ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၈ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး အိမ်ထောင်စု ရာနှင့်ချီ ရေလွတ်ရာသို့ ရွှေ့ပြောင်းနေရ

ရွှေချောင်းကျွန်းကျေးရွာအတွင်း ဧရာဝတီမြစ်ရေ ၀င်ရာက်နေစဉ်

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ ဇူလိုင် ၁၅ ရက်တွင် စိုးရိမ်ရေအမှတ်အထက် ၁၈ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး ရေ၀င်နစ်မြုပ်နေရာများမှ ဒေသခံ အိမ်ထောင်စု ရာနှင့်ချီ ရေလွတ်ရာသို့ ဆက်လက်ရွှေ့ပြောင်းနေကြောင်း သိရသည်။

မြစ်ရေ၀င်ရောက်မှုကြောင့် နေထိုင်ရေး အဆင်မပြေမှုများ ကြုံတွေ့နေရသည့် ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်မှ အိမ်ထောင်စု ၂၀၀ နီးပါး ရေလွတ်ရာ ကုန်းမြင့်များဆီသို့ ရွှေ့ပြောင်းလျက်ရှိပြီး မြစ်ကမ်းနံဘေး ကျေးရွာများမှ ဒေသခံများလည်း ဆက်လက်ရွှေ့ပြောင်းမှု ပြုလုပ်နေကြောင်း သိရသည်။

ကျွန်းမြေများတွင် နေထိုင်သည့် ဒေသခံများမှာ ကျေးရွာအတွင်း မြစ်ရေလေးပေခန့်ထိ နစ်မြုပ်လာသည့်အတွက် နေအိမ်အပေါ်ထပ်များသို့ ရွှေ့ပြောင်းနေထိုင်နေကြပြီး တစ်ပေခန့် မြစ်ရေဆက်လက်မြင့်တက်လာပါက မြို့ပေါ်သို့ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“ရေလယ်ကျွန်းကျေးရွာတွေကတော့ မပြောင်းကြသေးဘူး။ ကျွန်တော်တို့ ပခုက္ကူကျွန်းဆိုရင် ရွာထဲမှာ လေးပေလောက် မြုပ်နေပြီ။ အပေါ်ထပ်မှာ နေမှဖြစ်လို့  အပေါ်ထပ် ပြောင်းနေတယ်။ မြို့ရွှေ့တဲ့သူ မရှိသေးဘူး။ ဒါပေမဲ့ နောက်ထပ်တစ်ပေလောက် တက်လာရင်တော့ ရွှေ့ကြမယ်။ အိမ်တွေကိုလည်း ဒီအတိုင်းထားခဲ့လို့ မဖြစ်ဘူး။ ရေဆက်တက်လို့ ရွှေ့ရရင်တော့ အိမ်စောင့်တော့ ထားခဲ့ရမှာ။ ရေကြီးချိန်အိမ်မှာ လူမနေရင် အိမ်အမိုးတို့ သစ်သားတို့ ဖြုတ်ခိုးတာတွေ ရှိတယ်” ဟု ပခုက္ကူကျွန်းကျေးရွာမှ ဦးမျိုးမြင့်က ပြောကြားသည်။

မြစ်ကမ်းနံဘေးကျေးရွာများရှိ ဒေသခံများမှာလည်း မြို့ပေါ်ရှိ ပွဲရုံလုပ်ငန်းများသို့ လာရောက်လုပ်ကိုင်ရန် အဆင်မပြေတော့သည့်အတွက် ရေလွတ်ရာ ကားလမ်းမဘေးများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး လုပ်ငန်းသုံး ခိုင်းနွားများ နာမကျန်းမှု မဖြစ်စေရန် ကုန်းမြင့်များဆီသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။

“ကျွန်းညိုရွာသစ်မှာ ရေက ခါးလောက်ရှိတယ်။ ထပ်တက်ရင်တော့ ပြောင်းမယ့်သူ များလာမယ်။ ပွဲရုံလုပ်သားတွေကတော့ သွားလာရေး ခက်တော့ ကားလမ်းဘေးတွေ ပြောင်းကြပြီ။ ရွာကနေ ယာယီပြောင်းတဲ့ အိမ်ထောင်စု ၅၀ လောက်တော့ ရှိပြီ။ နွားရှိတဲ့သူတွေကတော့ နွားစာတွေသယ်ပြီး ရေတက်ကတည်းက ပြောင်းကြပြီ” ဟု ကျွန်းညိုရွာသစ်မှ ကိုဝင်းဆွေက ပြောကြားသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ဇူလိုင် ၁၅ ရက် တိုင်းထွာချက်အရ ၂၁၆၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအထက် ၁၈ စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပခုက္ကူမြို့နယ်အတွင်း မြစ်ကမ်းနံဘေး ကျေးရွာများမှ ဒေသခံများ ရေဘေးရှောင်ရှားနိုင်ရန်အတွက် ပခုက္ကူမြို့နယ်၊ ဥယျာဉ်ကျေးရွာ အနီးတွင် ရေဘေးရှောင်စခန်း ဖွင့်လှစ်ထားပြီး အဆိုပါရေဘေးရှောင်စခန်းသို့ ရွှေ့ပြောင်းနေထိုင်သူ များပြားလာကြောင်း သိရသည်။

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်လည်း ချင်းတွင်းမြစ်ရေ ၀င်ရောက်မှုကြောင့် ကျေးရွာအချို့တွင် ကမ်းပြိုမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ရေဘေးရှောင်စခန်းများ ရွှေ့ပြောင်းသူ အိမ်ထောင်စု ၄၀၀ ကျော်အထိ မြင့်တက်လာကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာမှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

မြစ်ရေဆက်တိုက်မြင့်တက်မှုကြောင့် ရေစကြို၊ ပခုက္ကူ၊ ချောက်၊ စလင်း၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူး၊ မကွေးမြို့နယ်များ အတွင်း စာသင်ကျောင်း ၁၂၉ ကျောင်းပိတ်ထားရပြီး ရေစကြိုမြို့နယ်တွင် စာသင်ကျောင်းများ အများဆုံး ပိတ်ထားရပြီး စုစုပေါင်း ၅၈ ကျောင်းပိတ်ထားရကြောင်း သိရသည်။

Writer: 
သက်ထိန်ဝင်း (ပခုက္ကူ)