ချမ်းမြသာစည်မြို့နယ် နေအိမ်တစ်အိမ်ရှိ မီးခံသေတ္တာအလုံးလိုက်နှင့် ကားခိုးယူမှုဖြစ်စဉ်မှ ကျူးလွန်သူကိုးဦးကို ဖမ်းဆီးရမိပြီး အခြားဖောက်ထွင်းမှုများကိုလည်း ကျူးလွန်ထားကြောင်း စစ်ဆေးပေါ်ပေါက်

ဖောက်ထွင်းမှုကျူးလွန်သူများအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် နေအိမ်တစ်အိမ်ရှိ ကားနှင့်မီးခံသေတ္တာအလုံးလိုက် ခိုးယူခံရမှုဖြစ်စဉ်မှ ကျူးလွန်သူကိုးဦးကို ဖမ်းဆီးရမိပြီး အခြားဖောက်ထွင်းမှုများကိုလည်း ကျူးလွန်ထားသည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ခိုးယူခံရမှုဖြစ်စဉ်မှကားအား ဗန်းမော်မြို့တွင် ရောက်ရှိနေကြောင်း သတင်းရရှိရာမှတစ်ဆင့် ဖောက်ထွင်းမှုတွင် ပါဝင်သောသူများကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ရှစ်ဦးဖမ်းမိထားပါပြီ။ ပစ္စည်းတွေနဲ့လက်ဝယ်ရှိတဲ့သူ နောက်ဆုံးတစ်ဦးကို ဒီနေ့ (ဇွန် ၁၉ ရက်) ပဲဖမ်းမိပါတယ်။ နှစ်ယောက်ကလွဲလို့ အကုန်လုံး ၁၇ နှစ်၊ ၁၉ နှစ်အရွယ်တွေချည်း ဖြစ်ပါတယ်။ ဗန်းမော်မှာ ကားကိုခြေရာခံမိရာကတဆင့် ဖမ်းမိတပါ။ တခြားဖောက်ထွင်းမှု ကျူးလွန်ထားတာတွေလည်း ပေါ်ပေါက်ပါတယ်။ ဒုမြို့တော်ဝန်ရဲ့အစ်မ အိမ်ဖောက်ထွင်းမှုလည်း သူတို့ထဲကပဲ ကျူးလွန်ထားတာပါ” ဟု ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်က ပြောကြားခဲ့သည်။

ဖောက်ထွင်းမှု ကျူးလွန်ရာတွင်ပါဝင်ခဲ့သူများ၊ ကားအားတစ်ဆင့်ပြန်လည်ရောင်းချရန် ဆောင်ရွက်ခဲ့သူများ၊ ခိုးရာပါရွှေထည်ပစ္စည်းများ ရောင်းချရန် ဆောင်ရွက်ခဲ့သူများ စသည့်ကိုးဦးကို ဖမ်းဆီးရမိထားကာ ပြီးခဲ့သည့် လပိုင်းအတွင်းက မန္တလေးဒုတိယမြို့တော်ဝန် ဦးရဲမွန်၏ အစ်မဖြစ်သူ နေအိမ်ဖောက်ထွင်းခံရမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ဖောက်ထွင်းခံခဲ့ရသည့် နေအိမ်ပိုင်ရှင်မှာ ရမည်းသင်းမြို့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ အမှုဆောင်ဒါရိုက် ကိုသူရဇော်ဖြစ်ကြောင်းသိရပြီး ယင်းအိမ်ကိုဖောက်ထွင်းစဉ်က ရွှေဖြတ်သည့်ကတ်တာဖြင့်ဖြတ်၍ ၀င်ရောက်ခဲ့ကာ မီးခံသေတ္တာကို အလုံးလိုက်သယ်ဆောင်ကာ ကာလတန်ဖိုးငွေ ကျပ်သိန်းငါးရာခန့်ရှိ Toyota Vangard 2009 ကိုမောင်းနှင်ခိုးယူခဲ့ကြောင်း၊ အိမ်အတွင်းထားရှိသည့် စီစီတီဗွီမှတ်တမ်းကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါဖောက်ထွင်းမှုတွင် ပါဝင်ခဲ့သည့် သူအချို့သည် ရတနာပုံတက္ကသိုလ်မှ ပညာသင်ကြားဆဲ ကျောင်းသားများပါဝင်ကြောင်းသိရပြီး ယင်းတို့နေထိုင်သည့်အဆောင်သို့ ၀င်ရောက်ရှာဖွေရာ ယမ်းမှုန့်တစ်ပိသာခန့်ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖောက်ထွင်းမှုတွင် ပါဝင်ခဲ့ကြသူများမှာ ကိုကိုအောင် (၃၄ နှစ်)၊ မင်းသုခ (၁၈ နှစ်)၊ တိုးဝေအောင် (၁၇နှစ်)၊ ဟိန်းမင်းအောင် (၁၇ နှစ်)၊ ပြည့်ဖြိုး (၁၇ နှစ်)၊ ဆန်းထွန်းနိုင် (၁၉ နှစ်)၊ သီဟနိုင် (၁၇ နှစ်)၊ နေထက်အောင် (၁၉နှစ်)နှင့် ရန်ရန် (၂၄ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

Writer: 
ယဉ်မျိုးသွယ်