ဧရာဝတီမြစ်ရေ တက်ခြင်းကြောင့် ပြည်မြို့တွင် အိမ်ထောင်စု ၁၀၀ ကျော် ရွေ့ပြောင်း နေရာချထားရ

ဧရာဝတီမြစ်ရေ တက်ခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့တွင် အိမ်ထောင်စု ၁၀၀ ကျော်ကို ရွေ့ပြောင်းနေရာချထားရကြောင်း ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။

အဆိုပါ အိမ်ထောင်စု ၁၀၀ ကျော်ကို ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းက န၀င်းရပ်ကွက်၊ ၀ါဆိုကျောင်းတွင် ယာယီအနေဖြင့် ပြောင်းရွေ့နေထိုင်ခွင့် ပြုထားပြီးဖြစ်ကြောင်း စားသောက်ရေးကို လက်ရှိတွင် တာဝန်ယူနိုင်ခြင်း မရှိသေးသလို ကူညီထောက်ပံ့မှုများလည်း လာရာက်ခြင်း မရှိသေးကြောင်း သိရသည်။

“ကျွန်တော် သဘာဝဘေး အန္တရာယ်အတွက် ကြိုတင်အစည်းအဝေးတွေ ပြုလုပ်ထားတဲ့အတိုင်းပဲ ဆောင်ရွက်နေပါတယ်။ အခုဆိုရင် န၀င်းရပ်ကွက်မှာ ရေစ၀င်ပြီပေါ့နော် အဲအိမ်ထောင်စု ၁၀၀ ကျော်ကို န၀င်းဝါဆိုကျောင်းကို ဒီညနေမှာ ပို့မယ်။ နောက်ဒီထက်တက်လာရင်တော့ ယာယီနေထိုင်ဖို့တွေ ထပ်လုပ်ပေးရမှာပေါ့ ဒီနှစ်က ရွှေပလ္လင်မှော်ဘုရားဂေါပက အဖွဲ့ကတော့ လက်မခံနိုင်ဘူးလို့ ကြားတယ် မေတ္တာရပ်ခံကြည့်ရမှာပေါ့ စာသင်ကျောင်းတွေမှာတော့ ကျွန်တော်တို့ တတ်နိုင်ရင် မထားချင်ဘူး ရေဘေးသင့်တွေကို ထားတဲ့အခါမှာ ကျောင်းပိတ်လိုက်ရတော့ ကလေးတွေ စာသင်ပျက်တာတွေရှိတယ်” ဟု ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး ဦးမြတ်ကျော်ကပြောသည်။

ပြည်မြို့တွင် ဇူလိုင် ၁၂  ရက်နေ့မှစကာ မြစ်ရေမြင့်တက်ခြင်းကြောင့် ရွှေပလ္လင်မှော်အောက်ချိုင့်တွင် ရေစတင် ၀င်ရောက်ပြီး၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် န၀င်းရပ်ကွက်၊ မာလကာကုန်း၊ ဘောဂ၊ ဘောဂ(ကန်ကွက်)၊ တို့တွင် ရေနစ်မြုပ်ခြင်းကြောင့် စတင်ရွေ့ပြောင်းနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက်ပိုင်းကပဲ တာဘောင်ပေါ်ကိုရွေ့တယ်၊ ရပ်ကွက်ထဲမှာ နေလို့မရတော့ဘူး။ ဘုန်းကြီးကျောင်းကိုတော့ ညနေမှရွေ့ရမယ်လို့ပြောတယ်။ အနိမ့်ပိုင်းက လူတွေကတော့ လုံးလုံးနေ မရကြတော့ဘူး နှစ်ထပ်သမား တွေကတော့ အပေါ်ထပ်ကိုစုပြီး ပြောင်းနေကြတယ် သွားလာရေးကတော့ ခက်နေပြီပေါ့။ မိုးမရွာပါစေနဲ့ပဲ ဆုတောင်းရတယ်။ မိုးရွာရင် တာဘောင်ပေါ်ကလူတွေ အကုန်သွားပြီ။ ဒုက္ခရောက်ကုန်မှာ” ဟု ရေဘေးသင့်ရွေ့ပြောင်း ဘောဂရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီမြစ်ရေမှာ ဇူလိုင်လ ၁၆ ရက်နေ့လည်ခင်း တိုင်းထွာချက်အရ ၂၈၂၃ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကာ ပြည်မြို့၏ စိုးရိမ်ရေမှတ်မှာ ၂၉၀၀ စင်တီမီတာဖြစ်ကြောင်း သိရသည်။

 

Writer: 
ဝေလင်း (ပြည်)