သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ အသတ်ခံရမှုမှ ကျုးလွန်ခဲ့သူက ၎င်း၏ဇနီးနှင့် လူမှုရေး ဖောက်ပြန်သောကြောင့် ဓားဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်

ပြစ်မှုကျူးလွန်သူ ကိုအောင်ကိုကိုအား တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)

သံမဏိနှင်းဆီဂျာနယ်၏ အယ်ဒီတာ ကိုဝေယံဟိန်းကို ကျုးလွန်သူ အမျိုးသားက ၎င်း၏ဇနီးနှင့် လူမှုရေး ဖောက်ပြန်သောကြောင့် ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၁၆ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ် တိုက်ခန်းအတွင်းမှ အပုပ်နံ့ထွက်နေကြောင်း ပတ်ဝန်းကျင်နေသူ တစ်ဦးက အဆိုပါဂျာနယ်တိုက်၏ အခြားအယ်ဒီတာ တစ်ဦးကို အကြောင်းကြားခဲ့ကြောင်း သိရသည်။

သတင်းအရ ၀င်ရောက်ကြည့်ရှုရာ ကိုဝေယံဟိန်းမှာ ဓားဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာ ပုဇွန်တောင်မြို့မ ရဲစခန်းသို့ အရေးယူပေးရန် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကိုဝေယံဟိန်းမှာ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ပုဇွန်တောင် မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျုးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ စုံစမ်းဆောင်ရွက်ရာ သေဆုံးသူ ကိုဝေယံဟိန်းမှာ လွန်ခဲ့သည့် ရှစ်လခန့်က မအယ်နီ(ခ)ရိုစီကို ဆိုသူနှင့် ဖေ့ဘုတ်မှတစ်ဆင့် ချစ်ကြိုက်ကာ မကြာခဏ ချိန်းတွေ့ခဲ့ကြကြောင်း သိရပြီး မအယ်နီမှာ နိုင်ငံခြားသင်္ဘောသား ကိုအောင်ကိုကို၏ ဇနီးတစ်ဦး ဖြစ်သည်ဟု သိရှိခဲ့ရသည်။

ဆက်လက်စုံစမ်းရာ နိုင်ငံခြားသင်္ဘောသား ကိုအောင်ကိုကို မှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ လကုန်တွင် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် ၎င်းတို့မိသားစု နေထိုင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ နေအိမ်ရှေ့တွင် ကားတစ်စီး ရပ်ထားသည်ကို တွေ့ရှိခဲ့ရစဉ် အဆိုပါကားမှာ ထွက်ပြေးမောင်းနှင် သွားခဲ့ ကြာင်း သိရသည်။

ယင်းနောက် ဇနီးဖြစ်သူ မအယ်နီအား မေးမြန်းရာ အဆိုပါကားမှာ ကိုဝေယံဟိန်း၏ ကားဖြစ်ကြောင်း သိရှိခဲ့ရပြီး နိုင်ငံခြားရှိ သူငယ်ချင်း တစ်ဦးကလည်း ဖေ့ဘုတ် အကောင့်တွင် မအယ်နီကို ကိုဝေယံဟိန်းနှင့် ဓာတ်ပုံတွဲရိုက် ထားသည်ကို ပြောပြခဲ့ဖူးသဖြင့် ကိုအောင်ကိုကိုမှာ ၎င်း၏ဇနီးကို လူမှုရေး ဖောက်ပြန်နေသည်ဟု မသင်္ကာဖြစ်ကာ ကိုဝေယံဟိန်းထံ ဖုန်းဖြင့်ဆက်သွယ်၍ စကားများဖူးသည်ဟု စုံစမ်းသိရှိခဲ့ရကြောင်း သိရသည်။

ယင်းကြောင့် ကိုအောင်ကိုကိုအား ရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ရာ ဧပြီ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပြင်ဦးလွင်မြို့ရှိ ၎င်း၏မိဘများ နေထိုင်ရာ နံရံချောင်းရွာသို့ တိမ်းရှောင်ထွက်ပြေးနေကြောင်း သိရသဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ ကိုအောင်ကိုကိုနှင့် ဇနီးဖြစ်သူ မအယ်နီတို့ကို ဧပြီ ၁၉ ရက်၊ ညနေ ၆ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကိုအောင်ကိုကိုအား ရဲတပ်ဖွဲ့မှ စစ်ဆေးရာ သေဆုံးသူ ကိုဝေယံဟိန်းမှာ ဇနီးဖြစ်သူ မအယ်နီနှင့် လူမှုရေး ဖောက်ပြန်နေကြောင်း သိရသဖြင့် ဧပြီ ၁၁ ရက်နေ့တွင် ဇနီးကို သားဖြစ်သူနှင့်အတူ နေအိမ်အတွင်းထား၍ သော့ခတ်ကာ အပြင်သို့ ထွက်သွားခဲ့ကြောင်း သိရသည်။

အပြင်မှ ပြန်လည်ရောက်ရှိသည့် အချိန်တွင် ၎င်း၏ဇနီးနှင့် သားဖြစ်သူကို မတွေ့ရသဖြင့် ဇနီးအား ပြန်လည်တွေ့ရှိနိုင်ရန်အတွက် ဧပြီ ၁၂ ရက်နေ့တွင် ကိုဝေယံဟိန်းကို ဖုန်းဖြင့်ဆက်သွယ် စုံစမ်းခဲ့ကြောင်း သိရသည်။

ဧပြီ ၁၄ ရက်နေ့တွင် ကိုဝေယံဟိန်းက ကိုအောင်ကိုကိုထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး ဇနီးမအယ်နီနှင့် သားဖြစ်သူကို ဒဂုံဧရာ အဝေးပြေးဝင်းတွင် တွေ့ရှိခဲ့ကြောင်း အကြောင်းစုံ သိလိုပါက ၎င်းနေထိုင်သည့် သံမဏိနှင်းဆီ ဂျာနယ်တိုက်သို့ လာရောက်ရန် ကိုဝေယံဟိန်းက ချိန်းဆိုခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကိုအောင်ကိုကိုမှ ဂျာနယ်တိုက်သို့ သွားရောက်ခဲ့ပြီး ကိုဝေယံဟိန်းအား ဇနီးဖြစ်သူ မအယ်နီကို ရှာဖွေပေးရန် ပြောဆိုခဲ့ရာ ကိုဝေယံဟိန်းက မအယ်နီမှာ ၎င်းတစ်ဦးတည်းနှင့် လူမှုရေး ဖောက်ပြန်ခြင်းမဟုတ်ဘဲ အခြားအမျိုးသားများနှင့်လည်း ပတ်သတ်ဖူးကြောင်း၊ လက်ရှိတွင် မအယ်နီနှင့် သားဖြစ်သူကို လမ်းမတော်မြို့နယ်ရှိ တည်းခိုခန်း တစ်ခုတွင် တည်းခိုနေထိုင်စေထားကြောင်း ပြောဆိုခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများပြီး ကိုအောင်ကိုကိုက စားပွဲပေါ်တွင်ရှိသည့် ဓားဦးချွန်ဖြင့် ကိုဝေယံဟိန်း၏ ၀မ်းဗိုက်ကို ၁၅ ချက် ထိုးခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုအောင်ကိုကိုမှာ ကိုဝေယံဟိန်း၏ လက်ကိုင်ဖုန်းကို ယူဆောင်လာခဲ့ပြီး ဇနီးမအယ်နီနှင့် သားဖြစ်သူကို ယင်းနေ့ ညနေ ၆ နာရီခန့်တွင် အဆိုပါ တည်းခိုခန်းမှ သွားရောက်ခေါ်ယူ၍  ဗဟန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုသို့ ပြောင်းရွေ့တည်းခိုစေခဲ့ပြီး ဧပြီ ၁၅ ရက်နေ့ ညနေပိုင်းတွင် ၎င်း၏မိဘများနေထိုင်ရာ ပြင်ဦးလွင်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

မအယ်နီအား ဆက်လက်စစ်ဆေးရာ ၎င်းတို့ သားအမိနှစ်ဦး နေအိမ်၌ သော့ခတ်ခံထားသည့် အချိန်တွင် ၎င်းနှင့်ချစ်ကြိုက်နေသော ကိုဝေယံဟိန်းကို ဖုန်းဖြင့်ဆက်သွယ် ခေါ်ယူသဖြင့် ကိုဝေယံဟိန်းမှာ သော့ပြင်သည့်လူတစ်ဦးနှင့်အတူ ရောက်ရှိလာပြီး နေအိမ်တံခါးအား ဖျက်ကာ ၎င်းတို့သားအမိကို ခေါ်ဆောင်၍ လမ်းမတော်မြို့နယ်ရှိ တည်းခိုခန်းသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။

ပို့ဆောင်ပြီးနောက် ကိုဝေယံဟိန်းက ထမင်းချိုင့်ပို့ပေးခဲ့ပြီး မအယ်နီ၏ သားဖြစ်သူကို ဂိမ်းကစားရန် လက်တော့တစ်လုံး ပေးခဲ့ကြောင်းနှင့် အဆိုပါ တည်းခိုခန်းတွင် ဧပြီ ၁၁ ရက်မှ ၁၄ ရက်ထိ တည်းခိုနေထိုင်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

သက်သေခံ ပစ္စည်းများအား သိမ်းဆည်းရမိရေး ရဲတပ်ဖွဲ့မှ ဆောင်ရွက်ရာ အခင်းဖြစ်စဉ်က ကျုးလွန်သူ ကိုအောင်ကိုကို ၀တ်ဆင်ခဲ့သည့် ဘောင်းဘီနှင့် တီရှပ်တို့ကို မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ၎င်းတို့၏ နေအိမ်မှ သိမ်းဆည်းရမိပြီး လက်တော့နှင့် ကိုဝေယံဟိန်း၏ လက်ကိုင်ဖုန်းတို့အား ကိုအောင်ကိုကိုက ဇနီးနှင့် ပြင်ဦးလွင်သို့ တိမ်းရှောင်စဉ် စားသောက်ဆိုင်တစ်ဆိုင် အနီးရှိ ရေကန်အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ ကျုးလွန်သည့်ဓားကို ဂျာနယ်စက္ကူဖြင့် ထုပ်ပိုး၍ ဂျာနယ်တိုက် အနီးရှိ အမှိုက်ပုံးတွင် လွှင့်ပစ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

        

         

 

          

Writer: 
မင်းသိန်းနိုင်၊ သီဟအောင်