သံဖြူဇရပ်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ကျားဖောင်ကြိုးပြတ်ကာ ပင်လယ်ပြင်၌ သုံးရက်ခန့် မျောပါနေသူ ရေလုပ်သားများအား ကယ်တင်နိုင်ခဲ့

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ပင်လယ်ပြင်၌ မုန်တိုင်းဒဏ်ကြောင့် မျောပါနေသူများအား ဧပြီ ၁၈ ရက်နှင့် ၂၀ ရက်က ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၁၈ ရက် ည ၁၁ နာရီခန့်က သံဖြူဇရပ်မြို့နယ်က ဒတ်ထောက်ကျေးရွာနေ ဦးသန်းထွန်း ၄၀ နှစ် (ဘ) ဦးပါကြွက်၏ ငါးကဲ့ စက်လှေ (ကျားဖောင်မှ ငါးများအား ကမ်းခြေသို့ ကဲ့ယူသည့်စက်လှေ) သည် သံဖြူဇရပ်မြို့နယ် အနောက်ဘက် ပင်လယ်ပြင်၌ မုန်တိုင်းမိ၍ ကျားဖောင်နှင့်အတူ မျောပါနေသော ရေလုပ်သား လေးဦးအား တွေ့ရှိကယ်ဆယ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းမိ၍ ကျားဖောင်နှင့်အတူ မျောပါနေသော ရေလုပ်သား လေးဦးသည် ရန်ကုန်တိုင်းဒေသကြီး ခရမ်းသုံးခွမြို့နယ် ကင်းပွန်းခြုံကျေးရွာနေ ဦးအောင်ကြည် ၆၁ နှစ် (ဘ) ဦးရွှေအောင်နှင့် မောင်ဖိုးဇော် ၂၉ နှစ် (ဘ) ဦးတင်မြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နေ ဦးအောင်ဇော် ၃၇ နှစ် (ဘ) ဦးမောင်မောင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တောတန်းကျေးရွာနေ ဦးကြည်လွင် ၄၂ နှစ် (ဘ) ဦးအောင်ချစ် တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါရေလုပ်သား လေးဦးကို ကဒတ်ထောက်ကျေးရွာသို့ ခေါ်ဆောင်လာခဲ့ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်သိန်းထံ အပ်နှံပေးခဲ့ကြောင်း ၎င်းတို့သည် ဧပြီ ၁၆ ရက် (၁၅း၀၀) အချိန်ခန့်က ရေးမြို့နယ် အစင်စံပြကျေးရွာမှ ရေမိုင်ကိုးမိုင်ခန့် အကွာတွင် ကျားဖောင်ဖြင့် ငါးဖမ်းနေစဉ် မုန်တိုင်းမိခဲ့ပြီး ကျားဖောင်ကြိုးပြတ်ကာ ယင်းကျားဖောင်နှင့်အတူ ပင်လယ်ပြင်၍ သုံးရက်ခန့် မျောပါနေခဲ့ခြင်း ဖြစ်ကြောင်း ကဒတ်ထောက်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဆက်သွယ်ပေးမှုကြောင့် ဦးအောင်ကြည်ပါ ရေလုပ်သား လေးဦးတို့၏ ကျား ဖောင်ပိုင်ရှင် အစင်းကျေးရွာနေ ဒေါ်စန်းဝင်း မှ ဧပြီ ၁၉ ရက် (၁၁း၀၀) အချိန်တွင် လာရောက် ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ ရေလုပ်သားများအား ကယ်ဆယ်ခဲ့သူ ဦးသန်းထွန်းသည် ဧပြီ ၁၉ ရက် (၁၁း၁၀) အချိန်တွင် ၎င်း၏ ငါးကဲ့စက်လှေဖြင့် ကျားဖောင်မှ ငါးကဲ့သယ်ယူရန် ပင်လယ်သို့ သွားရောက်စဉ် ကဒတ်ထောက်ကျေးရွာ အနောက်ဘက် ရေမိုင်ရှစ်မိုင်ခန့်အကွာ ပင်လယ်ပြင်၍ မျောပါနေကြသည့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရပ်ပြေ ၁၉ လမ်း အမှတ် (၂၇) နေ ဦးရာဇာ ၃၄ နှစ် (ဘ) ဦးမှတ် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ရှမ်းစုကျေးရွာနေ ဦးမျိုးဝင်း ၃၈နှစ် (ဘ) ဦးသိန်း၊ ဘိုကလေးမြို့ ကန်တော်ကြီးရပ်နေ ဦးမင်းအောင် ၄၁ နှစ် (ဘ) ဦးအုန်းလှိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ပဒတ်ကုန်းကျေးရွာ နေသူများ ဖြစ်ကြသည့် ဦးသန်းဌေး ၃၈ နှစ် (ဘ) ဦးတင်မောင်၊ ဦးမောင်တင့် ၃၀ နှစ် (ဘ) ဦးစိန်ဝင်း၊ ဦးအောင်အောင် ၃၁ နှစ် (ဘ) ဦးကြင်မြင့် စုစုပေါင်း ခြောက်ဦးတို့အား ထပ်မံတွေ့ရှိ ကယ်ဆယ်ခဲ့ပြီး ကဒတ်ထောက်ကျေးရွာသို့ ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

ထပ်မံတွေ့ရှိသည့် ခြောက်ဦးတို့ကိုလည်း ကျားဖောင်ပိုင်ရှင်ဖြစ်သူ ရေးမြို့နယ် အစင်ကျေးရွာ ကျားတန်းနေ ဦးကျော်ကျော်ဝင်းကြည်အား ဆက်သွယ်ခေါ်ယူထားကြောင်း ၎င်းတို့သည် ဧပြီ ၁၆ ရက်က မုန်တိုင်းမိ၍ ကျားဖောင်ကြိုးပြတ်ကာ ပင်လယ်ပြင်၍ သုံးရက်ခန့် မျောပါနေခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရရှိခဲ့သည့် ရေလုပ်သား ၁၀ ဦးအား သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်မှ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ စီ ထောက်ပံ့ပေးခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့် ပင်လယ်၌ မျောပါနေသူများအား အချိန်မီ ကယ်ဆယ်နိုင်ရေးအတွက် မြို့နယ်ထွေ/အုပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စက်လှေသုံးဦးဖြင့် ကျိုက်ခမီပင်လယ် ကမ်းရိုးတန်းတစ်လျှောက် လှည့်လည်ရှာဖွေ လျက်ရှိကြောင်း သိရသည်။

 

Writer: 
ဘိုဘိုမြင့်