ဖိလစ်ပိုင်သမ္မတ မစ္စတာဒူတာတေး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် နေပြည်တော်သို့ ရောက်ရှိ

ဖိလစ်ပိုင်သမ္မတ ဒူတာတေး နေပြည်တော်လေဆိပ်သို့ မတ် ၁၉ ရက်က ရောက်ရှိလာစဉ် (Photo: AFP)

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ဖိလစ်ပိုင်သမ္မတနိုင်ငံသမ္မတ မစ္စတာဒူတာတေးသည် မတ် ၁၉ ရက် ညနေ ၆ နာရီတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

ဧည့်သည်တော် ဖိလစ်ပိုင်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဦးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ညပိုင်းတွင် ဖိလစ်ပိုင်သမ္မတသည် မြန်မာနိုင်ငံရှိ ဖိလစ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရှိ ဖိလစ်ပိုင် အသိုက်အ၀န်းတို့နှင့် Horizon Lake View ဟိုတယ်တွင် သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ခရီးစဉ်အတွင်း နေပြည်တော်တွင်သာ နေထိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့သို့ လာရောက်မည် မဟုတ်ကြောင်းလည်း သိရသည်။

လူအများအပြား သေဆုံးရသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့် အပြောအဆို ကြမ်းတမ်းမှုများကြောင့် နာမည်ကျော်ကြားသော သမ္မတဒူတာတေးသည် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဇွန် ၃၀ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဒူတာတေးသည် စက်တင်ဘာလအတွင်းက လာအိုနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပထမဆုံးပြည်ပ ခရီးစဉ် သွားရောက်ခဲ့ပြီးဖြစ်သည်။

ဒူတာတေး၏ သမ္မတသက်တမ်းအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပရေးရာမူဝါဒများ ပြောင်းလဲမှုများ ကြီးမားခဲ့ကာ ကာလရှည် မဟာမိတ်ဖြစ်ခဲ့သည့် အမေရိကန်နှင့် စစ်ရေးပတ်သက်မှုကို လျှော့ချခဲ့သလို တရုတ်နိုင်ငံ ခရီးစဉ်အတွင်းတွင်လည်း ဖိလစ်ပိုင်အနေဖြင့် စစ်ရေး၊ စီးပွားရေးကဏ္ဍများတွင် အမေရိကန်နှင့် တသီးတခြား ရပ်တည်တော့မည်ဟု သမ္မတဒူတာတေးက ပြောကြားသည်။

ထို့ပြင် သမ္မတဒူတာတေးသည် ပုပ်ရဟန်းမင်းကြီး၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှင့် အမေရိကန်သမ္မတဟောင်း အိုဘားမားတို့ကိုလည်း ကြမ်းတမ်းသည့်စကား ပြောကြားခဲ့မှုများကြောင့် ထင်ရှားခဲ့သည်။

သမ္မတဒူတာတေး၏ ကြမ်းတမ်းသည့် စကားပြောဆိုမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလက လာအိုနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်သမ္မတဟောင်း အိုဘားမားက ၎င်းနှင့် တွေ့ဆုံရန် စီစဉ်ထားမှုကို ဖျက်သိမ်းခဲ့သည်အထိ ဆက်ဆံရေး တင်းမာခဲ့ပြီး နောက်ပိုင်းတွင် သမ္မတဒူတာတေးသည် ၎င်း၏ပြောဆိုမှုအတွက် ပြန်လည်တောင်းပန်ခဲ့သည်။

သမ္မတဒူတာတေးသည် ၎င်း၏ သမ္မတသက်တမ်းအတွင်း အာဆီယံနိုင်ငံများနှင့် ဂျပန်၊ တရုတ်၊ ပီရူးတို့ကို အလည်အပတ် ခရီးစဉ်များ သွားရောက်ထားသော်လည်း အမေရိကန်နိုင်ငံသို့ သွားရောက်ခြင်း မရှိသေးကြောင်း သိရသည်။ 

Writer: 
ဝီရမိုးနေ