၂၀၁၆ အောက်တိုဘာ ၉ ရက် ငါးခူရရဲစခန်း အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အမှုမှ တရားခံပြေး အကြမ်းဖက်သမားခြောက်ဦး ဖမ်းဆီးရမိ

၂၀၁၆ အောက်တိုဘာ ၉ ရက် ငါးခူရရဲ စခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အမှုမှ တရားခံပြေးအိမ်ထောင်စု အမှတ် ၄၇ ၌ နေသူ မော်လ၀ီအီခရစ် ၃၈ နှစ် ပါ ဘင်္ဂါလီ အမျိုးသားခြောက်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သိရသည်။

မောင်တောမြို့နယ် နယ်မြေ ၅ အောက် ပြူးမကျေးရွာ၌  BD/တရားခံပြေးများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၅ ရက် နံနက် ၅ နာရီခွဲမှ စတင်၍ အောက်ပြူးမကျေးရွာအတွင်းရှိ အိမ်ထောင်စုစာရင်းများကို တရားခံပြေးစာရင်းများနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ကြောင်းနှင့် ထိုသို့ စစ်ဆေးစဉ် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ၂၀၁၆ ခုနှစ် ငါးခူရ ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အမှုမှ တရားခံပြေးများကို ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် တရားခံပြေးများအား ငါးခူရ နယ်မြေစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းကအမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အောက်ရှိ ငါးခူရနယ်ခြားစောင့်ရဲစခန်းအား ဘင်္ဂါလီအကြမ်းဖက်သမား ၅၀ ခန့်က တစ်လုံးထိုး လုပ်သေနတ်၊ ပစ္စတိုသေနတ်၊ ဓားများဖြင့် စခန်းအား ၀င်ရောက်စီးနင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဖြစ်စဉ်တွင် ဒုရဲအုပ်သိန်းကျော်ထွန်းနှင့် ဒုတပ်ကြပ် ဇော်နိုင်ထွန်း ကျဆုံးခဲ့ပြီး စခန်းမှူး ရဲမှူးထွန်းထွန်းစိုး ၀ဲလက်ဖျံ ဓားဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ရဲစခန်းမှ ခုခံပစ်ခတ်မှုကြောင့် အကြမ်းဖက်သမားလေးဦး သေဆုံးလျက်တွေ့ရှိရကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့် တပ်စခန်းသုံးနေရာအား RSO သောင်းကျန်းသူများက အောက်တိုဘာ ၉ ရက် နံနက် ၂ နာရီခန့်က ၀င်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးပြီး  ငါးဦး ဆေးရုံတက်ရောက် ကုသခဲ့ရကြောင်း သိရသည်။

 ဇူလိုင် ၁၄ ရက် နံနက် ၃ နာရီတွင် အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်တရားခံဖြစ်သည့် ရသေ့တောင်မြို့နယ် ချင်းရွာနေ မော်နီရာမောက် ၂၀ နှစ်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး မသင်္ကာသူ အဒူမော်တီ ၁၉ နှစ်ပါ ခုနစ်ဦးအား နယ်မြေစခန်း ၌ ခေါ်ယူ စစ်ဆေးလျက်ရှိသည်။

Writer: 
သားရွှေဦး