မြစ်ကြီးနားမြို့တွင် သူနာပြုဆရာမဟောင်းတစ်ဦး အသတ်ခံရမှုမှာ နှစ်လကျော်ပြီ ဖြစ်သော်လည်း အမှုဖော်ထုတ်ရန် အခက်တွေ့နေကြောင်း အမှုစစ်အရာရှိ ပြောကြား

မြစ်ကြီးနားမြို့တွင် သူနာပြုဆရာမဟောင်းတစ်ဦး အသတ်ခံရမှုမှာ နှစ်လကျော် ကြာမြင့်လာသော်လည်း အမှုသဲလွန်စ ဖော်ထုတ်ရန် အခက်တွေ့နေကြောင်း အမှုစစ်အရာရှိ မြစ်ကြီးနား အမှတ် (၂) နယ်မြေရဲစခန်းမှူး သန်းဦးက ပြောကြားသည်။

ဒုရဲမှူး သန်းဦးက “အမှုကတော့ လိုက်ဆဲပါပဲ။ နောက်ပြီး နည်းပညာ အကူအညီတွေနဲ့ ကြိုးစားနေပါတယ်။ အမှုကို လုံးဝရပ်နေတာ မရှိသေးဘူး။ ဘယ်သဲလွန်စမှ မရအောင် ဖြစ်နေတယ်။ တချို့လိုက်နေတာကလည်း တစ်ဖက်အဖွဲ့အစည်းတွေနဲ့ နွယ်နေတယ်။ ကလေးမနဲ့ နောက်ဆုံး အတူရှိနေတယ်လို့ မြင်ခဲ့တဲ့ ကလေးကိုလည်း မဖော်နိုင်သေးဘူး။ ဂေါ်ရခါးရပ်ကွက်မှာ လူမျိုးခြားတွေ ဖြစ်နေတယ်။ လူနေကျဲပါးတော့ ကွင်းဆက်က ခက်နေတယ်။ အမှုကိုတော့ မရပ်ဘူး။ ဆက်တိုက် လုပ်နေပါတယ်” ဟု ပြောကြားသည်။

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်နေ ဦးခင်မောင်အေး၏နေအိမ်မှ တူမဖြစ်သူ မလိဆန်ပန်သည် ကြက်ပေါင်ခြံရပ်ကွက် နယ်မြေ (၆)ရှိ ဈေးဆိုင်သို့ မနက် ၉ နာရီခွဲခန့်တွင် ထွက်သွားကြောင်း၊ ညနေငါးနာရီခန့်တွင် ၀မ်းကွဲအစ်ကို တော်စပ်သူက ကြက်ပေါင်ခြံရပ်ကွက် ဈေးဆိုင်သို့ သွားရောက်ရာ ညီမဖြစ်သူ မလိဆန်ပန် (အသက် ၂၄ နှစ်) မှာ နေအိမ် အရှေ့ကြမ်းပြင်တွင် ထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးနေကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မြစ်ကြီးနား နယ်မြေရဲစခန်းတွင် (ပ)၂၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ ရှုပ်ထွေးမှုများ ရှိနေဆဲဖြစ်ပြီး ကျူးလွန်ခဲ့သူမှာ လက်သမားသုံး ငါးမူးဆောက် (၀ ဒသမ ၅လက်မ) အရွယ်နှင့် သုံးမတ်ဆောက် (၀ ဒသမ ၇၅ လက်မ) နှစ်ခုကို အသုံးပြုခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား ပြည်နယ်ရဲဌာနမှ ရဲမှူးကြီးတစ်ဦးက အမှုဖြစ်စဉ်မှာ ရှုပ်ထွေးသည့် အနေအထား ဖြစ်နေခြင်း၊ လူခြေနည်းပါးသည့် နေရာတွင် ဖြစ်ပွားခဲ့ခြင်း၊ မတူညီသော လူမျိုးစုအတွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် သဲလွန်စများ ရရှိရန် ခက်ခဲနေကြောင်း၊ ကျူးလွန်သူသည် မူးယစ်ဆေးသုံးခြင်း၊ လက်ယဉ်ခြင်း၊ စိတ်မနှံ့ခြင်း၊ အငြိုးအာဃာတရှိခြင်း စသည့်အမျိုးအစားတွင် အညှိုးအာဃာတ ရှိခြင်းသည် ရရှိခဲ့သည့် ဒဏ်ရာများအရ အဖြစ်နိုင်ဆုံးဖြစ်ကြောင်း၊ လူထုကလည်း မသင်္ကာသူများရှိက နီးစပ်ရာ ရဲစခန်းတွင် အကြောင်းကြားနိုင်ကြောင်း ပြောကြားထားသည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်တွင် ပြုလုပ်သည့် မမလိဆန်ပန်၏ အသုဘ အခမ်းအနားတွင် သေဆုံးသူ၏မိခင်၊ ဆွေမျိုးသားချင်းများနှင့် ကချင်လုထု အသိုင်းအ၀ိုင်းက အမှုအတွက် အမှန်တရားနှင့် တရားခံသာ အမြန်ပေါ်ပေါက်စေလိုကြောင်း တောင်းဆိုခဲ့သည်။

ရဲတပ်ဖွဲ့၏ ဆေးမှတ်တမ်းများအရ မလိဆန်ပန်သည် ချွန်ထက်သော လက်နက်တစ်ခုတည်းဖြင့် အထိုးခံပြီး အဓမ္မပြုကျင့်ခံရသည့် အခြေအနေ မရှိကြောင်း၊ တစ်ဦးတည်းက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ လုံးထွေးသတ်ပုတ်သည့် အခြေအနေမျိုး၊ ရိုက်နှက်ထားသည့် ဒဏ်ရာမျိုး မတွေ့ရကြောင်း ကနဦး ဖြေကြားခဲ့သည်။

 

Writer: 
ထွန်းလင်းအောင် (မြစ်ကြီးနား)