ရေးမြို့နယ် အဘော်ကျေးရွာအုပ်စု ၀ယ်ဇင်ကျေးရွာတွင် ဥပါသောဖားများ စားမိ၍ နှစ်ဦးသေဆုံးပြီး နှစ်ဦးအရေးပေါ် ဆေးကုသမှု ခံယူနေရ

မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျေးရွာအုပ်စု ၀ယ်ဇင်ကျေးရွာတွင် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ခြံလုပ်သားလေးဦး ဥပါသော ဖားများစားမိ၍ ဟုဆိုကာ နှစ်ဦးသေဆုံးပြီး နှစ်ဦးမှာ ရေးမြို့ပြည်သူ့ဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

သေဆုံးသွားသူ နှစ်ဦးမှာ အဘော်ကျေးရွာနေ မောင်ဝင်းဦး (၁၈ နှစ်) နှင့် မောင်ဇော်မင်းဦး (၁၉ နှစ်) တို့ဖြစ်ကြောင်း၊ မောင်စိုက်ချမ်း (၂၄ နှစ်) နှင့် ကိုရင်လေး (ခ) အောင်မြင့်လေး တို့နှစ်ဦးမှာ ရေးမြို့ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း အဘော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း၏ ပြောကြားချက်အရ သိရသည်။

“အဘော်ကျေးရွာအုပ်စု ၀ယ်ဇင်ကျေးရွာကခြံမှာ ခြံလုပ်သား လေးဦးက ဖားတွေရိုက်ပြီး စားကြတယ်။ ဖားထဲက ဥတွေပါစား မိကြတယ်လို့ သိရတယ်။ လေးယောက်မှာ နှစ်ယောက်ကတော့ ဆုံးသွားတယ်။ ကျန်နှစ်ယောက်ကိုတော့ ရေးဆေးရုံကို တင်ပို့ထားပါတယ်” ဟု အဘော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက ပြောကြားသည်။

“လောလောဆယ်မှာတော့ အစာအဆိပ်သင့်တယ်လို့ပဲ သုံးသပ်ထားပါတယ်။ လူနာတွေကို မေးမြန်းချက်အရ ဖားဥစားတယ်လို့တော့ သိရတယ်။ ဘယ်လိုအဆိပ်မျိုးတော့ မသိသေးပါဘူး။ လူနာတွေရဲ့ ဖြစ်နေတဲ့ အနေအထားအပေါ် မူတည်ပြီး ဆေးကုသမှုတွေ ဆောင်ရွက်နေပါတယ်။ သေသွားတဲ့ နှစ်ဦးကတော့ နှလုံးခုန်နှုန်းနှေးပြီး ဆုံးသွားတာ ဖြစ်ပါတယ်။ အခုကုသဆဲ နှစ်ဦးကတော့ သွေးပေါင်ချိန်က ပုံမှန်ဖြစ်ပြီး နှလုံးကို ထိန်းနိုင်တဲ့ ဆေးပေးထားပါတယ်။ လူနာတွေရဲ့ အခြေအနေကိုတော့ စောင့်ကြည့်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ အခုလို အဖြစ်အပျက်မျိုးကိုတော့ မကြုံဖူးပါဘူး” ဟု ရေးမြို့ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ဥပါသောဖားများစားမိ၍ သေဆုံးသွားသူ နှစ်ဦး၏ အစာအိမ်အရည်အား အောက်မြန်မာပြည် ဓာတုဗေဒ၀န်ရုံးသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။           

Writer: 
ဘိုဘိုမြင့်