ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားတောင်ဘက် ဆာဘိုးသာခြံပိုင်ရှင်နှင့် ယင်းခြံအတွင်းနေထိုင်သူ ရပ်မိရပ်ဖများ တွေ့ဆုံညှိနှိုင်း

ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရားတောင်ဘက်ရပ်ကွက် ဆာဘိုးသာခြံပိုင်ရှင်နှင့်  ယင်းခြံအတွင်း နေထိုင်သူများသည် ဇွန် ၁၈ ရက်က ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်၏ ပြောကြားချက်အရ သိရသည်။

“သူတို့အရင် စာရင်းကောက်တဲ့ ဘုန်းကြီးကျောင်းမှာ တွေ့တာပါ။ သူဌေးကနေ ညှိတာပေါ့။ လိုအပ်တာတွေကို အကြမ်းအတမ်း မတောင်းကြဘဲ နားလည်မှုနဲ့ ညှိမယ်ဆိုရင် အားလုံးအဆင်ပြေမှာပါ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလည်း အားလုံးသဘောတူရင် ပြေပြေလည်လည်ဖြစ်သွားရင် ကောင်းသွားမှာပါလို့။ ရပ်မိရပ်ဖတွေနဲ့ နေတဲ့သူတွေနဲ့ ပိုမိုပြီးတော့ မတောင်းကြနဲ့ပေါ့။ ထိုက်သင့်သလောက်တော့ ရမှာပေါ့။ သူဌေးနဲ့ ရပ်မိရပ်ဖတွေ တွေ့ကြတာပါ။ နေတဲ့သူတွေက အဓိကပေါ့။ လောလောဆယ်တော့ ညှိရုံပဲရှိသေးတယ်။ သူဌေးကိုယ်တိုင်ကလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ထားတယ်ဆိုတဲ့အကြောင်း ဘယ်လိုလုပ်မယ် ဆိုတာပါမှာပေါ့” ဟု ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောကြားသည်။

“ကျွန်တော်တို့ ဘာမှပြောခွင့်မရှိသေးပါဘူး။ ပြန်အကြောင်းကြားပေပါမယ်”ဆာဘိုးသာခြံပိုင်ရှင်ဖြစ်သူ ဦးကျော်ပိုင်က ပြောကြားသည်။

ဆာဘိုးသာခြံအတွင်းနေထိုင်သူများသည် နှစ်ပေါင်း ၁၀၀ ကျော်ကြာအောင် ဆွေစဉ်မျိုးဆက် နေထိုင်သူများဖြစ်ကြောင်း၊ အင်္ဂလိပ်လက်ထက်ကတည်းက သူဌေးကြီးဆာဘိုးသာက ၎င်း၏ လုပ်ဖော်ကိုင်ဖက် ၁၄ ဦးအား ၎င်းပိုင် ခြံမြေနေရာတွင် နေထိုင်ရန်ပေးခဲ့ကြောင်း၊ ယင်း ၁၄ ဦး၏ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဇွန် ၁၂ ရက်က ဆရာစံ အနောက်မြောက်နဲ့ ငါးထပ်ကြီးတောင်ဘက်မှာ ကျူးကျော်စာရင်း ကောက်ပါတယ်။ ဆရာစံ အနောက်မြောက်ဘက်မှာ စာရင်းကောက်တဲ့အခါမှာ လူဆယ်ဂဏန်းလောက်ပဲ လာစာရင်းပေးတယ်။ အဲဒီနေရာမှာ ၉၇၁ ခုက ကျူးစာရင်း ၀င်နေတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကျူးမဟုတ်တဲ့အတွက်ကြောင့် နေတာကလည်းကြာပြီ။ ခေတ်အဆက်ဆက် အစိုးရလက်ထက်ကတည်းက သူတို့ကိုလည်း ကျူးလို့ မသတ်မှတ်ဘူး။ အဲဒီမှာပဲ နေခဲ့ကြတယ်။ အခုမှစပြီး စာရင်းကောက်တယ်ဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာရင်းတင်လိုက်တယ်။ အဲ့ဒီ စာရင်းကပါလာပြီးတော့ အခုအစိုးရလက်ထက်မှာ လာကောက်ရတယ်။ အဲ့ဒါကြောင့် သူတို့က ၀န်ကြီးချုပ်ကို ကျူးမဟုတ်ဘူးဆိုတဲ့အကြောင်း မြေအကွက်နံပါတ်တွေနဲ့ မြေခွန်တွေ မြေဖိုးတွေ သွင်းထားတယ်ဆိုတာ သူတို့မှာ အထောက်အထားတွေ ရှိပါတယ်ဆိုတဲ့ အကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို စာတင်မယ်ဆိုတဲ့ အကြောင်း ပြောပါတယ်။ နောက်တစ်ခုက ငါးထပ်ကြီးတောင်ဘက်မှာဆိုရင် ဆာဘိုးသာခြံမှာ ၃၇၃ လုံး ရှိတဲ့ အထဲမှာ နှစ်ခုပဲလာတယ်။ ကျန်တဲ့ ၃၇၁ ခု က သူဌေးပိုင်နယ်မြေ ဖြစ်တဲ့အတွက်ကြောင့် ကျူးမဟုတ်ဘူးဆိုပြီး လာပြီးစာရင်းမသွင်းကြဘူး” ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောကြားသည်။

ထို့ပြင် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား တောင်ဘက်ရပ်ကွက်၊ ဆာဘိုးသာခြံအတွင်း နေထိုင်သူများသည် အင်္ဂလိပ်လက်ထက်ထဲကတည်းက နေထိုင်လာကြသူများဖြစ်ပြီး ကျူးကျော်နေထိုင်သူများမဟုတ်ကြောင်း အဆိုပါ ခြံထဲတွင် နေထိုင်သည့်  ဦးတင်အောင်လင်းက ပြောကြားသည်။     

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်းများကောက်ခံနေသည့်စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေသန စီမံကိန်း၊ ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူရေးစီမံချက်ဖြင့်၂၀၁၆ စက်တင်ဘာမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ သာကေတ၊ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ဒဂုံဆိပ်ကမ်း၊ မရမ်းကုန်း စသည့်မြို့နယ်များတွင် ကျူးကျော်စာရင်းများ ကောက်ခံပြီး စီးခဲ့ပြီးဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ခံနေသည့်အဖွဲ့များထံမှ သိရသည်။

ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုများအား သက်သေခံကတ်ပြားများ ထုတ်ပေးရာတွင် အမှန်တကယ် ကျူးကျော်နေထိုင်သူများကို စိစစ်ပြီး အိမ်ထောင်စုအလိုက် ဓာတပုံရိုက်ခြင်း၊ လက်ဗွေနှိပ်ခြင်း စသည်တို့ အဆင့်ဆင့်ပြုလုပ်ကာ အထောက်အထား ကတ်ပြား ထုတ်ပေးခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်း ကောက်ယူရန် မြို့နယ် ၁၃ မြို့နယ် သတ်မှတ်ထားပြီး အဆိုပါ ၁၃ မြို့နယ်တွင်  စာရင်းများ ကောက်ယူပြီးစီးပါက အခြားမြို့နယ်များတွင်လည်း ကျူးကျော်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Writer: 
ထက်ရှိုင်း