သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချမည့် ဆန္ဒပြပွဲ နေပြည်တော်တွင် ယနေ့ ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာက အင်အား ၃၀၀ သာ ခွင့်ပြုထား

ရန်ကုန်မြို့မှ နေပြည်တော်သို့ ထွက်ခွာမည့် ဆန္ဒပြမည့်သူများအား ရန်ကုန်မြို့ အမှတ် (၃) လမ်းမပေါ်တွင် မေ ၁၉ ရက်က တွေ့ရစဉ်

နေပြည်တော်တွင် မေ ၂၀ ရက် (ယနေ့) ၌ ပြုလုပ်မည့် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချမည့် ဆန္ဒပြပွဲသို့ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တောင်ကြီး စသည့်နယ်များမှ ရဟန်းရှင်လူပုဂ္ဂိုလ် သုံးသောင်းကျော် တက်ရောက်မည်ဟု တင်ပြထားသော်လည်း သက်ဆိုင်ရာက အင်အား ၃၀၀ သာ ခွင့်ပြုခဲ့ကြောင်း သိရသည်။

မေ ၁၉ ရက် ညနေ ၄ နာရီတွင် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်၊ ဦးဥာဏောဘာသ ကျောင်း၌ ပြုလုပ်သည့် လတ်တလော ဖြစ်ပွားလျက်ရှိသော မြန်မာပြည်လုံးဆိုင်ရာ အမျိုးသားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အထက်မြန်မာပြည် အမျိုးသားရေး အင်အားစုများ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို မေ ၂၀ ရက်တွင် ဆရာတော် သံဃာတော်များ၊ အထက်မြန်မာပြည် အမျိုးသားရေး အင်အားစုများ စုပေါင်း၍ လူဦးရေ နှစ်သောင်းဖြင့် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာကွင်းတွင် နံနက် ၁၀ နာရီကစ၍ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း သိရသည်။

မေ ၂၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာကွင်းတွင် ပြုလုပ်မည့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချမည့် ဆန္ဒပြပွဲအတွက် မေ ၁၆ ရက်ကတည်းက ခွင့်ပြုမိန့်ရရှိပြီးဖြစ်ကာ နယ်အသီးသီးမှ ဆန္ဒထုတ်ဖော်သူများမှာ မေ ၁၉ ရက်တွင် စတင်ထွက်ခွာကြမည် ဖြစ်ကြောင်း၊ မေ ၁၉ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ယခုပြုလုပ်မည့် ကန့်ကွက်ရှုတ်ချပွဲကို အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးသည့် ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်များဖြင့် စုပေါင်းကျင်းပခြင်း ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်လှုပ်ရှားသူ မန္တလေး မဘသ သတင်းပြန်ကြားရေး ဦးတေဇောဘာသ (၀ီရအောင်ဆန်း) က မိန့်ကြားသည်။

တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်ခြင်းနှင့် ဗုဒ္ဓသာသနာအတွက် မြန်မာတစ်နိုင်ငံလုံးမှ မခံမရပ်နိုင်သည့် ဗုဒ္ဓဘာသာဝင် ပြည်သူများက စုပေါင်းကန့်ကွက်ကြမည်ဖြစ်၍ ဘာသာ၊ သာသနာချစ်သည့် ဗုဒ္ဓဘာသာဝင် ပြည်သူများ ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ကြောင်း၊ ကိုယ်တိုင်ဗုဒ္ဓဘာသာဝင်၊ သာသနာရေး ၀န်ကြီးဖြစ်ပြီး ဘာသာ၊ သာသနာနှင့် ရဟန်းသံဃာတို့ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါလျက် ကာကွယ်စောင့်ရှောက်ခြင်း မရှိသည့်အပြင် သာသနာနှင့် ရဟန်းသံဃာတို့ကို စော်ကားသူဘက်မှ ရပ်တည် ကာကွယ်ပေးနေသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးအား ရာထူးမှ နုတ်ထွက်ပေးရေး စုပေါင်းတောင်းဆိုကြပါစို့ ဆိုသည့် စာသားများအား ချီတက်မည့် စစ်ကြောင်းများ၏ ဆိုင်းဘုတ်များတွင် ဖော်ပြမည်ဖြစ်ကြောင်း သိရသည်။

သူရဦးအောင်ကိုအား ကန့်ကွက်မည့် ဆန္ဒထုတ်ဖော်ပွဲ၌ ဦးဇန္ဒိတ၊ ဦးအေးမင်းထွန်း၊ ဦးအေးပိုင် (အမျိုးသားရေး လှုပ်ရှားသူ)၊ ဦးလှဆွေ (ဘူးလက်) တို့ ဟောပြောမည်ဖြစ်ပြီး အဆိုပါ ခွင့်ပြုမိန့်အား ဦးကျော်မျိုးသက်က လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီ ဥတ္တရခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး သတင်းထုတ်ပြန်ချက်ကမူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၀-၅-၂၀၁၇) ရက်နေ့၌ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုရန် မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း (ရန်ကုန်) မှ ဦးကျော်မျိုးသက်က လျှောက်ထားခဲ့ကြောင်း၊ ဦးကျော်မျိုးသက်က ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုရန် လျှောက်ထားရာတွင် ယင်းသို့ ပုဒ်မ ၄ (စ) အရ တင်ပြရမည့် ညှိနှိုင်းသဘောတူညီချက် မပါရှိသဖြင့် ၎င်း၏အသိပေး တင်ပြချက်သည် ဥပဒေပါ လိုအပ်ချက်နှင့် ညီညွတ်မှု မရှိသည်ကို တွေ့ရှိရကြောင်း၊ တင်ပြလျှောက်ထားသူများနှင့် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ် မေ ၁၈ ရက် ၁၃း၀၀ နာရီတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး ရန်ကုန်နှင့် မန္တလေးတို့ဘက်မှ ၀င်ရောက်မည့် လမ်းကြောင်းများ သတ်မှတ်ပေးခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းပြုလုပ်မည့် ကြာမြင့်ချိန်ကို ၂ နာရီထက် မပိုစေရန် သဘောတူခဲ့ကြကြောင်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ရာတွင် အသုံးပြုမည့် ပိုစတာ၊ ဆိုင်းဘုတ်နှင့် ကြွေးကြော်သံစာသားများကို သဘောတူခဲ့ကြောင်း၊ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် အပိုဒ် (၂) ပါ အခြေအနေများအရ ငြိမ်းချမ်းစွာ စုဝေးမည့် အင်အားကို ၃၀၀ ခန့်ဖြင့် ဆောင်ရွက်ရန် ညှိနှိုင်းခဲ့သော်လည်း ဦးကျော်မျိုးသက်နှင့် အဖွဲ့က အင်အား ၁၅၀၀၀ ခန့်စုဝေးခွင့်ပြုရန် တောင်းဆိုပြီး ၎င်းတို့က ဆက်လက်ဆွေးနွေး ညှိနှိုင်းခြင်း မပြုသဖြင့် စုဝေးမည့် လူအင်အားနှင့် စပ်လျဉ်း၍ နှစ်ဖက်သဘောတူညီမှု မရရှိခဲ့ကြောင်း မေ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယခုဆန္ဒထုတ်ဖော်ပွဲသည် NLD အစိုးရ လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးအဆင့်အား ပထမဆုံးပြသမည့် ဆန္ဒထုတ်ဖော်ပွဲဖြစ်ပြီး မေ ၁၁ ရက်ကလည်း မန္တလေးမြို့တွင် မန္တလေးတိုင်းဒေသကြီး လယ်ဆည်ဝန်ကြီး ဒေါက်တာစိုးသန်းအား မြေနုကျွန်း အငြင်းပွား တောင်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Writer: 
မင်းမင်းစိုး၊ မင်းလတ်