အောင်ဝင်းခိုင် ဆိုသူအား ဒေါပုံမြို့နယ် ၀ါဆိုရပ်ကွက် မဏ္ဍိုင်လမ်းရှိ နေအိမ်တွင် ဒီဇင်ဘာလကုန်ပိုင်းက နောက်ဆုံးတွေ့မြင်ခဲ့ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြောကြား

ထွက်ပြေး တိမ်းရှောင်နေသည့် အောင်ဝင်းခိုင်၏ ဒေါပုံမြို့နယ် ၀ါဆိုရပ်ကွက် မဏ္ဍိုင်လမ်းရှိ နေအိမ်ကို ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

အောင်ဝင်းခိုင်ဆိုသူအား ဒေါပုံမြို့နယ် ၀ါဆိုရပ်ကွက် မဏ္ဍိုင်လမ်းရှိ နေအိမ်တွင် ဒီဇင်ဘာလကုန်ပိုင်းက နောက်ဆုံးတွေ့မြင်ခဲ့ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းတွင် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီအား လုပ်ကြံရန် ငွေကျပ်သိန်း ၁၀၀၀ ပေး၍ စေခိုင်းသူဟု ယူဆရသူမှာ ထွက်ပြေးလွတ်မြောက်နေသော ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ဆိုသူဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ဖေဖော်ဝါရီ ၁၅ ရက် သတင်းထုတ်ပြန်ချက် နောက်ဆက်တွဲ (၂) တွင် ဖော်ပြထားသည်။

ယင်းသို့ သတင်းထုတ်ပြန်ချက်အရ ဒေါပုံမြို့နယ် ၀ါဆိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူအား သွားရောက်မေးမြန်းရာ အောင်ဝင်းခိုင်ဆိုသူအား ဒီဇင်ဘာ ၂၅ ရက်က နောက်ဆုံးတွေ့မြင်ခဲ့ကြောင်း၊ ၀ါဆိုရပ်ကွက်တွင် နေထိုင်သည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်ကြောင်း ပြောကြားသည်။

“ဒီဇင်ဘာ ၂၅ ရက်က သူ လမ်းထွက်လျှောက်တာတော့ တွေ့တယ်။ အစ်ကိုတွေ့တာကို ပြောတာပေါ့။ ဒီရပ်ကွက်မှာ သူတို့နေတာ သုံးနှစ်ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ အခု လက်ရှိ အိမ်ဆောက်လို့ ပြီးတာတောင် ငါးလ ခြောက်လလောက်ပဲ ရှိသေးတယ်။ သူ့မိသားစုက ရှိတယ်။ သူ့မှာ သားနှစ်ယောက်၊ မိန်းမနဲ့ အိမ်ဖော်လေး တစ်ယောက် ရှိတယ်။ အရှေ့ပိုင်းခရိုင် ရဲတွေတော့ လာတယ်။ အစ်ကိုတို့နဲ့ ၀င်တယ်။ အဲဒီအိမ်က ဖုန်းသုံး လေးလုံး ယူသွားတယ်”ဟု ၀ါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက ပြောကြားသည်။

အောင်ဝင်းခိုင်ဆိုသူမှာ ဒေါပုံမြို့နယ် ၀ါဆိုရပ်ကွက်တွင် သီးခြားနေထိုင်သူ ဖြစ်ကြောင်း၊ ယခင်က ပြစ်ချက်ဟောင်း မရှိကြောင်း၊ ၀ါဆိုရပ်ကွက်ထဲရှိ ၎င်းတို့ပိုင်သည့် အိမ်တစ်လုံးတွင် အိမ်အငှား တင်ထားကြောင်း၊ ၎င်းတွင် အသက် ၁၃ နှစ်အရွယ်နှင့် ၁၈ နှစ်အရွယ်ရှိ သားနှစ်ဦးရှိကြောင်း ၀ါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါပုံမြို့မရဲစခန်းသို့ သွားရောက်မေးမြန်ရာ “အဲဒါက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ရှိတယ်။ အဲဒီကို မေးကြည့်ပါ။ ကျွန်တော်တို့က အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှကိုမသိတာ”ဟု ဒေါပုံမြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ဆိုသည်။  

Writer: 
ရှိုင်းလင်းအောင်