စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် သီးနှံစုံစိုက်ခင်း ဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီး

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကနီမြို့နယ်အတွင်းရှိ ပဲတီစိမ်းစိုက်ခင်းများ ရေနစ်မြုပ်နေသည်ကို ဇူလိုင် ၈ ရက်က တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် မေ၊ ဇွန်နှင့် ဇူလိုင်လများအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုတို့ ကြောင့် သီးနှံစုံစိုက်ခင်းဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မေ၊ ဇွန်နှင့် ဇူလိုင်လများတွင်  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သီးနှံစုံစိုက်ခင်းဧက ၁၅၀၀ မှာ ရေမြုပ်၊ ထိခိုက်၊ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ယင်းမာပင်ခရိုင်၊ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်တို့တွင် သီးနှံစုံစိုက်ခင်းဧက ၁၀၀၀ ကျော် ရေမြုပ်၊ ထိခိုက်၊ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

“ချင်းတွင်းမြစ်ရေကြီးတဲ့ ကလေးခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်၊ ယင်းမာပင်ခရိုင်တွေမှာ သီးနှံစုံစိုက်ခင်းတွေ ပျက်စီးတာရှိတယ်။ ထိခိုက်တာလည်းရှိတယ်။ ရေနစ်မြုပ်တာလည်းရှိတယ်။ တခြားမြို့နယ်တွေက ပျက်စီးမှု အခြေအနေကတော့ စာရင်းကောက်ခိုင်းဆဲ ဖြစ်ပါတယ်။ တိုင်းစိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့ ပျက်စီးသွားတဲ့ စိုက်ခင်းဧကတွေကို စာရင်းကောက်ယူပြီး ထောက်ပံ့ငွေ ပေးအပ်နိုင်ရေး အတွက်ရယ်၊ ပျက်စီးသွားတဲ့ မိုးစပါးစိုက်ခင်းတွေ အချိန်မီ အစားထိုးပြန်လည် စိုက်ပျိုးနိုင်ဖို့ အရန်မျိုးစပါး တင်း ၅၀၀၀ ကိုလည်း စုဆောင်းထားရှိသွားမှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦးက ပြောကြားသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် သီးနှံစုံစိုက်ခင်း ၂၁၂၈ ဧက ရေနစ်မြုပ်ခဲ့ပြီး ၁၆၅၅ ဧက ထိခိုက်ခဲ့ကာ ၁၀၇၂ ဧက ပျက်စီးခဲ့ကြောင်း မေ၊ ဇွန်နှင့် ဇူလိုင်လများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း၌ သီးနှံစုံစိုက်ခင်း ၁၉၆၆၁ ဧက ရေနစ်မြုပ်ခဲ့ပြီး ၂၆၁၀၆ ဧက ထိခိုက်ခဲ့ကာ ၁၅၀၀၄ ဧက ပျက်စီးခဲ့ကြောင်း၊ စုစုပေါင်း သီးနှံစိုက်ခင်း ၁၆၀၇၆ ဧက ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် ယင်းမာပင်ခရိုင်၊ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအ၀င် မြို့နယ် ၁၃ မြို့နယ်တို့တွင် စိုက်ပျိုးထားသည့် နွေစပါး ၁၇၄၁ ဧက၊ နွေနှမ်း ၁၀၈၀၁ ဧက၊ မိုးကြိုပဲတီစိမ်း ၁၅၁၀ ဧက၊ မိုးနှမ်း ၇၈၈ ဧက၊ မြေပဲ ၃၄ ဧက၊ နေကြာ ၁၅ ဧက၊ ပဲစင်းငုံ ၈ ဧက၊ အခြား ရာသီသီးနှံ ၃၄ ဧက၊ မိုးစပါး ၂၃ ဧက၊ မိုးစပါးစိုက်ခင်း ၅၄ ဧက၊ မတ်ပဲ ၁၀၁၀ ဧက၊ မိုးပဲတီစိမ်း ၅၈ ဧက စုစုပေါင်း ၁၆၀၇၆ ဧက ပျက်စီးမှုဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မြို့နယ်အချို့တွင် ချင်းတွင်းမြစ်ရေ ကျဆင်းလာမှု ရှိနေသော်လည်း အောက်ပိုင်းရှိ မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်နေ၍ ရေဘေးဒုက္ခသည်အများစုမှာ လက်လုပ်လက်စားများ ဖြစ်သည့်အတွက် ချင်းတွင်းမြစ်ရေ ရက်ရှည်ကြီးမှုကြောင့် နေထိုင်စရာနှင့် စားစရာများ ခက်ခဲလာကြောင်း သတင်းရရှိသည်။

ထို့ပြင် မုံရွာမြို့တစ်ဖက်ကမ်းရှိ ညောင်ပင်ကြီးကျေးရွာနှင့် ဆားလင်းကြီးမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းလည်း ရေကျော်နေပြီး ချင်းတွင်းမြစ်ရေ ၀င်ရောက်နေသည့် ကျေးရွာအချို့ရှိ ရေဘေးဒုက္ခသည် အများစုမှာ နေ့စဉ် စားဝတ်နေရေးအတွက် ခက်ခဲမှုများလည်း ရှိလာကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးဒုက္ခသည် တစ်သောင်းခွဲကျော် ရှိနေပြီး စာသင်ကျောင်း ၂၀၀ နီးပါးလည်း ရက်သတ္တနှစ်ပတ် ကြာသည်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် မြို့နယ်အချို့တွင် သီးနှံစိုက်ခင်းဧက တစ်သောင်းခွဲကျော် ရေနစ်မြုပ်ခဲ့ပြီး ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

Writer: 
ကောင်းခန့်လင်း(မုံရွာ)