အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးရှစ်ခုတွင် လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းခြင်းများ ငါးရက်ခန့်ဖြစ်ပွားနိုင်

မာရကာမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ငပလီကမ်းခြေရှိ ဈေးဆိုင်အချို့ ပျက်စီးနေသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုတွင် လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းခြင်းများ ငါးရက်ခန့် ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဧပြီ ၂၀ ရက်မှ ဧပြီ ၂၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်ကာ လေပြင်းတိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ဖော်ပြသည်။

မိုးထစ်ချုန်းရွာကာ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်သည့် ဒေသများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီ ၂၀ ရက် နံနက်က မိုးရွာသွန်းခြင်းများရှိကြောင်း ဒေသခံများက ပြောကြားသည်။

“မိုးကတော့ မနက်ကသည်းတယ်။ အခုတော့ မိုးပြန်တိတ်သွားပြန်ပြီ။ မနက် ၄ နာရီမှာ တစ်ခါသည်းပြီးတော့ မလင်းတလင်းမှာ ပြန်တိတ်သွားတယ်။ မနက် ၈ နာရီလောက်မှာ တစ်ခါသည်းတယ်။ အခုတော့ မိုးတိတ်သွားပြန်တယ်။ ဒါပေမဲ့ ဘေးပတ်လည်မှာ မိုးအုံ့နေပါတယ်။ အခု မိုးရွာတယ်ဆိုပေမယ့် မိုးကြီးတဲ့အဆင့်ထိ မရွာသေးဘူး။ လောလောဆယ် ရွာလိုက်ရပ်လိုက်ပါပဲ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးမြို့ခံတစ်ဦးက ပြောကြားသည်။

မိုးရွာသွန်းမှုအခြေအနေနှင့် ပတ်သက်၍ ခန္တီးမိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဦးချစ်ထွေးက “မိုးရေချိန်က လက်မအနေနဲ့ နည်းတယ်။ မနက်ဖြန်လည်း မိုးရေချိန်လက်မတော့ရမှာပါ။ နည်းတာနဲ့ များတာပဲရှိမယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာတော့ မိုးရွာတာ သုံးရက်လောက်ရှိပြီ။ အတက်နေ့ကတည်းက မိုးရွာတယ်။ မိုးရွာတယ်ဆိုတဲ့အဆင့်ပါ။ မြစ်ရေက နည်းနည်းတက်လာခဲ့ပြီး အခုပြန်ကျနေတယ်။ မုန်တိုင်းဖြစ်နေတဲ့ အချိန်ကပေါ့။ မြစ်ရေခံပဲလိုမှာပါ။ မြစ်အောက်ဘက်ကလည်း မိုးမရွာတော့ မြစ်ရေပြန်ကျသွားတယ်။ ကျွန်တော်တို့ဆီက မိုးကြီးတဲ့အဆင့်လောက်တော့ မရွာသေးဘူး” ဟု ပြောကြားသည်။

ချင်းတောင်ခြေနှင့် ချင်းပြည်နယ်အတွင်းရှိ အချို့မြို့များတွင် ဧပြီ ၂၀ ရက် ဆက်သွယ်မေးမြန်းချက်များအရ မိုးအုံ့ခြင်းများ ရှိနေသော်လည်း ရာသီဥတု သာယာနေသည်ဟု သိရသည် ။

“မိုးကတော့ ဒီကနေ့ မနက် ၃ နာရီခွဲ၊ ၄ နာရီလောက်ကတည်းက မိုးတော်တော်သည်းခဲ့တယ်။ မနက်မိုးလင်းခါနီးအထိပဲ။ အခုတော့ မနက်ကတည်းက မှိုင်းတိုက်နေတာ (မြူတွေကျနေတာ) အခုအချိန်အထိ ဆိုပါတော့။ သင်္ကြန်တွင်းတုန်းကလည်း မိုးရွာသေးတယ်” ဟု လေရှီးမြို့မှ ဦးစစ်ကျော်က ပြောကြားသည်။

ယခုလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ လတတိယ ၁၀ ရက်ပတ် မိုးလေ၀သခန့်မှန်းချက်အရ သိရသည်။

အဆိုပါ ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။

ဧပြီလ နောက်ဆုံးပတ်အတွင်း မိုးရွာရက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ငါးရက်မှ ခြောက်ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တစ်ရက်မှ သုံးရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် နေ့အပူချိန်များအနေဖြင့် တစ်ပြည်လုံးတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Writer: 
ဆန်းထူးအောင်၊ အောင်သူထွန်း