Facebook ပေါ်က ငရဲခွေးတွေကို ဘယ်သူ အရေးယူမှာလဲ

အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေးကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေကြသည့် Facebook စာမျက်နှာ အချို့ကို တွေ့ရစဉ်

(၁)

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ  လူမှုကွန်ရက် Facebook က တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။

ဒီအလုပ်ရုံ ဆွေးနွေးပွဲအပြီး စက်တင်ဘာလဆန်းမှာ လူမှုကွန်ရက် မီဒီယာပေါ်က လှုံ့ဆော်သူတွေကို အရေးယူမယ်ဆိုပြီး သမ္မတပြောရေး ဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒါဟာ ရွေးကောက်ပွဲကာလ ပဋိပက္ခများ မဖြစ်ဖို့ ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။

စက်တင်ဘာ ၁၁ ရက်ရောက်ချိန်မှာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)က “လုံခြုံဘေးကင်းသည့် လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများ” ဆိုတဲ့ Facebook Safety Rules တွေကို သူ့ရဲ့ Facebook က တစ်ဆင့် ဖြန့်ဝေပါတယ်။

စက်တင်ဘာ ၁၂ ရက်မှာတော့ ဒါရိုက်တာ မိုက်တီးကို ဆင့်ခေါ်ဖို့  ပြန်ကြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို စာထုတ်တယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။

ဒါရိုက်တာမိုက်တီးကို ဆင့်ခေါ်ခိုင်းတဲ့ အကြောင်းရင်းက Facebook မှာ “မိုက်တီး” ဆိုတဲ့ နာမည်နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဓာတ်ပုံကို ပြုပြင်ပြီး အသရေဖျက်ထားတဲ့ Status နဲ့ ပတ်သက်နေပါတယ်။

အဲဒီ ‘မိုက်တီး’ ဟာ ဒါရိုက်တာမိုက်တီးရဲ့ Facebook Account အစစ် ဟုတ်၊ မဟုတ် သိချင်တဲ့အတွက် စာထုတ်ရခြင်း ဖြစ်တယ်လို့ ဦးရဲထွဋ်က စက်တင်ဘာ ၁၂ ရက်ထုတ် 7 Day သတင်းစာကို ပြောခဲ့ပါတယ်။

ဒါရိုက်တာ မိုက်တီးကတော့ သမ္မတဦးသိန်းစိန် ဓာတ်ပုံကို ပြုပြင်ပြီး အသရေဖျက်ထားတဲ့ ‘မိုက်တီး’ ဆိုတာ သူမဟုတ်ကြောင်း ရှင်းထားပါတယ်။ သူ့နာမည်ကို အသုံးပြု၊ အကောင့်တုလုပ်ပြီး ပုဂ္ဂိုလ်ရေး အပုပ်ချ စော်ကားတာတွေ လုပ်နေတာလို့ ဆိုပါတယ်။

ဒါရိုက်တာမိုက်တီးမှ မဟုတ်ပါဘူး။ ဒီလပိုင်းမှာပဲ သတင်းမီဒီယာကြီးတွေရဲ့ နာမည်နဲ့ Facebook Account အတု များစွာပေါ်လာပါတယ်။

ဒါကို သတင်းမီဒီယာ တစ်ခုချင်းစီအလိုက် ဖြေရှင်းခဲ့ရပြီး အစိုးရပိုင်းက ၀င်ရောက်ကိုင်တွယ် ဖြေရှင်းပေးခဲ့တာမျိုး မရှိပါဘူး။

ဒီအတိုင်းပဲ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီလှုပ်ရှားမှု လုပ်နေသူ ရာပေါင်းများစွာရဲ့ Facebook Account တိုက်ခိုက်ခံရတာ၊ Report လုပ်ခံရပြီး နာမည်ပြောင်းရတာ၊ နာမည်တွေ အလိုအလျောက် ပြောင်းလဲသွားတာတွေ ဆက်တိုက်ဖြစ်လာပါတယ်။

တစ်ဖက်မှာလည်း အာဏာရှင် လိုလားသူတွေရဲ့ ၀ါဒဖြန့်ချိရေး Facebook Account တွေ ခေါင်းထောင်လာပါတယ်။ သူတို့က သတင်းမီဒီယာတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ နာမည်ကိုပါ အလွဲသုံးစားလုပ်ပြီး ၀ါဒဖြန့်ချိရေး လုပ်လာတာတွေ ရှိပါတယ်။

သူတို့ကို အရေးယူမယ့်သူ မရှိတဲ့အပြင် Facebook က ဖယ်ရှားတာတွေ၊ သူတို့ ဘယ်သူလဲ ဆိုတာကို ဖော်ထုတ်တာတွေ မရှိပါဘူး။ ဒီလိုမရှိတဲ့ အတွက်ကြောင့်ပဲ သူတို့ ပိုအားကောင်းလာပါတယ်။


(၂)

မြန်မာနိုင်ငံမှာ လူမှုကွန်ရက် Facebook သုံးစွဲမှုဟာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ ပိုပြီး ရေပန်းစားလာတာပါ။

၂၀၁၀ ပြည့်နှစ်မတိုင်မီကိန်း ဂဏန်းတွေအရ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူ အရေအတွက် ၁၀၀၀၀၀ ကျော်ပဲ ရှိပါတယ်။ မိုဘိုင်းဖုန်းသုံးစွဲသူ အရေအတွက်က သန်းဂဏန်း မပြည့်ပါဘူး။

၂၀၁၁ ခုနှစ်ကို ရောက်ချိန်မှာ အင်တာနက်သုံးစွဲသူ ၅၀၀၀၀၀ နီးပါး ရှိလာပါတယ်။ အင်တာနက်ကဖေးပေါင်း ၁၁၀၀ ကျော် ရှိလာပါတယ်။ အဲဒီအချိန်မှာ Facebook သုံးစွဲသူအရေအတွက် မများသေးပါဘူး။ ဘလော့ဂ်သုံးစွဲသူ အရေအတွက် ပိုများပါတယ်။ ၂၀၁၁ ခုနှစ် မှာမြန်မာဘာသာနဲ့ရေးတဲ့ ဘလော့အရေအတွက် ၁၀၀၀၀ ကျော် ရှိနေပါပြီ။

အဲဒီအချိန်ကတည်းက အာဏာရှင်စနစ် လိုလားသူတွေလည်း ဘလော့တွေ လုပ်ခဲ့ကြပါတယ်။

ဘာကြောင့်လဲဆိုရင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုနဲ့အတူ  ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဟာ ဘလော့ရေစီးမှာ ပါဝင်လာကြပါတယ်။ ဒီအခါ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ဘလော့အသုံးပြုမှုကို တန်ပြန်နိုင်ဖို့ အာဏာရှင် အလိုကျ ဘလော့များစွာ ပေါ်လာခဲ့ကြပါတယ်။

ကျေးစေတမန်၊ အမိမြေ အစရှိတဲ့ ဘလော့တွေဟာ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်မှာ အားကောင်းခဲ့တဲ့ အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေး ဘလော့တွေ ဖြစ်ပါတယ်။ သူတို့ကို ရုရှား IP အသုံးပြုသူတွေလို့ ဆိုကြပေမယ့် အတိအကျ ထုတ်ဖော်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကာလကြာလာတာနဲ့အမျှ သူတို့ရဲ့ အားကောင်းမှု လျော့ပါးသွားပါတယ်။

ဒါပေမဲ့ သူတို့ နောက်ပိုင်းမှာ ဒေါက်တာဆိတ်ဖွား၊ ပိတောက်မြေ၊ Myanmar Express၊ Oppositeyes စတဲ့ အာဏာရှင်အလိုကျ ဘလော့ဂ်တွေ ထပ်ပေါ်လာပါတယ်။ ဒီလိုပေါ်လာပေမယ့် အရင်ကရှိခဲ့တဲ့ ၀ါဒဖြန့်ချိရေး ဘလော့တွေနဲ့ ကွဲပြားမှု ရှိခဲ့ပါတယ်။

ကျေးစေတမန်တို့၊ အမိမြေတို့က တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ခုက စိတ်တူကိုယ်တူလုပ်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

သူတို့နောက်ပိုင်း ပေါ်လာတဲ့ ဒေါက်တာဆိတ်ဖွား၊ ပိတောက်မြေ၊ Myanmar Express၊ Oppositeyes  တို့က အာဂျင်ဒါနဲ့ စနစ်တကျ လှုပ်ရှားတဲ့ ၀ါဒဖြန့်ချိသူတွေ ဖြစ်လာပါတယ်။

အာဂျင်ဒါနဲ့ စနစ်တကျ လှုပ်ရှားသူတွေ ဖြစ်တာကြောင့် ပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက်မှုတွေကို စနစ်တကျ လုပ်လာပါတယ်။

သူတို့ ဦးတည်တာက ဒီမိုကရေစီရေး လှုပ်ရှားနေသူ နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေကို ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရရဲ့ အတိုက်အခံလို့ ယူဆနိုင်တဲ့သူတွေကို အပုပ်ချ၊ သတင်းမှားတွေလွှင့်ပြီး လူထုအကြား ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာပါ။

အာဏာရှင်အလိုကျ ၀ါဒဖြန့်ချိရေးကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြသည့် Facebook စာမျက်နှာ အချို့ကို တွေ့ရစဉ်

         

(၃)

ဘလော့ခေတ်မှာ အခြေပြုခဲ့တဲ့ အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေးသမားတွေက Facebook ရေစီး ဖြစ်လာချိန်မှာ ၀င်ရောက်စီးမျော ခဲ့ကြပါတယ်။ မြန်မာဘာသာအသုံးပြု အာဏာရှင်အလိုကျ ၀ါဒဖြန့်ချိရေး ယန္တရားကို Facebook ပေါ်မှာ သူတို့ တည်ဆောက်ခဲ့ကြပါတယ်။  

Facebook ပေါ်က သူတို့ရဲ့ အာဏာရှင် ၀ါဒဖြန့်ချိရေး ယန္တရားဟာ ၂၀၁၂ ခုနှစ်ဝန်းကျင်မှာ ရုပ်လုံးပေါ်လာပါတယ်။

Profile မမှန်၊ အချက်အလက် မပြည့်စုံဘဲ တည်ဆောက်ခဲ့တဲ့ အာဏာရှင် ၀ါဒဖြန့်ချိရေး Facebook Account တွေက အနည်းဆုံး ၅၀၀၀၀၀ ၀န်းကျင်လောက် ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် အတွင်းမှာ Eleven Media Group ရဲ့ Facebook Page ကနေ ဖယ်ရှားခဲ့ရတဲ့ အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေး Facebook Account အရေအတွက် ၆၀၀၀၀ ကနေ ၁၀၀၀၀၀ ကြားမှာ ရှိခဲ့ပါတယ်။

အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေး Facebook Account တွေမှာ တူညီမှုရှိတာက ဒေါက်တာဆိတ်ဖွားရဲ့ အာဘော်အတိုင်း လိုက်လုပ်ကြတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် နောက်ပိုင်း ဘာသာရေး ပဋိပက္ခတွေ ပြင်းထန်ချိန်မှာ ဘာသာရေးမှိုင်းတိုက်၊ မမှန်သတင်းတွေလွှင့်ပြီး ပဋိပက္ခတွေ ပိုအားကောင်းအောင် လုပ်ခဲ့တဲ့ လူထုမောင်ကာဠု၊ အခုချိန်မှာ ပုဂ္ဂိုလ်ရေး အပုပ်ချမှုတွေ၊ မမှန်သတင်း ဖြန့်ချိပြီး ပုဂ္ဂိုလ်ရေး အပုပ်ချမှုတွေ ဆက်တိုက်လုပ်နေတဲ့ ပြည်သူ့အာဏာ စတဲ့ Facebook Account တွေဟာ ဒေါက်တာဆိတ်ဖွားတို့ အုပ်စုက ဆင့်ပွားထွက်လာသူတွေပဲ ဖြစ်ကြပါတယ်။

သူတို့နဲ့အတူ အရင်ကရှိခဲ့ပြီး ဖြစ်တဲ့ Myanmar Express တို့၊ ပြည်သူ့အာဏာတို့၊ အမည်ကွဲများစွာနဲ့ ဒေါက်တာဆိတ်ဖွားတို့၊ Oppositeyes တို့ကလည်း Facebook ပေါ်မှာ ထင်တိုင်းကြဲ အပုပ်ချမှုတွေ၊ အမုန်းစကား ဖြန့်ချိမှုတွေနဲ့ မမှန်သတင်း ဖြန့်ဝေမှုတွေကို ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ လုပ်နေကြပါတယ်။

ဒါပေမဲ့ သူတို့ကို ဘယ်သူကမှ အရေးမယူပါဘူး။ Facebook ကလည်း ဖယ်ရှားမှု မပြုပါဘူး။

အခုချိန်မှာလည်း သူတို့ဟာ မီဒီယာနဲ့ နိုင်ငံရေးသမားတွေကို ကြိမ်ဖန်များစွာ တိုက်ခိုက်နေပါတယ်။ ဒါ့အပြင် ဘာသာရေး ပဋိပက္ခ  ဖြစ်စေနိုင်တဲ့ အမုန်းစကား ထုတ်လွှင့်မှုတွေ၊ ဘာသာရေး အရေခြုံပြီး နိုင်ငံရေး ကိစ္စတွေမှာပါ အောက်လုံးထိုးတဲ့ ၀ါဒဖြန့်မှုတွေ ဆက်တိုက် လုပ်နေပါတယ်။

ဒီအတွက် Facebook မှာ တာဝန်ရှိပါတယ်။


(၄)

Facebook မှာ တာဝန်ရှိတယ် ဆိုတာက အချက်သုံးချက် အပေါ်မှာ အခြေခံပါတယ်။

ပထမအချက်က Facebook မှာ မြန်မာဝန်ထမ်း ခန့်ထားပြီးပါပြီ။ မြန်မာဝန်ထမ်း ခန့်ထားပြီး ဖြစ်ပေမယ့် င်္ Facebook စံနှုန်းတွေ နဲ့ ကိုက်ညီမှုမရှိတဲ့ Myanmar Express တို့လို အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေး င်္ Facebook Account တွေကို ဖယ်ရှားခြင်း မရှိသေးပါဘူး။

ဒုတိယအချက်က Facebook  ရဲ့ မြန်မာဈေးကွက် အခြေအနေ ဖြစ်ပါတယ်။

အခုချိန်မှာ Facebook ရဲ့ Sponsor အစီအစဉ်ကို မြန်မာနိုင်ငံမှာ အသုံးပြုသူ များနေပါပြီ။ Sponsor ဆိုတာ င်္ Facebook သုံးစွဲသူတွေက Facebook ကို ငွေပေးသွင်းပြီးကိုယ့် ရဲ့ Facebook Account ကို လူမှုကွန်ရက်မှာ ပျံ့နှံ့မှုရှိအောင် လုပ်တာပါ။

မြန်မာနိုင်ငံက သတင်းမီဒီယာတွေ ထဲမှာတော့ 7 Day က Facebook ရဲ့ Sponsor အစီအစဉ်အတွက် ငွေအများအပြား သုံးစွဲထားပါတယ်။ ဒုတိယအများဆုံး သုံးစွဲထားတာက Eleven Media Group ဖြစ်ပါတယ်။

Eleven Media Group ဟာ Facebook ရဲ့ Sponsor အစီအစဉ်ကို စတင်သုံးစွဲတုန်းက Facebook ကို တစ်ရက် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာပေးပြီး ပျံ့နှံ့မှုကောင်းအောင် စတင်ခဲ့ပါတယ်။ အခုချိန်မှာ တစ်ရက်ပျမ်းမျှ အမေရိကန် ဒေါ်လာ ၁၀၀ ပေးပြီး လုပ်ဆောင်ပါတယ်။ တစ်လကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၃၀၀၀ နှုန်း ဖြစ်ပါတယ်။

တတိယအများဆုံး သုံးစွဲနေတာက BBC မြန်မာပိုင်း သတင်းဌာနဖြစ်ပြီး သူ့နောက်မှာ ဧရာဝတီ သတင်းဌာန ရှိပါတယ်။


အာရှပစိတ်ဖိတ်၏ မိုဘိုင်းဆက်သွယ်မှု အခြေအနေ တိုးတက်မှု (Source: We Are Social)


မြန်မာ၏ အင်တာနက် သုံးစွဲမှုနှင့် Facebook သုံးစွဲမှု ပမာဏ (Source:LIRNEasia)

သတင်းဌာနတွေလိုပဲ ကုမ္ပဏီတစ်ခုချင်းစီ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီက Facebook ရဲ့ Sponsor အစီအစဉ်ကို ငွေပေးသုံးစွဲနေသူတွေ ရှိပါတယ်။ အခြားသော စီးပွားရေး လုပ်ငန်းရှင်တွေလည်း Sponsor အစီအစဉ်ကို သုံးစွဲနေပါတယ်။

ဒီအတိုင်းပဲ လက်ရှိအစိုးရ ၀န်ကြီးတစ်ချို့လည်း သူတို့ရဲ့ ရေးသားချက်တွေကို ပိုပျံ့နှံ့စေဖို့ Facebook ရဲ့ Sponsor အစီအစဉ်ကို အသုံးပြုနေကြပါတယ်။

နိုင်ငံရေးနယ်ပယ်ထဲမှာဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook Page၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ Facebook Page က Sponsor လုပ်ထားသူတွေထဲမှာ ထင်ရှားပါတယ်။            
ဒါ့အပြင်  ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီတွေရဲ့ Facebook Sponsor Page တွေလည်း ဒီရက်ပိုင်းမှာ ပိုတွေ့လာပါတယ်။

ဒီလို လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် Facebook အနေနဲ့ မြန်မာနိုင်ငံကနေ တစ်လကို အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သန်းကနေ သန်းချီ ရရှိနေပါတယ်။  

ဒီအချိန်မှာ အာဏာရှင်အလိုကျ ၀ါဒဖြန့်ချိရေး သမားတွေလည်း Facebook ရဲ့ Sponsor အစီအစဉ်ကို သုံးစွဲနေမှာပဲ ဖြစ်ပါတယ်။ ဒီလို သုံးစွဲနေတဲ့အတွက် သူတို့ကို ဖယ်ရှားမှု မလုပ်တာလား ဆိုတဲ့ မေးခွန်း ရှိပါတယ်။

တတိယ အချက်က အုပ်ချုပ်ရေး အဖွဲ့ဝင် တချို့နဲ့ Facebook အကြား နီးစပ်မှု ရှိနေတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ အစိုးရနဲ့ Facebook အကြား နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတာ မဆန်းပါဘူး။ Facebook ရဲ့ စည်းမျဉ်းတွေထဲမှာလည်း သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက အချက်အလက်တွေ တောင်းခံလာရင် (သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ် ဆိုရင်) ထုတ်ပေးသွားမယ်လို့ ပြောထားတာ ရှိပါတယ်။

ဒီအခြေအနေမှာ အစိုးရပိုင်းကလည်း အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေး Facebook Account တွေကို Facebook ရဲ့ အကူအညီနဲ့ ဖယ်ရှားလို့ ရပါတယ်။ ဒါပေမဲ့ အခုထိ ဖယ်ရှားမှု မလုပ်ပါဘူး။



အာရှပစိဖိတ် နိုင်ငံများ၏ အင်တာနက် အသုံးပြုသူ တိုးတက်မှု ညွန်းကိန်းနှင့် အင်တာနက် အသုံးပြုမှု နှိုင်းယှဉ်ချက် (Source: We Are Social)

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်က အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေး Myanmar Express ကို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (က)အရ အရေးယူ ဆောင်ရွက်ပေးဖို့ တာမွေရဲစခန်းမှာ Eleven Media Group က အမှုဖွင့်ခဲ့ပါတယ်။

ဒီလို အမှုဖွင့်မှုကို ရဲစခန်းက လက်ခံခဲ့ပေမယ့် နောက်ဆက်တွဲ ဘာမှ ထူးခြားတဲ့ အခြေအနေ မဖြစ်ခဲ့ပါဘူး။ ဒါက သက်ဆိုင်ရာ ဥပဒေအရ အမှုဖွင့်ပေမယ့် အရေးယူ ဆောင်ရွက်ခြင်း မရှိဘူး ဆိုတာကို ပေါ်လွင်စေပါတယ်။

ဒါကြောင့်ပဲ အာဏာရှင် ၀ါဒဖြန့်ချိသူတွေ အပါအ၀င် အခြားသော ဆိုက်ဘာ ရာဇ၀တ်မှု ကျူးလွန်သူတွေ ခေါင်းထောင်နေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြန်မာဈေးကွက်ကို Facebook က မျက်စိကျနေပါတယ်။ အကယ်၍ မြန်မာနိုင်ငံမှာ Facebook သုံးစွဲခွင့် ပိတ်လိုက်တာနဲ့ သူ့ဘက်မှာ ဆုံးရှုံးမှုတွေ ဖြစ်လာမှာပါ။

အခုချိန်မှာတင် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ ရေးသားချက်တွေ၊ ဓာတ်ပုံတွေကို Facebook ကနေ ဖယ်ရှားမှု လုပ်နေတယ်ဆိုတဲ့ သတင်းစကားတွေက အင်တာနက် သုံးစွဲသူတွေ ကြားမှာ ပျံ့နှံ့နေပါတယ်။

တစ်ဖက်မှာတော့ မမှန်သတင်း ဖြန့်ချိမှုနဲ့ အမုန်းပွားစေမယ့် စကားတွေကိုလည်း ထုတ်လွှင့်တယ်၊ Profile အမှန်ကိုလည်း ဖော်ပြမထားတဲ့ Myanmar Express၊ ပြည်သူ့အာဏာ၊ ဒေါက်တာဆိတ်ဖွားတို့နဲ့ အပေါင်းပါတွေကို မဖယ်ရှားဘဲ လွှတ်ပေးထားတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

နောက်ပြီး ဒီလို အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေး သမားတွေကို Facebook က မဖယ်ရှားတာဟာ Facebook ရဲ့ သဘောထားလား၊ ဒါမှမဟုတ် Facebook က မြန်မာဝန်ထမ်း အဖွဲ့ရဲ့ သဘောထားလား ဆိုတာ မေးစရာ ဖြစ်လာပါတယ်။


(၅)

အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေး Facebook Account တွေကို အရေးမယူဘဲ ခွင့်ပြုပေးထားတာဟာ မြန်မာနိုင်ငံအတွက် အန္တရယ် ရှိလာပါပြီ။

မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း သုံးစွဲမှုဟာ တဟုန်ထိုး တိုးတက်လာပြီး မကြာခင်မှာ သန်း ၃၀ ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်မှာ ထွက်ရှိခဲ့တဲ့ Myanmar Business Update (NCRA) အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ပြန့်နှံ့မှုဟာ ၂၇ သန်းနီးပါးကို ရောက်ရှိနေပါတယ်။

MPT ဆင်းကတ်ကို သုံးစွဲနေသူ ၁၄ သန်းနီးပါး၊ Telenor ဆင်းကတ်ကို သုံးစွဲသူ ကိုးသန်းကျော်နဲ့ Ooredoo ဆင်းကတ် သုံးစွဲသူ လေးသန်းကျော်ကို ရောက်လာပါတယ်။

နောက်ပြီး မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုသူ တိုးတက်မှုနှုန်းဟာ အာရှပစိဖိတ် နိုင်ငံတွေထဲမှာ အမြင့်ဆုံး ဖြစ်လာတယ်လို့ ဗြိတိန်အခြေစိုက် We Are Social အဖွဲ့ရဲ့ ညွှန်းကိန်းတွေမှာ ဖော်ပြခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အာရှပစိဖိတ် နိုင်ငံတွေထဲ အင်တာနက်သုံးစွဲသူ တိုးတက်နှုန်း အများဆုံးက ကမ္ဘောဒီးယားနိုင်ငံပါ။ သူပြီးရင် မြန်မာနိုင်ငံ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အာရှပစိဖိတ် နိုင်ငံတွေထဲမှာ မိုဘိုင်းဖုန်း အင်တာနက်ကနေ လူမှုကွန်ရက် (Facebook) သုံးစွဲသူ တိုးတက်မှု အရှိဆုံးနိုင်ငံ ဖြစ်လာပါတယ်။



အာရှပစိဖိတ် နိုင်ငံများ၏ မိုဘိုင်းလူမှုကွန်ရက် အသုံးပြုသူ တိုးတက်မှုနှုန်းနှင့် လူမှုကွန်ရက် မီဒီယာ အသုံးပြုမှု နှိုင်းယှဉ်ချက် (Source: We Are Social)

LIRNEasia ရဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ညွှန်းကိန်းမှာ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူ အရေအတွက်ထက် Facebook သုံးစွဲသူ အရေအတွက် နှစ်ဆကျော် ပိုများနေပါတယ်။

ဒါက အင်တာနက်ကို သိရှိနားလည် တတ်ကျွမ်းပြီး အမှန်တကယ် အင်တာနက် အသုံးပြုသူ အရေအတွက်ထက် အင်တာနက်ကို မသိဘဲ Facebook ကို အင်တာနက်လို့ ထင်နေသူ အရေအတွက် ပိုများတာကို ဖော်ညွှန်းနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အင်တာနက် သုံးစွဲမှု တိုးတက်ခြင်းဟာ Facebook သုံးသူ အရေအတွက် များလာခြင်း အပေါ်မှာသာ မူတည်နေတာ ဖြစ်ပါတယ်။

ဒီအချက်က Facebook ပေါ်မှာ ရှိနေတဲ့ ငရဲခွေးတွေကို အရေးမယူဘဲ လွှတ်ထားမယ် ဆိုရင် သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးက မြန်မာ့ လူ့အဖွဲ့အစည်းအပေါ် ရိုက်ခတ်လာနိုင်တာကို ပြဆိုနေတာပါ။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်တွေမှာ Facebook ပေါ်က အာဏာရှင်အလိုကျ ၀ါဒဖြန့်ချိရေး ငရဲခွေးတွေရဲ့ သတင်းမှား မှိုင်းတိုက်မှုကြောင့် ပြည်သူလူထုအကြား သွေးဆူမှုတွေ ဖြစ်ခဲ့တာပါ။


(၆)

အခုချိန်မှာ Myanmar Express တို့၊ ပြည်သူ့အာဏာတို့လို ဒေါက်တာဆိတ်ဖွားနဲ့ ဆက်နွှယ်နေတဲ့ Facebook ပေါ်က ငရဲခွေးတွေကို ဘယ်သူကမှ အရေးမယူကြသေးပါဘူး။

Facebook က ဖယ်ရှားခြင်း မရှိသေးသလို Facebook ရဲ့ အကူအညီနဲ့ အစိုးရက ဖယ်ရှားခိုင်းတာမျိုးလည်း မရှိသေးပါဘူး။ ဒီအတွက် Facebook ပေါ်မှာ အာဏာရှင် အလိုကျ ၀ါဒဖြန့်ချိရေး ငရဲခွေးတွေ လွတ်နေတုန်းပါပဲ။

အစိုးရနဲ့ Facebook တာဝန်ရှိသူတွေရဲ့ အလုပ်ရုံ ဆွေးနွေးပွဲ အပြီး မြန်မာဘာသာနဲ့ ထွက်လာတဲ့ ‘လုံခြုံဘေးကင်းသည့် လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများ’ မှာ ပါတဲ့ အချက်တွေကို ကန့်ကွက်မှုမရှိ လက်ခံပါတယ်။

အဲဒီ အချက်တွေကို လူတိုင်း လိုက်နာရမှာ ဖြစ်သလို ဒီစံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့ ဘယ်သူကို မဆို အရေးယူ ဆောင်ရွက်ဖို့ လိုပါတယ်။

အထူးသဖြင့် Facebook အနေနဲ့ သူတို့ ချမှတ်ထားတဲ့ စံနှုန်းအတိုင်း လုပ်၊ မလုပ် ဆိုတာ Myanmar Express တို့၊ ပြည်သူ့အာဏာ တို့ကို ဖယ်ရှားခြင်း ရှိ၊ မရှိ ဆိုတာနဲ့ တိုင်းတာရပါမယ်။

Facebook ပေါ်က Myanmar Express တို့လို့ ငရဲခွေးတွေကို ဖယ်ရှားလိုက်ပါ။ ပြီးရင် သူတို့ သုံးစွဲနေတဲ့ IP တွေ၊ သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မြန်မာပြည်သူလူထု သိအောင် ထုတ်ပေးလိုက်ပါ။

ဒီလို ဖြစ်မလာရင်တော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးမှာ Facebook ကို တရားစွဲဆိုပြီး နစ်နာမှုတွေအတွက် လျှော်ကြေး တောင်းခံနိုင်ဖို့ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူ International Law Firm တွေရဲ့ အကြံဉာဏ်ယူပြီး လုပ်သွားဖို့ပဲ ရှိပါတယ်။

Writer: 
နေထွန်းနိုင်