တစ်ဦးအပေါ်တစ်ဦး မေတ္တာထား၍ စိတ်ချမ်းသာအောင်လုပ်ဆောင်ကြရန် ၇၂ နှစ်ပြည့်မွေးနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့အထိမ်းအမှတ်စကား ပြောကြား

တစ်ဦးအပေါ်တစ်ဦး မေတ္တာထား၍ စိတ်ချမ်းသာအောင် လုပ်ဆောင်ကြရန် ၇၂ နှစ်ပြည့်မွေးနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့အထိမ်းအမှတ်စကား ပြောကြားသည်။
ဇွန် ၁၉ ရက်က လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင် (I-12) တွင်ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“အားလုံးကနေပြီးတော့ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာထားပြီးတော့ စိတ်ချမ်းသာအောင် လုပ်ကြပါလို့ ဒါပဲခပ်တိုတို ပြောချင်တယ်။ နောက်ဆုံးကျတော့ လူတိုင်းလူတိုင်းက စိတ်ချမ်းချမ်းသာသာပဲ နေချင်ကြတာပဲလေ။ အဲဒီတော့ ကိုယ်စိတ်ချမ်းသာချင်သလို သူများတွေ စိတ်ချမ်းသာအောင်လည်း ၀ိုင်းပြီးတော့လုပ်ကြပေါ့။ မီဒီယာတွေအပါအ၀င်။ အားလုံးကျန်းမာချမ်းသာကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံတော်သမ္မတကတော် ဒေါ်စုစုလွင်၊ အခြားတာဝန်ရှိပုဂ္ဂိုလ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ၀န်ထမ်းများ တက်ရောက်ခဲ့ကြသည်။

“တိုင်းပြည်နဲ့လူမျိုးအတွက် ဒီထက်မက ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်နိုင်ပါစေ။ ငြိမ်းချမ်းရေးကိုလည်း အောင်မြင်မှုရရှိအောင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နိုင်ပါစေ။ နိုင်ငံသားအားလုံးလည်း ကျန်းမာချမ်းသာပြီးတော့ ကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေ” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့အတူ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက “အန်တီက အခုလုပ်နေတဲ့ကိစ္စတွေဟာ အမှန်အတိုင်းပြောရရင် မြန်မာပြည်မှာရှိနေတဲ့ အရေးကြီးဆုံးလုပ်တဲ့ကိစ္စတွေဖြစ်တဲ့ ငြိမ်းချမ်းရေးပေါ့။ ဒါတင်မကပါဘူး။ အမျိုးသားဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေ။ ပြည်သူတွေအားလုံးကနေပြီးတော့ မဲနဲ့ရွေးချယ်ထားတဲ့ အစိုးရကို ဦးဆောင်နေတဲ့အတွက် ပြည်သူအားလုံးရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကအစ အကုန်လုံးတိုးတက်ဖို့ လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအတွက်လုပ်နိုင်အောင်လို့ ကျန်းမာရေးကအစ၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ သဒ္ဒါ၊ သီလ၊ သုခ၊ စာဂ စတဲ့သူတော်ကောင်းတရား ခုနစ်ပါးကို ဖြည့်ဆည်းပြီးတော့ အမြဲတမ်းအများအတွက် အကျိုးဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ဆုတောင်းစကားပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါမွေးနေ့ပွဲသို့ လွှတ်တော်ရှိ အထွေထွေအလုပ်သမား ၀န်ထမ်းများကိုပါ တက်ရောက်စေခဲ့ပြီး တက်ရောက်လာသူများနှင့် အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ ထမင်းနှင့် မွေးနေ့ကိတ်များ ဝေငှခြင်းများ ပြုလုပ်ခဲ့သည်။

Writer: 
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်