လှိုင်သာယာတွင် လူမိုက်ဂိုဏ်းတစ်ခုက ယာဉ်မောင်းများအား ယာဉ်တစ်စီးလျှင် ကျပ်သုံးသိန်းမှ ငါးသိန်းအထိ ဆက်ကြေးတောင်းခံနေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လှိုင်သာယာတွင် လူမိုက်ဂိုဏ်းတစ်ခုမှ ယာဉ်မောင်းများအား ယာဉ်တစ်စီးလျှင် သုံးသိန်းမှ ငါးသိန်းအထိ ဆက်ကြေးတောင်းခံ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း မေ ၁၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်းက ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ခရီးသည်တွေ သွားလာတဲ့အခါမှာ ကွမ်းခြံကုန်း၊ ဒလ၊ လှိုင်သာယာရယ် ဂိတ်ဆိုပြီး ရှိပါတယ်။ ဒလဆိုရင်လည်း ခရီးသည်တွေ ယာဉ်မောင်းတွေနားနေဖို့ နေရာတောင် စနစ်တကျမရှိပါဘူး။ ဒီထက်ဆိုးတာက လှိုင်သာယာမှာပါ။ ဘာထပ်ပြီးတော့ သိရလဲဆိုရင် လှိုင်သာယာမှာ လူမိုက်ဂိုဏ်းတစ်ခုက အုပ်စုဖွဲ့ပြီးတော့ ဆက်ကြေးတောင်းနေတယ်။ ကားတစ်စီးကို သုံးသိန်း၊ ငါးသိန်းတောင်းပြီးတော့တောင်မှ ရန်ရှာနှောင့်ယှက်တဲ့ အဆင့်အထိ လုပ်နေတာကို တွေ့ရပါတယ်။ သတင်းကြားလို့ လိုက်စုံစမ်းလို့ သိရတာပါ။ ဘယ်လောက်အထိလဲဆိုရင် ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေတောင်မှ ပွင့်ပွင့်လင်းလင်း မပြောရဲဘူး၊ မတိုင်ရဲဘူး။ ဒါကအရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုပါ၊ ကျွန်တော့်အနေနဲ့ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ ခရီးသွားပြည်သူတွေ အားလုံးအဆင်ပြေနိုင်ကြဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌကြီးနေ တစ်ဆင့်မေးမြန်းလိုတာက ခရီးသွားပြည်သူတွေ သွားလာမှုအဆင်ပြေရန်နဲ့ အများပြည်သူ ဘေးကင်းစေနိုင်ရေးအလိုငှာ ကွမ်းခြံကုန်းမြို့နယ်မှာ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းပြီးတော့ ယာဉ်ရပ်နားစခန်းများ၊ စနစ်တကျ ယာဉ်လိုင်းများ ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိမရှိ မေးမြန်းလိုပါတယ်” ဟု ဦးမန်းအောင်ကိုမင်းက ပြောကြားသည်။

ထို့ပြင်ကွမ်းခြံကုန်းမြို့နယ်၌ ယခင်ပြေးဆွဲနေသည့် ရန်ကုန်တိုင်းခရိုင် မထသလက်အောက်ခံ ယာဉ်လိုင်းလေးလိုင်းနှင့် ထပ်တိုးလိုင်း လှိုင်သာယာ၊ ကွမ်းခြံကုန်းဆိုပြီး ယာဉ်လိုင်းငါးလိုင်းရှိကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့သို့ လွှဲပြောင်းပြီး ဖြစ်သော်လည်း ယခင်အတိုင်းသာ လမ်းငါးလိုင်းလုံး ကိုယ့်အစီအစဉ်ဖြင့် ကိုယ်အဆင်ပြေသလို ပြေးဆွဲနေရကြောင်း၊ ထို့ကြောင့် ယာဉ်လိုင်းများအားလုံးသည် တစ်စုတစ်စည်းတည်းမရှိဘဲ နေရာပေါင်းစုံတွင် ဂိတ်ထိုးကာ ခရီးသည်တင်ချမှုများ ပြုလုပ်နေကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ရခြင်းကြောင့် လမ်းပိတ်ဆို့မှုများ၊ ယာဉ်ကြောကြပ်တည်းမှု ဖြစ်ပေါ်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ကွမ်းခြံကုန်းမြို့နယ်ကို သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးပြီး ဖြစ်ပါတယ်။ ကွင်းဆင်းစစ်ဆေးရတဲ့ အကြောင်းကတော့ ယာဉ်လိုင်းငယ်များကို စနစ်တကျပြေးဆွဲနိုင်ရန် ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖြစ်ပါတယ်။ ယခုအခါမှာ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနဲ့ လှိုင်သာယာမြို့နယ် ယာဉ်လိုင်းအခြေအနေကို ဆောင်ရွက်နေပါတယ်။ ကျွန်မတို့ကို အကြောင်းကြားတဲ့ကိစ္စ မှန်သမျှကိုချက်ချင်းညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟုပြောကြားသည်။

Writer: 
ဆန်းထူးအောင်၊ ထက်ရှိုင်း