မန္တလေးမြို့ ကျုံးအနောက်ဘက်ခြမ်းရှိ ကျုံးရေပြင်အတွင်း အသက် ၂၁ အရွယ်မိခင်တစ်ဦး ခုနစ်လသားအရွယ် ကလေးငယ်အား ပွေ့ဖက်ကာ ခုန်ချသေဆုံးမှုဖြစ်ပွား

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးအနောက်ဘက်ခြမ်း လမ်း ၈၀ ၊ ၁၃ လမ်း နှင့် ၁၄ လမ်းကြားရှိ ကျုံးရေပြင်အတွင်း၌ အသက် ၂၁ နှစ်အရွယ် မိခင်တစ်ဦး ခုနစ်လသားအရွယ် ကလေးငယ်အား ပွေ့ဖက်ကာ ခုန်ချသေဆုံးမှု ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျုံးရေအတွင်း ခုန်ချသေဆုံးမှု ဖြစ်ပေါ်ခဲ့သော အဆိုပါ သားအမိနှစ်ဦးသည် အကွက် အမှတ်(၅၄) လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ ၁၃ လမ်းနှင့် ၁၄ လမ်းကြားရှိ တောင်တစ်လုံး ၀င်းအတွင်း နေထိုင်သူဖြစ်ကြောင်း သိရသည်။

ခုန်ချသေဆုံးမှုကြောင့် မန္တလေးမြို့ ဗဟိုမီးသတ်တပ်ဖွဲ့ဝင်များမှ ကျုံးအတွင်း ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ပြီး ခုနစ်လသားအရွယ် ကလေးငယ်အား အချိန်အနည်းငယ်အတွင်း ပြန်လည် ဆယ်ယူရရှိခဲ့ကာ မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း၊ ဆက်လက်၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ မိခင်ရုပ်အလောင်းကို ၁ နာရီ ၅၀ မိနစ်ခန့်တွင် တွေ့ရှိဆယ်ယူနိုင်ခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“အခုကျုံးထဲ ခုန်ချသွားတဲ့ အမျိုးသမီးက ကန့်ဘလူနယ်ဘက်ကလို့ သိရပြီး အိမ်တွင်းရေး အဆင်မပြေဘူးလို့ သိရတယ်။ ကျုံးထဲကို ဖိနပ်လေးချွတ် ကလေးကိုပွေ့ပြီး ဆင်းသွားတယ်လို့ တွေ့တဲ့သူတွေက ပြောတယ်။ ကလေးငယ်လေးကအရင် ရေပြင်မှာ ပေါ်လာလို့ သိရတာ။ အဒီနောက်ပိုင်းမှ ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်လာပြီး မိခင်ကို ဆက်ရှာကြတယ်” ဟု အဆိုပါ ဖြစ်စဉ်အနီး တောင်တစ်လုံးဝင်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ကလေးငယ်အား ပွေ့ဖက်ကာ ခုန်ချသေဆုံးခဲ့သူ အမျိုးသမီးမှာ မအေးစုစုထွန်း ဆိုသူဖြစ်ကြောင်း သိရပြီး ယင်းကဲ့သို့ ကျုံးအတွင်း ခုန်ချသေဆုံးမှု ဖြစ်စဉ်များမှာ မကြာခဏ ဖြစ်ပေါ်တတ်လေ့ရှိကြောင်း သိရသည်။

 

Writer: 
မင်းသန့်​၊​ အောင်​သူ