ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်နည်းရခြင်းမှာ မသမာမှု နည်းပါးခြင်းကြောင့်ဖြစ်ကာ ကျူရှင်ပြသခြင်းကို ပိတ်ပင်ထားကြောင်း ပြည်နယ်ပညာရေးမှူး ပြောကြား

ရခိုင်ပြည်နယ် တက္ကသိုလ်စာမေးပွဲ အောင်ချက်နည်းရခြင်းမှာ မသမာမှုနည်းပါးလာခြင်းကြောင့်ဖြစ်ကာ ကျောင်းသားများ အနေဖြင့် မသမာစွာဖြေဆိုရန် ကြိုးစားခဲ့သော်လည်း အခန်းစောင့် ဆရာ၊ ဆရာမများက မသမာသော စာရွက်များကို သိမ်ဆည်းခဲ့သည့်အတွက် အောင်ချက်ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ကျောင်းမှ ဆရာ၊ ဆရာမများအား ကျူရှင်ပြသခြင်းကို ပိတ်ပင်ထားကြောင်း၊ ထိုသို့ကျူရှင်ပြသခြင်း မပြုလုပ်ရဟု ကတိခံဝန်ချက်များ ထိုးထားကြောင်း ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။

“အောင်ချက်နည်းတာက မသမာတဲ့နည်းနဲ့ ဖြေလို့ရနိုင်မယ်ထင်ပြီး ကျောင်းသားတွေက စာမဖတ်ခဲ့ဘူး။ အဲဒါကြောင့် အောင်ချက်နည်းပါးခဲ့ရခြင်း ဖြစ်တယ်။ အခုဆိုရင် မသမာတဲ့နည်းဟာ ၉၅ ရာခိုင်နှုန်းလောက်ကို ကင်းစင်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီနှစ်မှာဆိုရင်တော့ မသမာတဲ့နည်းနဲ့ဖြေလို့ မရမှန်းသိရတော့မှ ကျောင်းသားတွေ ပိုပြီးစာကျက်လာမှာဖြစ်တယ်။ အောင်ချက်လည်း ကောင်းလာမှာဖြစ်တယ်လို့ ပြောချင်တယ်။ အခုဆိုရင် ကျူရှင်မပြဖို့အတွက် ကျောင်းမှာသင်ကြားပို့ချပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ကတိခံဝန် ထိုးခိုင်းထားပါတယ်၊ အောင်ချက်ကောင်းအောင် အတွက်လည်း ကျွန်တော်တို့ အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်နေပါတယ်။ ကျောင်းသားတွေရဲ့ အရည်အချင်းအလိုက် အုပ်စုခွဲပြီး ပြသသွားမှာ ဖြစ်ပါတယ်၊ စီမံချက်တွေ ရေးဆွဲနေပြီ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးစီမံ ဦးစိန်ထွန်းလှက ပြောကြားသည်။

ယခုနှစ်အတွင်း ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းစားမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ တိုင်းနှင့်ပြည်နယ် ၁၄ ခုအတွင်း အနိမ့်ဆုံးနေရာတွင် ရှိခဲ့ပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၆ ဦး ပေါ်ထွန်းခဲ့ကြောင်း၊ ဖြေဆိုသူပေါင်း ၃၈၄၄၀ ဦးရှိသည့်အနက် အောင်မြင်သာဦးရေမှာ ၆၅၉၈ ဦးသာ ရှိခဲ့သည်။

“ကျောင်းသားတွေကို လိုအပ်ရင် အချိန်ပိုသင်ကြားပေးမယ့် အစီအစဉ်လည်းရှိတယ်။ ပြီးတော့ ဘာသာရပ်အလိုက် ကထိကတွေကို ဖိတ်ကြားပြီး မွမ်းမံသင်တန်းတွေ ပို့ချပေးသွားမှာဖြစ်တယ်။ ကျူရှင်မသင်ရဘူး ဆိုရင်တော့ ကျောင်းသားတွေ စာကြိုးစားပြီး ကျောင်းမှာလည်း စာကောင်းကောင်း သင်ယူနိုင်မှာ ဖြစ်ပါတယ်။ အဓိက,ကတော့ စာမေးပွဲဖြေဆိုတဲ့အခါမှာ မသမာမှုတွေ လုံးဝကင်းစင်သွားရေးအတွက် လုပ်ဆောင်နေပါတယ်၊ နောက်နှစ်ဆိုရင် အောင်ချက်ကောင်းလာအောင် လုပ်ဆောင်နေပါပြီ” ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထို့ပြင် ကျောင်းများတွင် ကျောင်းသားများနှင့် ကျောင်းသားမိဘများထံမှ မည်သည့် အကြောင်းကြောင့်မှ ငွေကြေးကောက်ခံခြင်း မပြုရန် အမိန့်စာထုတ်ထားကြောင်းလည်း သိရှိရပြီး စည်းကမ်းဖောက်ဖျက်ပါက အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။ 

Writer: 
သန်းလှိုင် (စစ်တွေ)