အမြန်လမ်းတွင် ရှေ့မှမောင်းနေသော Express ယာဉ်အား နောက်မှမောင်းနှင်သော Express ယာဉ်က ၀င်တိုက်မိပြီး သံဃာတစ်ပါး အပါအ၀င် ခရီးသည် ၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၁ မိုင်အနီးတွင် မေ ၁၉ ရက် နံနက်အစောပိုင်းက ခရီးသည်များ တင်ဆောင်လျက် နေပြည်တော်မှ ရန်ကုန်ဘက်သို့ ရှေ့မှမောင်းနှင်လာသော စိန်ကမ္ဘာ-ငွေကမ္ဘာ Express ယာဉ်အား နောက်မှမောင်းနှင်သော ရွှေနတ်သား Express ယာဉ်မှ ၀င်တိုက်မှုဖြစ်ပွား၍ သံဃာတစ်ပါး အပါအ၀င် ခရီးသည် ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

“အိပ်ငိုက်ပြီးတော့ ရှေ့ကသွားနေတဲ့ကားကို နောက်ကကားက ၀င်ဆောင့်တာ၊ ထိခိုက်ဒဏ်ရာရတာက ဘုန်းဘုန်းက တစ်ပါး၊ကျားက ၅ ဦး၊ စုစုပေါင်း ၆ ဦး၊ မစိုးရိမ်ရပါဘူးခင်ဗျာ၊ သူတို့ကို ပဲခူးဆေးရုံကို ပို့လိုက်တယ်” ဟု ဘောနီအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၉ ရက်နံနက် ၂ နာရီခွဲခန့်က ဒိုက်ဦးမြို့နယ် ဘောနီအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်ပေါ်တွင် ခရီးသည်ကျား ၁၂ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၈ ဦး လိုက်ပါလာလျက် ယာဉ်မောင်း အောင်သူ (အသက်နေရပ်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ် 8L/-------ရွှေနတ်သား EXPRESS ဖြူစိမ်းကျားရောင် မော်တော်ယာဉ်မှာ အမြန်လမ်း မိုင်တိုင်အမှတ် ၅၁ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားသို့အရောက် ယာဉ်မောင်းအိပ်ငိုက်ရာမှ အရှိန်မထိန်းနိုင်ပဲ ခရီးသည် ၃၇ ဦးလိုက်ပါလျက် ရှေ့တွင်မောင်းနှင်နေသော ယာဉ်မောင်းဦးလှဝင်းအောင် ၄၈ နှစ်(ဘ)ဦးအောင်သန်း ၁၈ ရပ်ကွက် မြင်းခြံမြို့နေသူ မောင်းနှင်သော ယာဉ်အမှတ် 9F/------ စိန်ကမ္ဘာ-ငွေကမ္ဘာ EXPRESS ဖြူစိမ်းကျားရောင် မော်တော်ယာဉ်၏ နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ရာ ရွေနတ်သား EXPRESS ယာဉ်မှာ လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက်ရှိရပ်တန့်၍ စိန်ကမ္ဘာ-ငွေကမ္ဘာ EXPRESS ယာဉ်မှာ လမ်းမပေါ်၌ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းမကြီး ရဲစခန်းမှး ရဲအုပ်ဇော်မျိုးပိုင်ပါ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ လ/ထဦးစီးမှူး ရန်မျိုးအောင်ပါ တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ နောက်မှဝင်တိုက်ခဲ့သော ရွှေနတ်သား EXPRESS ယာဉ်မောင်း အောင်သူမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း၊ ၄င်းမောင်းနှင်သည့် ယာဉ်ပေါ်လိုက်ပါသူ ခရီးသည်များအနက် သံဃာတစ်ပါး ဦးကုသလ ၃၄ နှစ် ၀ါတော် ၁၄ ၀ါ၊ ပရိယတ္တိတိုက်ကျောင်း၊ ဗားကရာကျောင်းတိုက်၊ စမ်းချောင်းမြို့နယ်နေသူ အပါအ၀င် ကျား ၅ ဦး၊ စုစုပေါင်း ၆ ဦးတို့မှာ ထိခိုက်ဒဏ်ရာ အသီးသီး ရရှိ၍ ပဲခူးဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း၊ ရှေ့မှတိုက်ခံရသော
စိန်ကမ္ဘာ-ငွေကမ္ဘာ EXPRESS ယာဉ်ပေါ် လိုက်ပါသော ခရီးသည်များမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ ယာဉ်တိုက်မှုကြောင့် ရွှေနတ်သား EXPRESS ယာဉ်မှာ ရှေ့ခေါင်းပိုင်းတစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများအား အမြန်လမ်းတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသ ပေးခဲ့ရကြောင်း အမြန်လမ်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ရွှေနတ်သား EXPRESS ယာဉ်မောင်း အောင်သူအား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်ကျော်မျိုးသူမှ တရားလိုလုပ် အမှုဖွင့် တိုင်တန်းခဲ့သောကြောင့် ဘောနီအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၅/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၂၀၂ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး မေ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ ၃ ရက်အတွင်း ယာဉ်မတော်တဆမှု ၇ ကြိမ်ထက်မနည်း ဖြစ်ပွားကာ ခရီးသည်တစ်ဦး သေဆုံး၍ ၃၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

Writer: 
ဇော်ဝင်းချစ် (တောင်ငူ)