တရုတ်နိုင်ငံနယ်စပ်တွင် မြန်မာငွေစက္ကူအတု ထုတ်လုပ်နေသည်ဆိုသည့် သတင်းအား နိုင်ငံတော် ဗဟိုဘဏ်နှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့ စုံစမ်းနေ

တရုတ်နိုင်ငံ နယ်စပ်တွင် မြန်မာငွေစက္ကူအတု ထုတ်လုပ်နေသည်ဆိုသည့် သတင်းအား နိုင်ငံတော် ဗဟိုဘဏ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါသတင်းမှာ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသဖြင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း၊ ငွေစက္ကူအတု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

“တရုတ်ပြည်မှာ ငွေအတုလုပ်တယ်ဆိုတဲ့ သတင်းတွေ့တယ်။ ဟုတ်မဟုတ်ကိုတော့ အစ်ကိုတို့ စုံစမ်းနေတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ငွေစက္ကူအတု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြည်ထဲရေး ၀န်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ငွေစက္ကူအတု အမှုအခင်းများနှင့် ပတ်သက်ပြီး မည်သို့ကာကွယ်မည် ဆိုသည်ကို ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

လတ်တလော ဖမ်းဆီးရမိသည့် ငွေစက္ကူအတု ဖမ်းဆီးရမိမှု ဖြစ်စဉ်များမှာ ပြည်တွင်းဖမ်းဆီးရမိလျက်ရှိပြီး ပြည်သူများအနေဖြင့် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော သတင်းအချက်အလက်များကို စောင့်ကြည့် စေလိုကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ငါးထောင်တန်နှင့် တစ်သောင်းတန် အသစ်များကို လဲလှယ်ပေးလျက် ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အစ်ကိုတို့ဆီကို ပြန်ရောက်လာတဲ့ အဟောင်းတွေကို ပြန်သိမ်းတယ်။ အရမ်းဟောင်းနွမ်းတဲ့ ဟာတွေကို ပြန်ဖျက်ပစ်တယ်။ နောက်တစ်ခါ အစ်ကိုတို့ ပြန်သုံးနိုင်တဲ့ ဟာတွေဆို ပြန်ရွေးပြီးတော့ ဒီဇိုင်းအဟောင်းတွေကို ပြန်သိမ်းတာပေါ့။ အတုလုပ်လို့မရတဲ့ အသစ်တွေပေါ့။ အချက်အလက်တွေတော့ ရှိတာပေါ့။ သာမန်လူထု သိသင့်တဲ့ဟာတွေဆိုရင် အစ်ကိုတို့ ဗဟိုဘဏ်ဝက်ဘ်ဆိုက်မှာ တင်ပေးထားတယ်။ အတုအစစ်ကို ခွဲခြားနိုင်ဖို့ပေါ့” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

၂၀၁၇ ခုနှစ် မတ်လပိုင်းကလည်း မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ငါးထောင်တန်နှင့် တစ်သောင်းတန် ငွေစက္ကူအတုများကို ဖမ်းဆီးရမိခဲ့ပြီး တရားခံဖြစ်သူအား စုံစမ်းဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် သထုံမြို့ရှိ တိမ်ပြာတည်းခိုခန်းတွင် တည်းခိုနေသည့် လူတစ်ဦးထံမှလည်း ၅၀၀၀ ကျပ်တန် ငွေစက္ကူအတု များ မေ ၁၂ ရက်က ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် အမျိုးသားမှာ ၂၂ နှစ်အရွယ်ရှိ ပုဂ္ဂလိကဘဏ်တစ်ခုမှ ၀န်ထမ်းတစ်ဦးဖြစ်ကြောင်း သိရပြီး ၎င်းထံမှ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတု ၅၁ ရွက်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ငွေစက္ကူအတုများနှင့် ဖမ်းဆီးရမိခဲ့သော လူငယ်အား စစ်ဆေးရာတွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူအတုများအား Colour Printer ဖြင့် မိတ္တူကူးပြီး သုံးစွဲခဲ့ကြောင်း၊ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတု တစ်ရွက်ဖြင့် သထုံမြို့နယ် ကြာပန်းကျေးရွာရှိ သစ်သီးဆိုင် တစ်ဆိုင်တွင် စပျစ်သီး ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါ သစ်သီးရောင်းချသည့် ဈေးဆိုင်အား သွားရောက်ရှာဖွေရာ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု တစ်ရွက်အား ပြန်လည်တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Writer: 
ဇော်မင်းနိုင်