သိန္နီ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် အကောက်ခွန်မဲ့ ပစ္စည်းများ၊ သစ်များနှင့် တရုတ်သို့ ပို့ဆောင်မည့်မြွေများ ဖမ်းဆီး ရမိ

သိန္ဒီ ရေပူ အမြဲတမ်း စစ်ဆေးရေး စခန်းတွင် ဖမ်းဆီးရမိသော တရားမ၀င် ကုန်ပစ္စည်းများအား တာဝန်ရှိသူတို့က ဧပြီ ၂၀ ရက်တွင် စစ်ဆေးနေစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ သိန္နီရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းတွင် တရုတ်သို့တင်ပို့မည့် မြွေများနှင့် ပြည်တွင်းသို့ ၀င်ရောက်လာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား ဧပြီ ၂၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၀ ရက် နံနက် ၂ နာရီခန့်တွင် လားရှိုးဘက်မှ မောင်းနှင်လာသော ပါဂျဲရိုးယာဉ် နှင့် Wish ယာဉ်တစ်စီးအား စစ်ဆေးရှာဖွေရာမှ တရုတ်သို့ တရားမ၀င်တင်ပို့မည့် မြွေများအား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက် ၂ နာရီ ၀န်းကျင်ခန့်မှာ ကားနှစ်စီးပေါ်ကနေ မြွေတွေ မိပါတယ်။ အခု အဲဒီမြွေတွေကို သစ်တောကို လွှဲပြီးတော့ စိစစ် နေတုန်းပဲ ရှိပါသေးတယ်။ သယ်ဆောင်လာတဲ့ ကားနှစ်စီးကတော့ Without ကားတွေပါ။ ကားပေါ်မှာက သုံးယောက်ပါတယ်။ ပါဂျဲရိုးပေါ်မှာ နှစ်ယောက်ပါတယ်။ Wish ကားပေါ်မှာက တစ်ယောက်ပါတယ်” ဟု သိန္နီရေပူစစ် ဆေးရေးစခန်း တာဝန်ခံ အကောက်ခွန်ဦးစီးဌာနမှ ဦးတက်ထွန်းအောင်က ပြောကြားသည်။

ယာဉ်ပေါ်တွင်ပါရှိသူများအား သိန္နီမြို့မ ရဲစခန်းတွင် အမှုဖွင့်မည်ဖြစ်ပြီး လိုင်စင်မဲ့ ယာဉ်နှစ်စီးအား အကောက်ခွန်ဌာနမှ သိမ်းဆည်းမည်ဖြစ်ကာ မြွေများကိုမူ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီနေ့ဖမ်းဆီးရမိတဲ့ မြွေတွေက လားရှိုး သစ်တောရုံးမှာ ရောက်နေပါပြီ။ မြွေ အမျိုးအစားတွေကို စိစစ်ဖို့အတွက် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်က မြွေကိုင်ဆရာတွေ ခေါ်ထားပါတယ်။ သူတို့တွေရောက်လာမှ စိစစ်ပြီး သက်ဆိုင်ရာ ဆေးဝါးဌာနကို ပို့မှာဖြစ်ပါတယ်” ဟု လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် မူဆယ်ဘက်မှလာသော ခြောက်ဘီးကားနှစ်စီးပေါ်တွင် တင်ဆောင်လာသည့် စာရွက်စာတမ်း အတုများဖြင့် ပြုလုပ်ကာ အခွန်ဆောင်ထားခြင်း မရှိသည့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အထည်အလိပ်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 သိန္နီ ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိသည့် အကောက်ခွန်မဲ့ ပစ္စည်းများကို တာဝန်ရှိသူများ စစ်ဆေးစဉ်

ထို့အတူ ခရီးသည်တင် Express ယာဉ် နှစ်စီးပေါ်တွင်လည်း တရားမ၀င်သစ်များကိုလည်း ဖမ်းဆီးရမိခဲ့ပြီး အဆိုပါသစ်များအား သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

“ခရီးသည်တင် Express ကားနှစ်စီးနဲ့ သစ်တွေ ဖမ်းမိထားပါတယ်။ တိုင်းထွာတဲ့ လုပ်ငန်းစဉ်တွေကတော့ သစ်တောက ဆက်လုပ်နေပါတယ်။ တစ်စီးက သစ်တွေပဲပါတာ ဖြစ်တဲ့အတွက် သစ်တောရဲ့လုပ်ထုံးလုပ်နည်းအတိုင်း သိန္နှီရဲစခန်းမှာ ကားနဲ့လူနဲ့သွားပြီး အမှုဖွင့်တဲ့အပိုင်းတွေ လုပ်နေပါတယ်။ နောက်တစ်စီးကတော့ တရားဝင် တင်ပို့ခွင့်မရှိတဲ့၊ လိုင်စင် မပေးထားတဲ့ သတ္တုမှုန့်တွေပါတာ ဖြစ်တဲ့အတွက် သတ္တုမှုန့်တွေရယ်၊ ကားရယ်ကတော့ အကောက်ခွန်မြို့နယ်ရုံးကို လွှဲပါမယ်။ လူကတော့ သစ်လည်းပါတာဖြစ်တဲ့အတွက် သစ်တောအမှုနဲ့ သိန္နီရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု သိန္နီ ရေပူစစ်ဆေးရေး ” စခန်းတာဝန်ခံ အကောက်ခွန်ဦးစီးဌာနမှ ဦးတက်ထွန်းအောင်က ပြောကြားသည်။

လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် သိန္နီရေပူ အမြဲတမ်းစစ်ဆေးရေး စခန်း ပြန်လည်ဖွင့်လှစ်ခဲ့သည့်  ဇန်န၀ါရီ ၁၆ ရက်မှ  ဧပြီ ၂၀ ရက်အတွင်း တရုတ်သို့ တင်ပို့မည့် မြွေများ ဖမ်းဆီးရမိမှု နှစ်ကြိမ် ရှိခဲ့ပြီး အခြားသော တရားမ၀င် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများ၊ သစ်များ၊ ကျောက်စိမ်းများနှင့် နွားများ၊ အေးခဲ အမဲသားများလည်း ဖမ်းဆီးရမိခဲ့ကြောင်း  အဆိုပါ စစ်ဆေးရေး စခန်းမှ သိရသည်။

Writer: 
ထွန်းနေလှိုင် (နောင်ပိန်)