ပခုက္ကူမြို့အနီးရှိ ဧရာဝတီမြစ်ရေနှင့် ရေစကြိုမြို့အနီး ချင်းတွင်းမြစ်ရေ ဆက်လက်မြင့်တက်လာ၍ ရေ၀င်နစ်မြုပ်ဒေသ များလာပြီး ရေဘေးရှောင်သူ နှစ်သောင်းကျော်အထိ မြင့်တက်လာ

ရေစကြိုမြို့ ဂူကြီးကျောင်းတိုက်အတွင်းရှိ ရေဘေးရှောင်စခန်းမှ ရေဘေးရှောင် ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေနှင့် ရေစကြိုမြို့အနီး ချင်းတွင်းမြစ်ရေ ဇူလိုင် ၁၆ ရက်တွင် ဆက်လက်မြင့်တက် လာခြင်းကြောင့် ရေ၀င်နစ်မြုပ်ဒေသ များပြားလာပြီး ရေဘေးရှောင်သူ နှစ်သောင်းကျော်အထိ မြင့်တက်လာကြောင်း ဌာနဆိုင်ရာမှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ကျော်လွန်ရောက်ရှိ လာသည့်အတွက် ရေ၀င်နစ်မြုပ်ဒေသမှ ရေဘေးရှောင်သူ တစ်သောင်းကျော်သွားပြီး ကုန်းမြင့်များနှင့် ရေလွတ်ရာနေရာများသို့ ရှောင်ရှားသည့် အိမ်ထောင်စု ၂၈၇၄ စု၊ လူဦးရေ ၁၁၄၄၆ ဦးထိ ရောက်ရှိလာကြောင်း သိရ သည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ဇူလိုင် ၁၆ ရက် တိုင်းထွာချက်အရ ၂၁၇၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် ၂၁၅၀ အထက် ၂၈ စင်တီမီတာ ကျော်လွန် ရောက်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

“ရေက စတက်နေပါတယ်။ သို့ပေမဲ့ ရေတက်နည်းသွားပါတယ်။ အနိမ့်ပိုင်းက ရေ၀င်လို့ နေမဖြစ်တဲ့ အိမ်အနည်းငယ်လောက်ပဲ ဆက်ပြောင်းတာရှိတယ်။ အရင်ရက်တွေက ပြောင်းရွှေ့မှုအတိုင်း အိမ်ထောင်စု ၁၇၀ လောက် ပြောင်းထားရတယ်။ ရေဆက်တက် မလာဘူး ဆိုရင်တော့ အိမ်ထောင်စု တိုးမလာနိုင်ပါဘူး။ နောက်ထပ် တစ်ပေလောက်ထိ မြင့်လာမှသာ ပြောင်းတဲ့အိမ်ထောင်စု တိုးလာနိုင်ပါတယ်။ ရွှေ့ပြောင်းထားတဲ့ အိမ်ထောင်စုတွေကို နေထိုင်ရေး၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် နေအိမ်တွေနဲ့ အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်” ဟု ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်မှ ကိုထွန်းထွန်းက ဆိုသည်။

ရေစကြိုမြို့နယ်တွင်လည်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေ လျှံတက်မှုကြောင့် မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ကျေးရွာအများအပြား ရေ၀င်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု ၃၅၁၄ စု လူဦးရေ ၁၃၈၇၆ ဦး ရေလွတ်ရာ ကုန်းမြင့်များနှင့် ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။

“မြို့ပေါ်မှာတော့ ရေ၀င်နစ်မြုပ်တဲ့ အမှတ် (၁) ရပ်ကွက်က အိမ်ထောင်စု ၄၆၁ စု လူဦးရေ ၂၃၀၀ ကျော်ကို ရွှေ့ပြောင်းထားရတယ်။ အဲဒီအိမ်ထောင်စုတွေကိုတော့ လေးမျက်နှာဘုရားပေါ်မှာ ခေတ္တရွှေ့ထားပါတယ်။ အမှတ် (၈) ရပ်ကွက်ကတော့ ၆၃၅ အိမ် ထောင်စုရှိပါတယ်။ သူတို့ကို ဂူကြီးကျောင်းတိုက်ဆီ ရွှေ့ပေးထားပါတယ်။ ယာယီတဲတွေလည်း ဆောက်ပေးထားပါတယ်။ လူဦးရေ ၅၅၀၀ ကျော်ပါလိမ့်မယ်။ မနှစ်ကလောက်တော့ များလာစရာ မရှိဘူးလို့ သုံးသပ်ပါတယ်။ မနှစ်က ရေ၀င်နစ်မြုပ်တဲ့ အမှတ် (၄)၊ (၆) တို့မှာ မြေသားတွေ မြှင့်ထားတဲ့အတွက် အဲဒီရပ်ကွက်တွေမှာ ရေ၀င်တာတွေ မရှိပါဘူး။ ကျေးရွာခြောက်ရွာမှ ရေ၀င်တယ်။ လူဦးရေ ၃၀၀၀ ကျော်လောက်ကို ရေလွတ်တဲ့နေရာတွေဆီမှာ ထားပေးထားပါတယ်” ဟု ရေစကြို မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဌေးအောင်က ပြောကြားသည်။

ရေစကြိုမြို့နယ် ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ကျေးရွာလေးရွာနှင့် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ကျေးရွာတစ်ရွာတွင် ရေမြုပ်ကမ်းပြိုကျမှု ဖြစ်ပေါ်နေပြီး အိမ်ခြေ ၁၂၆ လုံး ရွှေ့ပြောင်းထားရကြောင်း ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဌေးအောင်က ပြောကြားသည်။

မြစ်ရေဆက်တိုက် မြင့်တက်မှုကြောင့် ရေစကြို၊ ပခုက္ကူ၊ ချောက်၊ စလင်း၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူး၊ မကွေးမြို့နယ်များအတွင်း စာသင်ကျောင်း ၁၄၁ ကျောင်း ပိတ်ထားရပြီး ရေစကြိုမြို့နယ်တွင် စာသင်ကျောင်းများ အများဆုံး ပိတ်ထားရပြီး စုစုပေါင်း ၆၉ ကျောင်း ပိတ်ထားရကြောင်း သိရသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ လာမည့် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် နှစ်လက်မခန့် ဆက်လက် မြင့်တက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

 

Writer: 
သက်ထိန်ဝင်း