လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေး လမ်းမတော်မြို့နယ်မှ တရုတ်သံရုံးရှေ့သို့ လမ်းလျှောက်ဆန္ဒပြ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေး ရန်ကုန်မြို့ အလုံလမ်းပေါ်တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ဉာဏ်ဝင်းရှိန်)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန်အတွက် တက်ကြွလှုပ်ရှားသူ ၁၀၀ ခန့်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှ ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့သို့ ဇူလိုင် ၁၅ ရက် ညနေပိုင်းက လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် မြစ်ဆုံစီမံကိန်း ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒပြသူများသည် ‘လူသတ်မြေသိမ်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ကျွန်ဇာတ်သွင်းမည့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး၊ ပြည်သူကို ထိခိုက်စေတဲ့ စီမံကိန်းများ ဖျက်သိမ်းပေးရေး၊ ၀မ်ပေါင် ထွက်သွား’ စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လမ်းမတော်မြို့နယ် စံပြရုပ်ရှင်ရုံရှေ့မှ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းနှင့် အလုံလမ်းထောင့်ရှိ တရုတ်သံရုံးရှေ့သို့ လမ်းလျှောက်ကြွေးကြော် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

သို့သော် ဆန္ဒပြသူများသည် တရုတ်သံရုံးရှိရာ ပြည်ထောင်စုရိပ်သာလမ်းသို့ ၀င်ခွင့်မရဘဲ လုံခြုံရေးရဲတပ်ဖွဲ့များက အတားအဆီးများဖြင့် ပိတ်ပင်ထားသည့်အတွက် အလုံလမ်းပေါ်တွင်သာ ဆန္ဒပြခဲ့ကြရသည်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေး ရန်ကုန်မြို့ အလုံလမ်းပေါ်တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)

“ပြောင်းလဲချိန်တန်ပြီလို့ ပြောပေမယ့် ဒီနေ့ သံရုံးရှေ့ကို ပိတ်ထားတာက အရင်အတိုင်းပဲ။ ဒီတော့ ဘာမှမပြောင်းလဲဘူးလို့ပဲ ဆိုရမယ်။ အစိုးရက ဘာလုပ်ပေးမလဲလို့ ကျွန်မတို့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။ ဒါနဲ့ ပတ်သက်လို့ ကျွန်မတို့ ရန်ကုန်မှာရှိတဲ့ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆောင်ရွက်တဲ့သူတွေ အနေနဲ့ တစ်နှစ်ကျော်ကြာ ကာလမှာ အခုမှ ပထမဆုံး အနေနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ တစ်နှစ်ကျော် ကာလမှာ ပြည်သူနဲ့အတူဆိုတဲ့ အစိုးရကို ဘာလုပ်ပေးမလဲဆိုပြီး စောင့်မျှော်ခဲ့ကြတယ်။ ဒီနေ့အထိ ကျွန်မတို့ စောင့်မျှော်ခဲ့တဲ့ အရာတွေက မျှော်လင့်သလို ဖြစ်မလာဘူး။ အစိုးရဘက်မှာ အခက်အခဲရှိတယ် ဆိုတာမျိုးကို ကျွန်မတို့ သိထားပေမယ့်လည်း လူထုနစ်နာတာကို အမြန်ဆုံး ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါက ကျွန်မတို့ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးမှသာလျှင် လူထုတင်တဲ့ အစိုးရရဲ့ တာဝန်ကျေမယ်လို့ ကျွန်မ ပြောချင်ပါတယ်။ ဒါကြောင့် လက်ရှိ ကျွန်မတို့ပြည်သူတွေ အနေနဲ့ လက်ရှိစီမံကိန်း နှစ်ခုပေါ့။ မြစ်ဆုံစီမံကိန်းရယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရယ် ဖျက်သိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း အစိုးရက တာဝန်ကျေစွာ လုပ်ဆောင်ပေးဖို့ ကျွန်မတို့ တောင်းဆိုချင်ပါတယ်” ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် မြစ်ဆုံစီမံကိန်း ဆန့်ကျင်လှုပ်ရှားသူ ဒေါ်နော်အုန်းလှက ပြောကြားသည်။

“အခုဆို တောင်တွေကလည်း ကုန်ပြီ။ ဒေသခံတွေကလည်း စီမံကိန်းက စွန့်ထုတ်လိုက်တဲ့ အဆိပ်ရှိတဲ့ ရေတွေ ချိုးနေရတယ်။ သောက်မိတဲ့ တိရစ္ဆာန်တွေက သေကုန်ပြီ။ ဒီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ မြေယာတွေ အသိမ်းခံရသလို အသတ်ခံရခဲ့ရတယ်။ ဒီလို လူသတ်မြေသိမ်း စီမံကိန်းကို အလိုမရှိဘူး။ ဖျက်သိမ်းပေးဖို့အတွက် ကျွန်တော်တို့ အနေနဲ့ ဒီနေ့ တရုတ်သံရုံးရှေ့မှာလာပြီး ဆန္ဒပြတာ ဖြစ်တယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက ပြောကြားသည်။

Writer: 
ဉာဏ်ဝင်းရှိန်