ကန့်ဘလူမြို့နယ် ပင့်သာရွာနှင့် ချပ်ကြီးရွာကြားတွင် အောင်ရတနာ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီး တစ်ဦးသေ၊ ၁၃ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ပင့်သာရွာနှင့် ချပ်ကြီးရွာအကြားတွင် မေလ ၁၉ ရက် နံနက် ၈ နာရီခန့်က အောင်ရတနာ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၁၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်မှာ မေလ ၁၉ ရက်နံနက် ၈ နာရီအချိန် ဝန်းသိုမှ ရွှေဘိုသို့ ယာဉ်မောင်း အေးကိုကို မောင်းနှင်လာသောပြီး ယာဉ်နောက်လိုက် ဝေမိုးနှင့် အောင်နိုင်စိုးတို့ လိုက်ပါလာသော ယာဉ်အမှတ် SGG 3M/---- အောင်ရတနာ မှန်လုံလိုင်းကားသည် ကျွန်းလှ-ကောလင်းကားလမ်း ကန့်ဘလူမြို့နယ် ပင့်သာရွာနှင့် ချပ်ကြီးရွာအကြား မိုင်တိုင်အမှတ် ၉/၀ နှင့် ၁ ကြားတွင်လမ်း၏ အနောက်ဘက်သို့ တိမ်းမှောက်သဖြင့် လိုက်ပါလာသည့် ခရီးသည်များအနက် ဒေါ်ခင်ကြိုင် (၇၄) ဘဦးကျော်ရန် ထန်းတပင်ဆိပ်ရွာ၊ တန့်ဆည်မြို့နယ် နေသူသည် သေဆုံးခဲ့ပြီး ခရီးသည် ၁၃ ဦး ပြင်းထန်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတင်ယုက ပြောကြားသည်။

ထို့ကြောင့် ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း အေးကိုကို(၂၈) ဘဦးခင်ဇော်ထွေး တင်းတိန်ရံကျေးရွာ၊ ရေဦးမြို့နယ် နေသူအား ကန့်ဘလူမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Writer: 
စိုးစံ (အင်းတော်)