ခန္တီးရတနာနယ်မြေ မကျန်ခမှော်ရှိ ဦးပိုင်ကုမ္ပဏီ လုပ်ကွက်အတွင်း ရေမဆေးသမားများနှင့် လုံခြုံရေးဝန်ထမ်းများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရေမဆေးသမား လေးဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရ

ဦးပိုင်ကုမ္ပဏီ၏ ဆီလှောင်ကန်များ မီးလောင်နေသည်ကို မေ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Upper Chindwin Facebook)

ခန္တီးရတနာနယ်မြေ မကျန်ခမှော်ရှိ ဦးပိုင်ကုမ္ပဏီ လုပ်ကွက်တွင် မေ ၁၇ ရက်နံနက် ၈ နာရီခွဲက ရေမဆေးရှာဖွေသူများနှင့် လုံခြုံရေးဝန်ထမ်းများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာ ရေမဆေးသမား လေးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခန္တီးရတနာနယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“ရေမဆေးသမားတွေက ဦးပိုင်ကုမ္ပဏီရဲ့ဝင်းထဲကို ၀င်ရောက်တဲ့အခါ လုံခြုံရေးဝန်ထမ်းတွေက တားဆီးရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ကြတာပါ။ ရေမဆေးသမား လူအုပ်ကြီးက အရမ်းများတော့ လုံခြုံရေးဝန်ထမ်းတွေကလည်း မထိန်းနိုင်တဲ့အခါ ပုဒ်မ ၁၄၄ ထုတ်ဖို့ သက်ဆိုင်ရာကနေတစ်ဆင့် ၀န်ကြီးချုပ်ဆီ တင်ပြကြတော့ ၀န်ကြီးချုပ်လည်း သဘောတူလိုက်တယ်လို့ သိရပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်တာမှာ လုံခြုံရေးဝန်ထမ်းတွေရဲ့ ပစ်ခတ်မှုကြောင့် ရေမဆေးသမား လေးယောက်သေဆုံးပြီး ၁၁ ယောက်ဒဏ်ရတယ်။ ဦးပိုင်ကုမ္ပဏီရဲ့ ဆီလှောင်ကန်သုံးကန်လည်း မီးလောင်ပျက်စီးသွားတယ်လို့ လတ်တလော သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်နဲ့ ညနေတွေ့ဖို့ရှိပါတယ်။ ၀န်ကြီးချုပ်နဲ့ တွေ့ပြီးမှပဲ အားလုံးကိုသေချာပြောနိုင်ပါမယ်။ အခုတော့ ခန္တီးကဒေသခံတွေ သတင်းပို့သလောက်ပဲ သိရပါသေးတယ်” ဟု ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် ရေမဆေးရှာဖွေသူ လေးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာခဲ့ကြောင်း ရေမဆေးရှာဖွေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“လုံခြုံရေးတွေက ကျွန်တော်တို့ကို လူအုပ်ခွဲရာကနေ ပစ်ကြခတ်ကြရင်း အကုန်လုံးရုန်းရင်းဆန်ခတ် ဖြစ်ကုန်ပါတယ်။ နောက်တော့ ကျွန်တော့်ရှေ့မှာတင် ရေမဆေးသမား နှစ်ယောက်သေပါတယ်။ ကျွန်တော်လည်း ဒဏ်ရာရပြီးအခုမှ ဆေးရုံရောက်လာတာပါ။ အားလုံးပေါင်း လေးယောက်သေတယ်လို့ ကြားပေမယ့် အခုထပ်သေတဲ့လူတွေ ရှိလာတယ်လို့ ကြားရပါတယ်။ ဒဏ်ရာရတဲ့လူလည်း ၁၁ ယောက်ဆိုပေမယ့် အဲဒီထက်များမယ်လို့ ထင်ပါတယ်။ အခုမှဆေးရုံကို သယ်နေကြတုန်းပါ” ဟု ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခန္တီးမြို့နယ် ခန္တီးရတနာနယ်မြေ နန်စီဘွန်ကွက်ရပ်နှင့် မကျန်ခမှော်လုပ်ကွက်များအတွင်း တရားမ၀င် ၀င်ရောက်နေထိုင် သူအချို့သည် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကျောက်မျက်လုပ်ကွက်များ အတွင်းသို့ အုပ်စုဖွဲ့၍ အတင်းအဓမ္မကျူးကျော်ဝင်ရောက်ပြီး ကုမ္ပဏီမှစွန့်ပစ်ခြင်း မရှိသေးသည့် ကျောက်ကြောမြေစာပုံများတွင် လုယက်ရှာဖွေခြင်း၊ ပစ္စည်းများဖျက်ဆီးခြင်း၊ ယူဆောင်ခြင်း၊ ထိုသို့ပြုလုပ်စေရန် လူအများကို လှုံ့ဆော်ခြင်း၊ အားပေးခြင်းတို့ကြောင့် တရားဝင် လုပ်ကိုင်ဆောင်ရွက်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို ထိပါးနှောင့်ယှက်ခံရခြင်း၊ မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားပေါ်ပေါက်စေပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေကို ထိခိုက်စေနိုင်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခန္တီးရတနာနယ်မြေအတွင်း နန်စီဘွန်ကွက်ရပ်နှင့် မကျန်ခမှော် လုပ်ကွက်များတွင် တရားမ၀င် နေထိုင်သူများ အားလုံးသည် ၂၀၁၇ ခုနှစ် မေ ၁၆ ရက်မှစ၍ ၂၀၁၇ ခုနှစ် မေ ၃၀ ရက်နောက်ဆုံးထားပြီး ထွက်ခွာသွားကြရန် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၃ အရထုတ်ပြန်လိုက်ပြီးနောက် မေ ၁၇ ရက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။