တရုတ်နိုင်ငံက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအားဖြင့် နှင်းဆီပန်း မျိုးစိတ်သစ်အမည်ကို “အောင်ဆန်းစုကြည်နှင်းဆီ”ဟု အမည်ပေး

တရုတ်နိုင်ငံက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအားဖြင့် နှင်းဆီပန်း မျိုးစိတ်သစ်အမည်ကို “အောင်ဆန်းစုကြည်နှင်းဆီ”ဟု အမည်ပေးခဲ့ကြောင်း မေ ၁၇ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် Hai Geng Garden Hotel ၌ ကျင်းပသည့် နှင်းဆီပန်း မျိုးစိတ်သစ် အမည်ပေးပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် မျိုးစိတ်ပညာရှင်က နှင်းဆီပန်း မျိုးစိတ်သစ် ဖန်တီးခဲ့မှုနှင့် နှင်းဆီပန်း မျိုးစိတ်သစ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှင်းဆီပန်း မျိုးစိတ်သစ်ကို အမည်ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ထို့နောက် မျိုးစိတ်ပညာရှင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ နှင်းဆီပန်း မျိုးစိတ်သစ် အမည်ပေးအပ်ခြင်း အထိမ်းအမှတ်မှတ်တမ်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ မေ ၁၄ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ခဲ့သည့် Belt and Road Forum for International Cooperation သို့ တက်ရောက်ခဲ့ပြီးနောက် ကူမင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက် မေ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ပေကျင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ကူမင်းမြို့သို့ ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ကူမင်းမြို့ Changshui အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ တွင် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ အတွင်းရေးမှူး H.E.Mr Chen Hao နှင့် ကူမင်းမြို့ Hai Geng Garden Hotel ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အလားတူ စင်ကာပူနိုင်ငံကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအားဖြင့် စင်ကာပူနိုင်ငံ၌ သစ်ခွပန်းအား အမည်ပေး စိုက်ပျိုးထားသည်။

ယင်းသစ်ခွပန်း အမည်ပေးပွဲအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလဆန်းက စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်တွင် Singapore Botanic Gardens ရှိ National Orchic Garden တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

၁၉၅၆ ခုနှစ်မှ စတင်ပြီး စင်ကာပူနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည့် နိုင်ငံ့ခေါင်းဆောင်များအား ဂုဏ်ပြုသောအားဖြင့် သစ်ခွပန်းများအား အမှတ်တရ အမည်ပေး စိုက်ပျိုးထိန်းသိမ်းထားမှုကို National Orchic Garden တွင် ပြုလုပ်ထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် စိုက်ပျိုးထားသည့် သစ်ခွပန်း၏ အမည်မှာ “Papilionanada Aung San Suu Kyi” ဖြစ်ကြောင်း သိရသည်။

Writer: 
နှင်းဆီပန်း မျိုးစိတ်သစ်နှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (Photo: Myanmar State Counsellor Office Facebook))