ပြည်တွင်းလှုပ်ရှားသူများနည်းတူ နိုင်ငံတကာမှ ကျောင်းသားများကလည်း လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေ

အာဏာပိုင်များအနေဖြင့် ပင်မကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွင်းကာ ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား ဖမ်းဆီးအကျဉ်းချခြင်းကို ရှုတ်ချကြောင်း၊ သပိတ်မှောက်ကျောင်းသားများအား ထောက်ခံကြောင်း၊ ကျောင်းသားပြည်သူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရန် ဆန္ဒထုတ်ဖော် ဆုတောင်းပွဲများနှင့် လှုပ်ရှားမှုပြုလုပ်ခြင်းများကို ပြည်တွင်းလှုပ်ရှားမှုများနည်းတူ နိုင်ငံတကာမှ ကျောင်းသားများကလည်း ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်ရေးနှင့် အဆင့်မြှင့်ရေး ကျပ်သန်း ၉၅၀၀ အသုံးပြုထားပြီး ငါးထပ်တိုးချဲ့ဆောင် ဆောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်ရေးနှင့် အဆင့်မြှင့်ရေး လုပ်ငန်းများအတွက် ကျန်းမာရေးဦးစီးဌာနက ကျပ်သန်းပေါင်း ၉၅ဝဝ အသုံးပြုထားပြီး ငါးထပ်တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်ရေးနှင့် အဆင့်မြှင့်ရေး လုပ်ငန်းများအတွက် ကျန်းမာရေးဦးစီးဌာနမှ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း ၅ဝဝဝ ခွဲဝေချထားပေးခဲ့ပြီး ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၄၅ဝဝ ခွဲဝေချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ထိုင်းအစိုးရက ဖမ်းဆီးရမိသည့် တရားမ၀င် မြန်မာလုပ်သား ငါးသောင်းကျော်ကို နေရပ်ပြန်ပို့ခဲ့

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ထိုင်းအစိုးရက ဖမ်းဆီးရမိသည့် တရားမ၀င် မြန်မာအလုပ်သမား ငါးသောင်းကျော်ကို နယ်စပ်မှတစ်ဆင့် နေရပ်ပြန်ပို့ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိလက်ရှိ အစိုးရသစ်လက်ထက်မှာ ထိုင်းဘက်ကနေ ဖမ်းဆီးရမိတဲ့ မြန်မာလုပ်သား ၅၂၂၇၀ ဦးကို နယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်။ ဒီကနေ သွားရောက်အလုပ်လုပ်ကိုင်လိုက်၊ ဟိုဘက်ကနေ ဖမ်းဆီးပြီး ပြန်ပို့လိုက်နဲ့ ဒီလိုနဲ့ သံသရာ လည်နေတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အလုံမြို့နယ် ဆင်မင်းဈေးသစ်၌ မူလဆိုင်ခန်းများ နေရာပြန်လည်ချထားရာတွင် ကြန့်ကြာနေခြင်းကြောင့် သမ္မတထံ တင်ပြမည်ဟုဆို

ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ယခင်ဆင်မင်းဈေး(သိပ္ပံဈေး)အား အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ခဲ့ပြီး မူလဆိုင်ခန်းများကို ပြန်လည်နေရာချထားရာ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အချိန်ဆွဲကာ ကြန့်ကြာနေခြင်းကြောင့် ယင်းကိစ္စကို သမ္မတထံ တင်ပြသွားမည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောကြားသည်။

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်၊ မြစ်သာမြစ်နှင့် ချောင်းများတစ်လျှောက် ကမ်းပြိုခဲ့သည့် နေရာများ၌ ကမ်းပြိုမှု လျှော့ချနိုင်ရန် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ယခင်နှစ်မိုးရာသီက ကမ်းပြိုမှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ရွှေ့ပြောင်းခဲ့ရသော မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်၊ မြစ်သာမြစ်၊ မုန်းချောင်းနှင့် ရွှေချောင်းများတစ်လျှောက် ကျေးရွာများ၌ ကမ်းပြိုမှုလျှော့ချနိုင်ရန် တိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ရေကာများတည်ဆောက်ခြင်း၊ သောင်တူးခြင်းများ ဆောင်ရွက်နေပြီး ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

အတတ်ပညာရှင်နှင့် အရင်းအနှီး လိုအပ်ချက်ကြောင့် နိုင်ငံခြားဈေးကွက်တွင် ပုသိမ်ထီးများ ၀ယ်လိုအားပြည့်မီအောင် မရောင်းနိုင်

မြန်မာ့ရိုးရာ ပုသိမ်ထီးလုပ်ငန်းများမှာ လက်မှုအတတ်ပညာဖြစ်၍ အတတ်ပညာရှင် ရှားပါးခြင်းနှင့် ပုသိမ်ထီးတစ်လက် ဖြစ်မြောက်ရန် ငွေကြေးအရင်းအနှီး များသောကြောင့် နိုင်ငံခြားဈေးကွက်သို့ ရာခိုင်နှုန်း ၂၀ ခန့်သာ တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ကျူးလွန်သူအား ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် အမှုကြီးဖြစ်စဉ် အများအပြားရှိနေ

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ကျူးလွန်သူအား ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် အမှုကြီးဖြစ်စဉ် အများအပြား ကျန်ရှိနေကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ မတ် ၂၈ ရက်တွင် စုံစမ်းသိရှိရသည်။

ရန်ကုန်သင်္ကြန်တွင် ဖျော်ဖြေရန် သံချပ်အဖွဲ့ ၂၀ ကျော် စိစစ်ရေးကော်မတီသို့ တင်ပြ

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ဖျော်ဖြေခွင့်ပြုရန် သံချပ်အဖွဲ့ ၂၀ ကျော်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဟာသင်္ကြန် သီချင်းသံချပ် စိစစ်ရေးကော်မတီသို့ တင်ပြလာကြောင်း သိရသည်။

သင်္ကြန်အတွက် သံချပ်များဖြင့် ဖျော်ဖြေရန် သံချပ်များကို မတ် ၂၅ ရက် နောက်ဆုံးထား၍ စိစစ်ရေးကော်မတီသို့ တင်ပြရန် ကြေညာခဲ့ရာ ယခုလို အဖွဲ့ ၂၀ ကျော် တင်ပြလာခဲ့ခြင်းဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ပင်မအစီရင်ခံစာ ၂၀၁၅ မေလနောက်ဆုံးပတ် ထုတ်ပြန်မည်ဖြစ်ပြီး ရှေ့ပြေးသန်းခေါင်စာရင်းရလဒ်နှင့် ကွဲလွဲချက် များစွာမရှိဟုဆို

၂ဝ၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ပင်မအစီရင်ခံစာကို ၂ဝ၁၅ မေ နောက်ဆုံးပတ်တွင် ထုတ်ပြန်မည်ဖြစ်ပြီး ရှေ့ပြေးသန်းခေါင်စာရင်းရလဒ်နှင့် ကွဲလွဲချက် များစွာမရှိကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က မတ် ၂၈ ရက်က The Daily Eleven သို့ ပြောကြားသည်။ 
 
လက်ရှိတွင် သန်းခေါင်စာရင်းဆိုင်ရာ စာရင်းဇယားပြုစုခြင်းအပိုင်း ပြီးစီးပြီဖြစ်၍ မတ် ၃၁ ရက်မှစ၍ စာရင်းဇယားများ ထုတ်ပြန်ရန် ပြင်ဆင်ခြင်းလုပ်ငန်းစဉ် စတင်မည်ဖြစ်ကြောင်း ဦးမြင့်ကြိုင်က ပြောကြားသည်။
 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တောင်ငူခရိုင် ဒုခရိုင်တရားသူကြီးဟောင်း ဦးရွှေမှာ ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းဝရမ်းထုတ်ကာ တရားခံပြေးအဖြစ် ကြေညာမည်ဟု သိရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် ၁ ရဲစခန်းတွင် ဇန်နဝါရီ ၂၁ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တောင်ငူခရိုင်၊ ဒု ခရိုင်တရားသူကြီးဟောင်း ဦးရွှေမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်းဝရမ်းထုတ်ကာ တရားခံပြေးအဖြစ် ကြေညာတော့မည် ဖြစ်ကြောင်း နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။
 

မန္တလေးမြို့၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် ဘီဘ်ီစီမှ သတင်းထောက်တစ်ဦးအား ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်

မန္တလေးမြို့တွင် မတ်၂၇ ရက်က ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းတွင် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများ ပြန်လွှတ်ပေးရေး ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က တားဆီးသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ် ပါဝင်ခဲ့သော ဘီဘီစီသတင်းထောက်ကို  ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
 

ပင်မကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ မတ် ၂၇ ရက်က ဆန္ဒပြခဲ့သော ရန်ကုန်မြို့နှင့် မြို့အချို့မှ ကျောင်းသားနှင့်ပြည်သူများအား ပုဒ်မ ၁၈ ၊ ၅၀၅ (ခ) အပါအ၀င် အခြားပုဒ်မများဖြင့် အမှုဖွင့်အရေးယူ

ပင်မကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ မတ် ၂၇ ရက်က ဆန္ဒပြခဲ့သော ရန်ကုန်မြို့နှင့် မြို့အချို့မှ ကျောင်းသားနှင့်ပြည်သူများအား ပုဒ်မ ၁၈ အပါအဝင် အခြားသော ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Pages