တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်လှစ်

တောင်ဥက္ကလာပ မြို့နယ် သုမင်္ဂလာပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖွင့်ပွဲ အခမ်းအနားကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်၊ သုမင်္ဂလာပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်လှစ်သည့်အခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီက အဆိုပါပန်းခြံအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်လှစ်သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှာ တောင်ဥက္ကလာပမြို့နယ် မြို့နယ်သူ မြို့နယ်သားများ စုပေါင်းကာ ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်ပြီး ဖွင့်ပွဲအား တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)လွှတ် တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့် အပါအ၀င် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ ဖွင့်ပွဲတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နှုတ်ခွန်းဆက်စကားများ ပြောကြားခြင်း၊ ကျေးဇူးတင်စကားများ ပြောကြားခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း စသည်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

“ဒီကြေးရုပ်ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်ရတဲ့နေရာမှာ ကျွန်မတို့အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ဒီအခက်အခဲတွေကိုကြုံတွေ့ပြီးတော့မှပဲ ဒီဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖြစ်မြောက်လာတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း မြို့နယ်သူ မြို့နယ်သား အားလုံးကို ကျွန်မ အထူးကျေးဇူးတင်ပါတယ်။ ဒီဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးအတွက် ၂၀၁၅ ဗိုလ်ချုပ်ရာ ပြည့်ထဲက ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ဖို့အတွက် မြို့နယ်သူ မြို့နယ်သားတွေက ကျွန်မကိုလာပြီး တိုင်ပင်ခဲ့တာဖြစ် ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်မလွှတ်တော်ကိုယ်စားလှယ် မဖြစ်သေးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်အလုပ်အမှုဆောင်ဘ၀ပဲ ရှိပါသေးတယ်။ ဒီလို လာရောက်တိုင်ပင်တဲ့အတွက် အထူးပဲဝမ်းသာစွာနဲ့ ကျွန်မတတ် နိုင်တဲ့ဘက်က ကူညီပေးမယ်လို့ ကျွန်မကတိပေးခဲ့ပါတယ်။ တတ်နိုင်သလောက်လည်း လုပ်ဆောင်ခဲ့ပါတယ်” ဟု  ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်ပွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က ပြောကြားသည်။

   ဆက်လက်ပြီး ၎င်းက “ဗိုလ်ချုပ်ဆောင်ဆန်းလို ရိုးသားကြိုးစား သစ္စာရှိတဲ့ တိုင်းပြည် နဲ့ လူမျိုးအပေါ်မှာ အရမ်းကိုချစ်တဲ့ မျိုးချစ် ပုဂ္ဂိုလ်မျိုးတွေ လူငယ်လူရွယ်တွေမှာ ပေါ်ပေါက်လာစေဖို့အတွက် ဗိုလ်ချုပ်ကြေးရုပ် သွန်းလုပ်ရခြင်း ဖြစ်ပါတယ်။ တောင်ဥက္ကလာပ မြို့နယ်သူ မြို့နယ်သားတွေအနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ထားရှိခြင်းအားဖြင့် ပြည်သူပြည်သားတွေအနေနဲ့ ဗိုလ်ချုပ်ရဲ့တိုင်းပြည်ချစ်စိတ်၊ တိုင်းတစ်ပါးသားတွေ လက်အောက်ကနေပြီးတော့ နိုင်ငံ လွတ်လပ်ရေးရအောင်ကြိုးပမ်းမှုတွေကို နောင်လာနောက်သားတွေ စဉ်ဆက်မပျက်သိရှိနိုင်စေဖို့ ဗိုလ်ချုပ်ကြေးရုပ် ထုလုပ်ရခြင်းဖြစ်ပါတယ်။ ဒါဗိုလ်ချုပ်ရုပ်တု ထုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ပါ” ဟု ပြောကြားသည်။

အဆိုပါ သုမင်္ဂလာပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ဖြစ်သော ဗိုလ်ချုပ် အောင်ဆန်းနှစ် ၁၀၀ ပြည့်မွေးနေ့တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သွန်းလုပ်မည့်ကြေးရုပ်ကို အမြင့်ကိုးပေ၊ ကြေးပိဿာချိန် ၃၀၀ ဖြင့် ဗိုလ်ချုပ်အောင်ဆန်း အောင်ဆန်း အက်တလီ စာချုပ်ချုပ်ဆိုရန် အင်္ဂလန်သို့ ရောက်ရှိစဉ်က မှတ်တမ်းဓာတ်ပုံထဲမှ ပုံအတိုင်း သွန်းလုပ်ခဲ့ခြင်းဖြစ်ကာ ထားရှိမည့်မြေနေရာ လျှောက်ထားမှုကို ၂၀၁၆ ခုနှစ် ဇူလိုင် ၆ ရက် က စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းရုပ်တုကို  တောင်ဥက္ကလာပမြို့နယ်မှ မြို့နယ်သူ  မြို့နယ်သားများ၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေများဖြင့် သွန်းလုပ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီးကျပ် သိန်း ၁၃၀ ၀န်းကျင်ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။                           

Writer: 
သန့်ဇင်ကျော်