‘၀’အဖွဲ့မှ တင်သွင်းပြီး ပန်းခမ်း အစည်းအဝေးတွင် အတည်ပြုလိုက်သည့် စာတမ်းအား အစိုးရထံ အမြန်ဆုံးပေးပို့မည်ဟု ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီဝင် TNLAS အထွေထွေအတွင်းရေးမှူး ပြောကြား

“၀” ဒေသ ပန်းခမ်းတွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် အစည်းအဝေး၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးနေစဉ် (Photo: UWSP)

‘‘၀’’ အဖွဲ့မှ တင်သွင်းပြီး ပန်းခမ်း (ပန်ဆန်း) စတုတ္ထအကြိမ် အစည်းအဝေးတွင်    တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး  အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးဆုံးဖြတ် အတည်ပြုလိုက်သည့် စာတမ်းအား အစိုးရထံသို့ အမြန်ဆုံး ပေးပို့သွားမည်ဟု ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီဝင်  တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။

စတုတ္ထအကြိမ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များ အစည်းအဝေးကို ‘‘၀’’ ဒေသ ပန်းခမ်းမြို့ ရှိ ‘‘၀’’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဌာနချုပ်တွင် UWSP/UWSA မှ ကမကထပြု၍ ဧပြီ ၁၅ ရက်မှ ဧပြီ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ ‘‘၀’’ အဖွဲ့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့ တက်ရောက်ကာ အစိုးရနှင့်ဆွေးနွေးရန် ပြည်ထောင်စု  နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။

‘‘စာတမ်းကတော့ ကျွန်တော်တို့အမြန်ဆုံး အပြီးသတ်တော့မှ အမြန်ဆုံး မြန်နိုင်သလောက် မြန်အောင်ပို့မှာဖြစ်ပါတယ်။ စာတမ်းက အဓိက,ကတော့ ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ်တုန်းက ‘‘၀’’ အဖွဲ့က တင်သွင်းထားတဲ့ စာမျက်နှာ ၃၀ ပါတဲ့ စာတမ်းရှိပါတယ်။ အဲဒီပေါ်မှာ အခြေခံပြီးတော့မှ ကျွန်တော်တို့က ဒီအစည်းအဝေးထဲမှာ အဖွဲ့ခုနစ်ဖွဲ့က ပြန်လည်ပြုပြင် မွမ်းမံပြင်ဆင်ပြီးတော့ ကျွန်တော်တို့နဲ့ တချို့ပိုပြီးတော့မှ၊ ဆီလျော်နိုင်မယ့်အချက်တွေကို ပြန်လည်ပြင်ဆင်ပြီးတော့မှ အဲဒါကိုနိုင်ငံရေးအရ အခြေခံမယ့် မူဝါဒစာတမ်းအဖြစ် လက်ကိုင်ထားဖို့ သဘောတူကြတယ်။ အဲဒါကိုလည်း ကျွန်တော်တို့က ဆွေးနွေးတဲ့အချိန်မှာ ကိုင်စွဲထားမယ်။ ကျွန်တော်တို့ရဲ့သဘောထားတွေကို သိအောင် အစိုးရကိုပို့ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်’’ ဟု TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီတွင် ‘‘၀’’ အဖွဲ့မှ ငါးဦးပါဝင်ပြီး ကျန်အဖွဲ့ ခြောက်ဖွဲ့မှ လေးဦးစီ ပါဝင်ကာ စုစုပေါင်း ၂၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ထို့အတူ ကော်မတီ လက်အောက်တွင် လုပ်ငန်းများ အကောင်အထည်ဖော်ရန် တစ်ဖွဲ့လျှင် သုံးဦးနှုန်းဖြင့် အတွင်းရေးမှူးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း နှင့် အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ မည်ဆိုပါက ဆွေးနွေးနိုင်ရန် ကော်မတီ၏ ကိုယ်စားလှယ် အဖွဲ့ကိုလည်း တစ်ဖွဲ့လျှင်  နှစ်ဦးနှုန်းဖြင့် ဖွဲ့စည်းခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထို့အတူ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ၏ အဖွဲ့အစည်းများသည် နောင်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဆွေးနွေးသည့်အခါ  တစ်ဖွဲ့ချင်း ဆွေးနွေးခြင်း မပြုဘဲ ၎င်းကော်မတီ အမည်ဖြင့်သာ တညီတညွတ်တည်း ဆောင်ရွက်သွားမည်ဟု အစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

အဆိုပါစတုတ္ထအကြိမ် ပန်းခမ်းအစည်းအဝေးသို့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၊  ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၊  တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ ‘‘၀’’ အဖွဲ့ (UWSP/UWSA) ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုး ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) စုစုပေါင်း အဖွဲ့ခုနစ်ဖွဲ့မှ ကိုယ်စားလှယ် ၂၇ ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့ရာတွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့မှာ သင်္ကြန်ကာလ နှင့် အခြား အစည်းအဝေးတိုက်နေခြင်း စသည့် အကြောင်းအရာများကြောင့်ဟုဆိုကာ တက်ရောက်ခဲ့ခြင်း မရှိပေ။

ပန်းခမ်းမြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်မှ  ၂၄ ရက်ထိကလည်း သုံးရက်ကြာ တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစည်းအဝေးကျင်းပခဲ့ပြီး စတုတ္ထအကြိမ် အစည်းအဝေး တက်ရောက်ခဲ့သည့် အဖွဲ့ခုနစ်ဖွဲ့အပြင် အထူးဖိတ်ကြားပုဂ္ဂိုလ် နှစ်ဦး အပါအ၀င် စုစုပေါင်း ၃၇ ဦး တက်ရောက်ခဲ့ပြီး ထိုစဉ်အချိန်ကလည်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့မှာ တက်ရောက်ခြင်း မရှိဘဲ စာတမ်းတင်သွင်းခြင်းသာ ပြုလုပ်ခဲ့ကာ အစည်းအဝေးအပြီး NCA စာချုပ်အား  လက်မခံကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီ ၃ ရက်က ကျင်းပသည့် UNFC အစည်းအဝေး ပထမနေ့အပြီးတွင် UNFC ၏ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက တတိယအကြိမ် ပန်းခမ်းအစည်းအဝေး တက်ရောက်ခဲ့သည့် ကချင်လက်နက်ကိုင် အဖွဲ့ (KIO/KIA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) အပါအ၀င် UNFC အဖွဲ့ဝင်များအနေဖြင့် NCA လမ်းကြောင်းအတိုင်း သွားမည်ဖြစ်ကြောင်း မီဒီယာများအား ဖြေကြားခဲ့သည်။

UNFC တွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ‘‘၀’’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့ ပါဝင်ပြီး KIO/KIA နှင့် SSPP/SSA မှလွဲ၍ ကျန်ငါးဖွဲ့မှာ NCA တွင် ပါဝင် လက်မှတ်ရေးထိုးမည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သို့ဖြစ်၍ UNFC တွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့သည် အစိုးရနှင့် ဆွေးနွေးမှုများအား မည်သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို ကွဲပြားစွာ မသိရှိရသေးပေ။

Writer: 
ကျော်ဇင်ဝင်း