ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်အတွင်း ပင်လယ်ကမ်းနဖူးပေါ်ရှိ မမောက်ကျေးရွာမှ နေအိမ် ၂၀၀ ကျော် ပင်လယ်ရေတိုက်စားမှုကြောင့် အရေးပေါ် ပြောင်းရွှေ့နေရ

က၀မြို့နယ်အရှေ့ခြမ်း မမောက်ကျေးရွာအနီး ပင်လယ်ကမ်းနဖူး ရေတိုက်စားခံရစဉ်

ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်အရှေ့ခြမ်း ပင်လယ်ကမ်းနဖူးပေါ်ရှိ မမောက်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး ပင်လယ်ရေတိုက်စားပြီး ကမ်းပါးများ နေ့စဉ်ဆက်တိုက် ပြိုကျနေသောကြောင့် လူနေအိမ် ၂၀၀ ကျော် အရေးပေါ် ပြောင်းရွှေ့နေရကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း က၀မြို့နယ်အတွင်း အရှေ့ဘက်ပင်လယ် ကမ်းနဖူးပေါ်တွင်တည်ရှိသော ကျေးရွာများမှာ နှစ်စဉ် ပင်လယ်ရေတိုက်စားမှုကြောင့် ရွာများ ပင်လယ်အတွင်းသို့ နစ်မြုပ်ပျောက်ဆုံးနေရပြီး ပင်လယ်ကမ်းနဖူးပေါ်ရှိ ရွာများဖြစ်သော ရွှေတဆုပ်ရွာ၊ စာဖြူစုရွာများမှာ ယခင်နှစ်များအတွင်း ပင်လယ်အတွင်းသို့ နစ်မြုပ်ပျောက်ကွယ်ခဲ့ပြီး ယခုအခါ မမောက်ကျေးရွာ၏ သုံးပုံနှစ်ပုံခန့် ပင်လယ်အတွင်းသို့ နစ်မြုပ်သွားပြီဖြစ်ပြီး လူနေအိမ်များမှာလည်း အရေးပေါ် ပြောင်းရွှေ့နေရကြောင်း သိရသည်။

“ပင်လယ်က တရွေ့ရွေ့တိုက်စားပြီး ပြိုနေတာ။ ရွှေတဆုပ်ရွာ၊ စာဖြူစုရွာနဲ့ လယ်မြေတွေကတော့ အရင်နှစ်တွေက ပါသွားကြပြီ။ အခုတော့ ကျွန်တော်တို့ မမောက်ရွာဘက် ရောက်လာတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ မမောက်ကျေးရွာ လယ်ဧက ၅၀၀ လောက် ပင်လယ်ထဲ ပါသွားတယ်။ ဒီ ၂၀၁၇ မှာ အခုချိန်အထိ ရွာရဲ့သုံးပုံနှစ်ပုံလောက် ပင်လယ်ထဲ ပါသွားတယ်။ အခုထိလည်း နေ့တိုင်းပင်လယ် ဒီရေတိုက်စားလို့ ကမ်းတွေပြိုနေဆဲပါ။ ကြုံ သလို ကြိုးစား ရွှေ့ပြောင်းနေရတယ်။ လမ်းကလည်း မိုးရွာလိုက်တော့ တအားဆိုးသွားတယ်။ ဒုက္ခတွေ အရမ်းရောက်နေကြပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရွာသားတွေစုပေါင်းပြီး ၀ယ်ထားတဲ့ ၀ဲပတန်ကျေးရွာနားက မြေနေရာက အရင်စာဖြူစုကျေးရွာက ပြောင်းလာတဲ့အိမ်တွေကို ချပေးထားတဲ့အနားမှာ တချို့ ပြောင်းနေကြတယ်။ တချို့ကတော့ အရှေ့တောင်ထောင့်ဘက်က ရွာသားတွေ စုဝယ်ထားတဲ့ဆီကို ပြောင်းကြတယ်။ ပြေလည်တဲ့သူတွေကတော့ မြို့တွေကိုပြောင်းကြတယ်။ အခုလည်း မိုးတွေရွာနေတယ်။ နေစရာအိမ် မရှိတော့ ပြောင်းလာတဲ့သူတွေ မိုးရေထဲမှာ အရမ်းဒုက္ခရောက်နေတယ်။ အခုလိုမိုးရွာလို့ လမ်းဆိုးရင် ကားတွေ၊ ထော်လာဂျီတွေလည်း လာလို့မရတော့ အကူအညီပေးမယ့်သူတွေလည်း မလာနိုင်တော့ဘူး။ နောက်ပြီး ပြောင်းလာတဲ့ မိသားစုတွေရဲ့ကလေးတွေ ပညာရေးအတွက် ယာယီကျောင်းဆောင် အရေးတကြီး လိုနေတယ်။ ဒါမှမရှိရင် ဆင်းရဲတဲ့ကလေးတွေ ပညာဆက်သင်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ကျောင်းသား ၂၅၀ ကျော်လောက်ရှိတယ်။ ရွာမှာတော့ အ.လ.က ခွဲကျောင်းလေး ကျန်သေးတော့ ကျန်တဲ့ကလေးတွေကတော့ ရွာမှာပဲ ဒီနှစ်တက်လို့ရသေးတယ်။ ကမ်းပြိုရွာက အိမ်တွေအတွက် လိုအပ်ချက်တွေကတော့ အများကြီးပါပဲ” ဟု မမောက်ကျေးရွာ စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း သနပ္ပင်မြို့နယ်နှင့် က၀မြို့နယ်များအတွင်းရှိ ကျေးရွာများမှာ နွေရာသီတွင် သောက်သုံးရေ အခက်အခဲများဖြစ်ပေါ်ပြီး မိုးတွင်းကာလမှ သိုလှောင်ထားသော ကန်ရေများ ခန်းခြောက်လာသည်နှင့် လာရောက်လှူဒါန်းသော သောက်သုံးရေများကိုသာ နှစ်စဉ်အားထား၍ သောက်သုံးနေရကြောင်း သိရသည်။

Writer: 
မောင်အေး (ပဲခူး)