နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားများ နိုင်ငံအနှံ့တွင်ကျင်းပ

မင်းဘူးမြို့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

ဇွန် ၁၉ ရက်တွင် ကျရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ကျင်းပခဲ့ကြပြီး မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ စတုဒိသာကျွေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့်မွေးနေ့ နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင် (I-12) တွင်ပြုလုပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့်မွေးနေ့ကို ဇွန် ၁၉ ရက်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင် (I-12) တွင်ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံတော်သမ္မတကတော် ဒေါ်စုစုလွင်၊ အခြားတာဝန်ရှိပုဂ္ဂိုလ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ၀န်ထမ်းများ တက်ရောက်ခဲ့ကြသည်။

“အားလုံးကနေပြီးတော့ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာထားပြီးတော့ စိတ်ချမ်းသာအောင်လုပ်ကြပါလို့ ဒါပဲခပ်တိုတိုပြောချင်တယ်။ နောက်ဆုံးကျတော့ လူတိုင်းလူတိုင်းက စိတ်ချမ်းချမ်းသာသာပဲ နေချင်ကြတာပဲလေ။ အဲဒီတော့ ကိုယ်စိတ်ချမ်းသာချင်သလို သူများတွေ စိတ်ချမ်းသာအောင်လည်း ၀ိုင်းပြီးတော့လုပ်ကြပေါ့။ မီဒီယာတွေအပါအ၀င်။ အားလုံး ကျန်းမာချမ်းသာကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့အထိမ်းအမှတ်စကား ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ပွဲသို့ လွှတ်တော်ရှိ အထွေထွေအလုပ်သမား ၀န်ထမ်းများကိုပါ တက်ရောက်စေခဲ့ပြီး တက်ရောက်လာသူများနှင့် အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ ထမင်းနှင့် မွေးနေ့ကိတ်များ ဝေငှခြင်းများ ပြုလုပ်ခဲ့သည်။

နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင်ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလူငယ်များလည်း ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အတူ ပုဗ္ဗသီရိမြို့နယ်တွင် သစ်ပင်စိုက်ပျိုးခြင်း၊ ဇမ္ဗူသီရိမြို့နယ်တွင် စတုဒိသာကျွေးမွေးခြင်း တို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မနက်ပိုင်းကတော့ ခုတင် ၁၀၀၀ ဆေးရုံမှာ သွေးလှူဒါန်းပွဲလုပ်တယ်။ ခန့်မှန်းခြေ လူ ၁၂၀ ကျော်လောက် လှူပါတယ်။ ကယန်းတိုင်းရင်းသားအဖွဲ့ကလည်း အမေ့ကိုချစ်တဲ့စိတ်နဲ့ အားဖြည့်ပြီးလာလှူပါတယ်။ ဇမ္ဗူသီရိမြို့နယ် (NLD) ရုံးမှာတော့ မုန့်ဟင်းခါးကျွေးပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုရုံးချုပ်တွင် ပြုလုပ်

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်၌ ကျင်းပသော မွေးနေ့ပွဲအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-ချမ်းဝေစိုး)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုရုံးချုပ်တွင် ဇွန် ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မွေးနေ့ပွဲ အထိမ်းအမှတ်အခမ်းအနားသို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ NLD ပါတီလွှတ်တော် ကိုယ်စားလှယ်များနှင့် NLD ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းခြင်းနှင့် မွေးနေ့ကိတ်ခွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က “အမေစုရဲ့မွေးနေ့မှာ အမေစုအကြားချင်ဆုံးကတော့ မြန်မာပြည်ဟာ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီးတော့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ ဘ၀လုံခြုံမှုနဲ့ လွတ်လပ်မှုရှိတဲ့ အချိန်တွေကို အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီအမေစုရဲ့မွေးနေ့ကို အဓိကအားဖြင့်တော့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်အလုပ်အမှုဆောင်တွေ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ နောက်ကျွန်တော်တို့အဖွဲ့ချုပ်မှာရှိတဲ့ လုပ်ငန်းဌာနတွေဖြစ်တဲ့ အမျိုးသမီးလုပ်ငန်းအဖွဲ့၊ လူငယ်လုပ်ငန်းအဖွဲ့ နောက်ကျန်းမာရေးဆေးခန်းအဖွဲ့ ကျွန်တော်တို့ ရုံးလုပ်ငန်းအဖွဲ့ လုပ်ငန်းအားလုံးက အမေစုမွေးနေ့ပွဲ စည်စည်ကားကားဖြစ်အောင် အားလုံးဝိုင်းဝန်းပြီးလုပ်ခဲ့တယ်။ ပြည်သူတွေရဲ့ ထောက်ပံ့မှု၊ ပါဝင်လှူဒါန်းမှုတွေကြောင့်လည်း မွေးနေ့ဟာ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ဖြစ်တာပါ” ဟုပြောကြားသည်။

အဆိုပါ အခမ်းအနားမကျင်းပမီ နံနက်အစောပိုင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုရုံးချုပ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ၊ အအေးနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

“ကျွန်မက ဗဟိုလူငယ်မှာ ဘဏ္ဍာရေးမှူးပေါ့နော် အဲဒီတော့ ကျွန်မတို့ဗဟိုလူငယ်ကနေ ဆွမ်းဆန်စိမ်းလောင်းတဲ့ အခါမှာလည်းပါတယ်။ အဲဒါကြောင့် ဒီမွေးနေ့ပွဲကို ဆွမ်းဆန်စိမ်းလောင်းရင်းနဲ့ လာတက်တာပါ။ အမေစုလည်း အသက်ရာကျော်ရှည်ပါစေ။ အမေကျန်းမာပါစေ။ နောက်အမေနဲ့အတူ တစ်နိုင်ငံလုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အမြန်ဆုံးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု မွေးနေ့ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပခုက္ကူမဲဆန္ဒနယ် အမှတ် (၂) မှဒေါ်ဇင်နီနီဝင်းက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ဖြင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အသစ်တွင် စုပေါင်းသစ်ပင်စိုက်ပျိုး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်အတွင်းရှိ အသစ်တည်ဆောက်ထားသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ (ဇွန် ၁၉ ရက်) နံနက် ၈ နာရီတွင် စတင်စိုက်ပျိုးခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ပျိုးဥယျာဉ် လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ခေါင်းဆောင်ကြီး အသက်ရှည်ဖို့၊ ကျန်းမာဖို့အတွက် ဆုတောင်းတဲ့အနေနဲ့ သစ်ပင်စိုက်ပျိုးခြင်းဖြစ်ပါတယ်။ ပန်းမန်အဖွဲ့က လိုအပ်တဲ့အပင် ၃၀၀ နီးပါးကို လှူပါတယ်။ စိုက်ပျိုးတဲ့နေရာမှာ ပန်းမန်အဖွဲ့ သူတို့ဆီက လမ်းညွန့်မှုယူပြီး စိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ဆို ကွက်ကျားဖြစ်ရင်ဖြစ်မှာပေါ့။ သူတို့ကနားလည်တော့ ဘယ်အပင်ကိုတော့ ဘယ်နားလေးစိုက်သင့်တဲ့ဆိုပြီး အပင်တွေရွေးပေးတယ်” ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားသည်။

မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်အတွင်းရှိ အသစ်တည်ဆောက်ထားသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ဖြင့် အာဆီယံသပြေပင် ၁၅၀ ပင်ဝန်းကျင်၊ ယင်မာပင် ၂၀ ပင်၊ စကားဖြူ နှစ်ပင်၊ ကံ့ကော်ပင်၊ ခရေပင်တစ်ပင်စီနှင့် လမ်းလျှောက်ကြာအပင် ၁၀၀ ပင်တို့ကိုစိုက်ပျိုးခဲ့ကြောင်း ပျိုးဥယျာဉ် လုပ်ငန်းရှင်များအသင်းမှ ဦးကိုကိုက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းချီပြပွဲနှင့်​ သမိုင်းမှတ်​တမ်းဓာတ်ပုံပြပွဲကျင်းပ

မန္တလေးမြို့ မင်္ဂလာမန္တလေး၌ ပြုလုပ်သော ပန်းချီပြပွဲနှင့် သမိုင်းမှတ်တမ်း ဓာတ်ပုံပြပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)

မန္တလေးမြို့ မင်္ဂလာမန္တလေးရှိ ‘သီရိ’ ပန်းချီအနုပညာပြခန်းနှင့် Art Street လမ်းတစ်လျှောက်တွင် ဇွန် ၁၉ ရက်နံနက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းချီပြပွဲ၊ သမိုင်းမှတ်​တမ်းဓာတ်ပုံပြပွဲ၊ တိုင်းရင်းသား အကပဒေသာပြပွဲများ ကျင်းပခဲ့သည်။

အဆိုပါပြပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ပြီး မွေးနေ့ကိတ်ခွဲပေးခဲ့ပြီး တိုင်းရင်းသားပေါင်းစုံမှ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း၊ ကဗျာဆရာများကလည်း မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုကဗျာများ ရွတ်ဆိုခဲ့ကြောင်း သိရသည်။

“အင်မတန်အဖိုးထိုက်တန်တဲ့ ရတနာတစ်ပါးအဖြစ် ကျွန်တော်တို့ဖခင် ဗိုလ်ချူပ်ကအမွေပေးခဲ့တဲ့ အမေကလက်ဆင့်ကမ်းပြီးတော့ တိုင်းပြည်ရဲ့တိုးတက်ရာ တိုးတက်ကြောင်း ငြိမ်းချမ်းဖို့ ဦးဆောင်ကြိုးပမ်းနေတာကို ကျွန်တော်တို့အားလုံးက ၀ိုင်းဝန်းအားပေး ထောက်ခံအားပေးကြတာ ကျေးဇူးပါ။ မွေးနေ့က နှစ်စဉ်ကျင်းပ ဖြစ်ခဲ့ပါတယ်။ ရည်ရွယ်ချက်က အမေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးဝိုင်းဝန်းပြီး မေတ္တာပို့ဆုတောင်းပေးကြတာပါ” ဟု မန္တလေးတိုင်း ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။

မင်းဘူးမြို့တွင်ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖွင့်ပွဲနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲသို့ ပြည်သူထောင်နှင့် ချီတက်ရောက်

အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်ဖွင့်ပွဲနှင့် ၎င်း၏သမီးနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ ပြည့်မွေးနေ့ပွဲကို ဇွန် ၁၉ ရက်နံနက်က မင်းဘူးမြို့တွင် ပြုလုပ်ခဲ့ရာ ပြည်သူထောင်နှင့် ချီတက်ရောက်အားပေးခဲ့ကြသည်။

“ဒီလိုဗိုလ်ချုပ် ကြေးရုပ်ထားရှိဖွင့်လှစ်ခြင်းက နိုင်ငံရေးအနှစ်သာရအားဖြင့်လည်း အင်မတန်အဓိပ္ပာယ်ရှိပါတယ်။ သမိုင်းမှတ်တမ်းကို ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။ နောင်လာနောက်သား၊ ကျောင်းသူ၊ ကျောင်းသားလူငယ်များပါမကျန် အားလုံးအတုယူသင့် အတုယူထိုက်တဲ့ ပုဂ္ဂိုလ်ကြီးကို အခုလိုဂုဏ်ပြုစိုက်ထူတာဖြစ်တဲ့အတွက် သမိုင်းအတွက် အင်မတန်ကိုအားကြီးတယ်။ နိုင်ငံ့အတွက် အင်မတန်အားကြီးတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်” ဟု မကွေးတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အဆိုပါအခမ်းအနား အမှတ်တရစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

မင်းဘူးမြို့မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက “ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ်ကို ဖွင့်နိုင်ဖို့ကြိုးပမ်းရတဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေ အားလုံးကိုလွတ်လပ်ရေး ဗိသုကာကြီးဖြစ်တဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ အောင်ဆန်းစိတ်ဓာတ်၊ အောင်ဆန်းအသိ၊ အောင်ဆန်းလို ကျင့်ကြံနေထိုင်နိုင်တဲ့ စိတ်မျိုးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထွန်းကားလာစေချင်တဲ့ စိတ်စေတနာနဲ့ ကြိုးစားပြီးဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်။ အောင်ဆန်းစိတ်ဓာတ်မျိုးတွေဖြစ်မှလည်း ကျွန်တော်တို့နိုင်ငံကြီးက တကယ်ကိုဖွံ့ဖြိုးလာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကတော့ နိုင်ငံနဲ့အ၀န်းမှာ အောင်ဆန်းရဲ့ ကြိုးပမ်းအားထုတ်မှုမျိုးနဲ့ မျိုးဆက်သစ်လူငယ်တွေကနေပြီးတော့ အချိန်နဲ့တစ်ပြေးညီ ဒီနိုင်ငံကြီးကို ကယ်တင်သွားနိုင်ဖို့ဆိုပြီးတော့ ရည်ရွယ်ခဲ့ပါတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့အထိမ်းအမှတ်အဖြစ် လားရှိုးမြို့တွင် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၉ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရေကန်တောင်တွင် ပြုလုပ်သည်။

သစ်ပင်စိုက်ပျိုးပွဲသို့  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လားရှိုးမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ၊ သစ်ပင်ချစ်မြတ်နိုးသူများ တက်ရောက်ကာ တပျော်တပါး သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ခြင်း၊ ကာတွန်းပြပွဲနှင့် ကျွေးမွေးလှူဒါန်းပွဲများ ပြည်မြို့တွင်ပြုလုပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ခြင်း၊ ကာတွန်းပြပွဲနှင့် ကျွေးမွေးလှူဒါန်းပွဲများကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့တွင် စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားများကို ဇွန် ၁၉ ရက်နံနက်ပိုင်းက ပြည်မြို့ကမ်းနားလမ်း၊ ဘိုးဘွားရိပ်သာ၊ ပြည်နည်းပညာတက္ကသိုလ်တို့တွင် အရိပ်ရနှစ်ရှည်သစ်ပင် ၁၃၄၄ ပင်စိုက်ပျိုးခြင်း၊ မူယာပင်ခန်းမတွင် ကာတွန်းပြပွဲနှင့် ဓာတ်ပုံပြပွဲ၊ ပြုလုပ်ခြင်း၊ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ တက်ရောက်လာသူများကို နံနက်စာမုန့်များ ကျွေးမွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

“ကိုယ်ကျိုးစွန့်လုပ်တဲ့သူတွေဟာ အရှည်သဖြင့် ဂုဏ်ပြုခံရတယ်ဆိုတာကို နောက်မျိုးဆက်သစ်လူငယ်တွေ သိအောင်လုပ်ခြင်းဖြစ်ပါတယ်။ ကမ္ဘာကလေးစား အသိအမှတ်ပြုတဲ့ ခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် တစ်ယောက်ကို သူရဲ့နိုင်ငံအတွက် ပေးဆပ်ခဲ့ရမှု ဒီမိုကရေစီအတွက် ကိုယ်ကျိုးစွန့်ကြိုးပမ်းမှုတွေကြောင့် ဂုဏ်ပြုတာပါ” ဟု ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။ အထိမ်းအမှတ်ပွဲများကို ညဦးပိုင်းတွင်လည်း ရွှေဆံတော်ဘုရားတွင် ဆီမီးထွန်းဆုတောင်းခြင်း၊ ဂုဏ်ပြုတေးသီချင်းများကို သီဆိုခြင်းများကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“အမေစုမွေးနေ့မှာ ကျွန်တော်က ဘာပြောချင်လဲဆိုတော့ ပြည်သူလူထုအားလုံး ပြည်က ကိုညာဏရေးထားတဲ့ ကာတွန်လေး အမေစုချည်းပဲ အားကိုးနေလို့မရဘူး ကိုယ်ပိုင်ဥာဏ်နဲ့ အတွေးအခေါ်လေးတွေနဲ့ တိုင်းပြည်တိုးတက်အောင် ကိုယ့်ပတ်ဝန်းကျင်၊ မိသားစုတိုးတက်အောင်လုပ်ရမယ် အမေစုခိုင်းမှ အမေစုပြောမှလုပ်တာ အမေအမေနဲ့ အားကိုးနေလို့ရတော့တဲ့ အနေအထားမဟုတ်ဘူး။ ဘက်စုံပညာရှင်တွေ ကာတွန်းတွေကအစ တစ်နိုင်ငံလုံးမှာရှိတဲ့ ၀န်ထမ်းတွေကအစ သူများကိုယ်ချည်း အားကိုးမနေပါနဲ့တော့ ကိုယ်ထူကိုယ်ထ ဥာဏ်စွမ်းနဲ့လုပ်မှ ဆက်ကိုဆက်ပြီး တိုးတက်လာမယ်။ ကျွန်တော်တို့အတွက်မဟုတ်ဘူး နောက်မျိုးဆက်တွေအတွက် အမေကိုယ်ပဲအားကိုးမယ် အမေအမေဆိုပြီး အမေပြောမှ ခိုင်းမှလုပ်မယ်ဆိုတဲ့ဟာတွေကို ဖယ်ဖျောက်ပစ်ဖို့ ကျွန်တော်တောင်းဆိုချင်ပါတယ်” ဟု ကာတွန်းဆရာ ကိုကာဠုက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့ ပဲခူးအကျဉ်းထောင်မှ အကျဉ်းသားများအား ထမင်းကျွေးအလှူဒါနပြုလုပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့မှ ဇွန် ၁၉ ရက်နံနက်ပိုင်းက ပဲခူးအကျဉ်းထောင်သို့ သွားရောက်ကာ အကျဉ်းသားများအား ထမင်းကျွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

“မွေးနေ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းသားတွေကို ထမင်းသွားကျွေးတာပါ၊ ၈ နာရီကျော်လောက်က သွားကျွေးတာ။ ပဲခူးမြို့နယ်ကတော့ ပထမအာရုံဆွမ်းကပ်တယ်။ အာရုံဆွမ်းကပ်ပြီးတော့မှ အကျဉ်းထောင်ကို ၀န်ကြီးချုပ်နဲ့အဖွဲ့က သွားပြီးတော့ အကျဉ်းသားတွေကို ထမင်းသွားလှူတာပေါ့၊ သူတို့က ပဲခူးမြို့နယ် NLD နဲ့ပူးပေါင်းပြီးတော့ ၀န်ကြီးချုပ်ကနေပြီးတော့ သွားကျွေးတာ” ဟု ပဲခူးတိုင်းဒေသကြီး NLD ဥက္ကဋ္ဌဦးသိန်းဒန်က ပြောကြားသည်။

“ဘုန်းကြီးကျောင်းကတော့ သာမဏေကျော်ကျောင်းပေါ့နော်၊ စာသင်ကျောင်း နှစ်ကျောင်းရှိတယ်။ ကျောင်းကြီးတော့မဟုတ်ဘူး။ ကျွန်တော်တို့ ရွှေမောဓောဘုရား မြောက်ဘက်မုခ်က သာမဏေကျော်ကျောင်းပေါ့။ အဲဒီကျောင်းမှာ အာရုံဆွမ်းကပ်တာပေါ့၊ NLD ပဲခူးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကလုပ်တာ။ အာရုံဆွမ်းကတော့ ၀န်ကြီးချုပ်ကမပါဘူး။ တိုင်းရင်းသားဝန်ကြီး နော်ပွယ်စေးနဲ့ လျှပ်စစ်နဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနဲ့ပေါ့။ သူတို့ကတော့ ရွှေမော်ဓောဘုရားအင်္ဂါထောင့်မှာ ဆွမ်းတွေ၊ သစ်သီးတွေကပ်ပြီးတော့ ဆုတောင်းပွဲလုပ်တယ်။ အဲဒီမှာတော့ ကျွန်တော်တက်တယ်။ အကျဉ်းထောင်ဘက်တော့ ကျွန်တော်မရောက်ဘူး။ အာရုံဆွမ်းကပ်ပြီးတော့မှ အကျဉ်းထောင်ကိုသွားတာ၊ အဲဒီကျမှဝန်ကြီးချုပ်က လာတာပါ” ဟု ဦးသိန်းဒန်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်၏ ၇၂ မြောက် မွေးနေ့အထိန်းအမှတ်အဖြစ် ပဲခူးမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့နှင့် တိုင်းဒေသကြီးဝန်ကြီးနှစ်ဦးတို့မှ ဇွန် ၁၉ ရက် နံနက် ၆ နာရီခန့်တွင် ပဲခူးရွှေမော်ဓောမြောက်ဘက် သာမဏေကျော်ကျောင်းတိုက်၌ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ရွှေမော်ဓောဘုရားအင်္ဂါထောင့်၌ သစ်သီးဆွမ်းကပ်လှူခြင်း၊ ဆုတောင်းခြင်းတို့ ပြုလုပ်ခဲ့ကြပြီး နံနက် ၈ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့ ရောက်ရှိလာကာ ပဲခူးအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၀၀ ကျော်အား ထမင်းနှင့်ဟင်းများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မိန့်ခွန်းပြောပြိုင်ပွဲကို မြိတ်မြို့တွင်ကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မိန့်ခွန်းပြောပြိုင်ပွဲကို မြိတ်မြို့တွင် ဇွန် ၁၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်ကို မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သလို မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များ၊ ကျေးရွာများတွင်လည်း အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့နယ်တွင် သစ်ပင်စိုက်ပွဲများ ပြုလုပ်ခဲ့သလို ကျွန်းစုမြို့နယ်တွင်လည်း ဆိပ်ခံဗောတံတားတစ်ခုကို မွေးနေ့အထိမ်းအမှတ်အဖြစ် လုပ်ငန်းရှင်များက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ မြိတ်မြို့ရှိ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းများကို ကျောင်းသူလေးများက ပြန်လည်ပြောကြားသည့် မိန်းခွန်းပြောပြိုင်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိန့်ခွန်းပြောပြိုင်ပွဲအပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဟန်ပန်များ၊ မိန့်ခွန်းပြောဟန်များ၊ ၀တ်စားဆင်ယင်မှုပုံစံများကိုပါ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ပြိုင်ပွဲသို့ ကျောင်းသူ ၁၈ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာလို မိန့်ခွန်းပြောကာ ပြိုင်ပွဲဝင်သူ ၂၄ ဦးနှင့် အင်္ဂလိပ်လိုပြောကာ ပြိုင်ပွဲဝင်သူလေးဦးရှိခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ထွေးက ပြောကြားသည်။