မန္တလေးမြို့ မြို့နယ်သုံးခုတွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခွဲကျော်နှင့် အခြားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် မော်တော်ယာဉ်များကို တွေ့ရစဉ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်သုံးခုတွင် စိတ်ကြွဆေးပြား တစ်သိန်းခွဲကျော်နှင့် အခြားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က မူးယစ်တပ်ဖွဲ့စု (၁၉) မှ စုံစမ်းသိရသည်။

“ကနဦး မဟာအောင်မြေမြို့နယ်ထဲက မူးယစ်ဆေးဝါး ဖမ်းဆီးရမိရာမှတစ်ဆင့် ကွင်းဆက်တရားခံတွေကို ဖော်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။ စိုးဝင်းကို စစ်ဆေးရာကနေ တစ်ဆင့်ဝယ်ခဲ့တဲ့ တင်မောင်ဝင်းကို ဖမ်းမိဖို့ ဆောင်ရွက်ခဲ့တာပါ။ တင်မောင်ဝင်းကို ဖမ်းမိဖို့အတွက် သူ့လက်ရှိဇနီးကို အောင်ပင်လယ်ရပ်ကွက်မှာ တွေ့ရှိတယ်။ အဲဒီကမှတစ်ဆင့် ပုသိမ်ကြီးမှာ အိမ်ငှားနေတဲ့ တင်မောင်ဝင်းကို ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။ သုံးနေရာလုံးမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်” ဟုဖမ်းဆီးခဲ့သည့် မူးယစ်တပ်ဖွဲ့ (၁၉) မှ ဒုရဲအုပ်ခင်ဇော်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၃ နာရီခန့်က မူးယစ်တပ်ဖွဲ့များနှင့် နယ်မြေခံ တပ်ဖွဲ့များက သတင်းအရ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက်နေ စိုးဝင်း (ခ) အားဂူ (၄၁) နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေ စစ်ဆေးရာ နေအိမ်အိပ်ခန်း၊ ဗီရိုအတွင်းမှ ပလတ်စတစ်အိတ်ဖြင့် ထုပ်လျက် ဘိန်းဖြူ ၁၂ ဒသမ ၅ ဂရမ်၊ ICE ၂ ဂရမ်၊ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၃၈ ပြား၊ ဘိန်းဆီခဲ ဂရမ် ၆၀ အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ထို့အတူ ကွင်းဆက်သတင်းအရ ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီတွင် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် လမ်း ၅၀ နှင့် ယုဇနလမ်းနေ ဘိုင်ကြီးနေအိမ်သို့ ၀င်ရောက်ရှာဖွေ စစ်ဆေးရာ ဘိုင်ကြီးအား တွေ့ရှိရခြင်း မရှိဘဲ ၎င်း၏ဇနီးဖြစ်သူ မမိုးမိုးလွင် (၃၆နှစ်) အား တွေ့ရှိရပြီး ၎င်းတို့နေသည့် အိပ်ခန်းအတွင်း ဗီရိုအပေါ်ထပ် အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချရာတွင် ထုပ်ပိုးသည့် ပစ္စည်းများ တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ၅၀-၅၁ လမ်းကြား၊ ဂန္ဓမာလမ်းတောင်ဘက်ရှိ မမိုးမိုးလွင်၏ မိခင်နေအိမ်သို့ ၀င်ရောက်စစ်ဆေးရာ ICE ဟုယူဆရသော အကြည်ရောင် ပုံဆောင်ခဲ ၁ ဂရမ်ခန့်စီပါ ၃၇ အိတ်၊ အလေးချိန် ၃၇ ဂရမ် ခန့်၊ အနီရောင်တိပ်ဖြင့် ပတ်လျက် ICE ဟု ယူဆရသော အကြည်ရောင် ပုံဆောင်ခဲ အလေးချိန် ၂၇၃ ဂရမ်ခန့်ပါ တစ်တုံး၊ အကြည်ရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် တစ်အိတ်လျှင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော ၈၈ နှင့် ၁ စာတန်းပါ ပန်းရောင်ဆေးပြား ၅၀ စီပါ လေးထုပ်၊ အပြား ၄၀ စီပါ သုံးထုပ်၊ အပြား ၃၀ စီပါ ရှစ်ထုပ်၊ ၂၅ ပြားစီပါ ၁၀ ထုပ်၊ အပြား ၂၀ စီပါ ၁၀ ထုပ်၊ ၁၅ ပြားစီပါ ၁၀ ထုပ်၊ ပေါင်း ၄၅ ထုပ်၊ စုစုပေါင်းဆေးပြား ၁၁၆၀ ၊ စုစုပေါင်းအလေးချိန် ၁၁၆ ဂရမ်ခန့်၊ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် တစ်အိတ်လျှင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော ၈၈ နှင့် ၁ စာတန်းပါ ပန်းရောင်ဆေးပြား ၂၀၀ စီပါ ၁၀ ထုပ်၊ ၁၄၅ ပြားပါတစ်ထုပ်၊ ပေါင်း ၁၁ ထုပ်၊ စုစုပေါင်းဆေးပြား ၂၁၄၅ ပြား၊ စုစုပေါင်း အလေးချိန် ၂၁၄ ဒသမ ၅ ဂရမ်ခန့်ကို Kiwi စာတန်းပါ အလျား ၁၁ လက်မ၊ အမြင့် ၄ လက်မခန့်ရှိ အဖုံးပါ စက္ကူဘူးအတွင်း ထည့်လျက်ဖြင့် လည်းကောင်း၊ သတင်းစာစက္ကူဖြင့် ထုတ်ပိုးထားသည့် အဖုံးပါ ပင်နီဆီလင် ပုလင်းဖြင့်ထည့်လျက် တစ်လုံးလျှင် ဘိန်းဖြူဟု ယူဆရသော ဖြူ၊ ၀ါ ရောင်အမှုန့် ၀ ဒသမ ၂၅ ဂရမ်ခန့်စီပါ ၂၀ လုံး၊ စုစုပေါင်းအလေးချိန် ငါးဂရမ်ခန့်နှင့် အကြည်ရောင် ပလတ် စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက်တစ်အိတ်လျှင် ဘိန်းဆီခဲဟု ယူ ဆရသောအမည်းရောင် အခဲ ၃၂ ဂရမ်ခန့်စီ ပါ ၂၆ ထုပ်၊ စုစုပေါင်း အလေးချိန် ၈၃၂  ဂရမ်ခန့်ကို ကာတွန်းရုပ်ပုံများပါရှိသည့် အပြာရောင် ပလတ်စတစ် လက်ဆွဲအိတ်အတွင်း ထည့်လျက်ဖြင့်လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

ကွင်းဆက်သတင်းများအရ ဖေဖော်ဝါရီ ၁၆ နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ် မဲခင်းကုန်းကျေးရွာအုပ်စု၊ စည်သာရပ်ရှိ နေအိမ်သို့ မူးယစ်တပ်ဖွဲ့ဝင်များ ၀င်ရောက်ရှာဖွေ စစ်ဆေးရာ တင်မောင်ဝင်း (ခ) ဘိုင်ကြီးအား ၃၂ ဗို့ စပယ်ရှယ်ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၈၃ တောင့်နှင့် ဘိန်းဖြူဆပ်ပြာခွက်၂၉ ခွက်၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခုနစ်သောင်းကျော်၊ ဘိန်းဆီခဲ ၂၈ ထုပ်၊ အတက်စီဆေးပြား ၃၄ ပြားနှင့် အိုက်စ် ၁ ဒသမ ၀၅ ဂရမ်နှင့် ဆူဒို ဆေးပြား၂၀၀၀ နှင့် MDY-9C---- နံပါတ်ပါ မီဆူဘီရှီ ပါဂျဲရိုးကားတစ်စီး၊ YGN-7F နံပါတ်ပါ တိုရိုတာမတ်တူး တစ်စီးနှင့် လော်ဂျားဆိုင်ကယ် တစ်စီးတို့ကိုလည်း တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။                

Writer: 
ရန်ပိုင်၊ ဟေမာန်ဦး