အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူဦးရေ ၆၀၀ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း

အောင်လံမြို့ စက်ရုံရပ်ကွက်အတွင်း မြစ်ရေ ၀င်ရောက်နေစဉ်

အောင်လံတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူဦးရေ ၆၀၀ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း အောင်လံမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးရုံးထံမှ သိရသည်။

ဇူလိုင် ၁၇ ရက်တွင် အောင်လံမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်သုံး ရပ်ကွက်နှင့် ကျေးရွာတစ်ရွာမှ လူဦးရေ ၆၀၀ ကျော်အား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရပြီး ရေဘေးသင့်သူများအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“ရေက တစ်ရက်တစ်ရက် ဖြည်းဖြည်းချင်း တက်နေတာ။ အခု အိမ်မှာနေလို့ မရလို့ ကုသိနာရုံဘုရားထဲမှာ နေနေရပါတယ်။ အနိမ့်ပိုင်းက လူတွေကတော့ လုံးလုံးနေလို့ မရကြတော့ဘူး။ သွားရေး လာရေးလည်း ခက်နေပါပြီ။ မနက်ဖြန်ဆိုရင်ကို ရပ်ကွက်ထဲက အိမ်ခြေတော်တော်များများ ပြောင်းရွှေ့လာရတော့မှာပါ”ဟု စက်ရုံရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ဇူလိုင် ၁၇ ရက် စာရင်းတွေအရတော့ အောင်လံမြို့ပေါ် ရပ်ကွက်သုံးရပ်ကွက် အပါအ၀င် ကျေးရွာတစ်ရွာနဲ့ ရေလယ်ကျွန်းရွာ ပေါင်းလိုက်ရင် ရေဘေးသင့်သူ ၆၀၀ ကျော် အိမ်ထောင်စု ၁၇၀ ရှိသွားပါပြီ။ ရေဘေးကြောင့် ပြောင်းရွှေ့ရတဲ့ ကျွဲနွားပေါင်းလည်း ၁၃၃ ကောင်ခန့် ရှိနေပါပြီ။ ကူညီကယ်ဆယ်မှု လုပ်ငန်းတွေလည်း လုပ်ဆောင်လျက် ရှိပါတယ်”ဟု အောင်လံမြို့နယ် အထွေထွေအုပ်ချူပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၁၇ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ အောင်လံမြို့ ဧရာဝတီမြစ်ရေသည် ၂၄၉၇ စင်တီမီတာကို ရောက်ရှိနေပြီဖြစ်ပြီး အောင်လံမြို့၏ စိုးရိမ်ရေမှတ်မှာ ၂၅၅၀ စင်တီမီတာဖြစ်ကြောင်း သိရသည်။
 

Writer: 
သက်ပိုင်