အမေနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲ အခမ်းအနား ပြည်မြို့တွင်ပြုလုပ်

အမေနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲ အခမ်းအနားတစ်ခု၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ ပြည်ခေမာဘုန်းတော်ကြီးကျောင်းတွင် ယနေ့ (ဇန်န၀ါရီလ ၁၂ ရက်) နံနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့တာဖြစ်ပြီး မိခင်မေတ္တာဖွဲ့ကဗျာများ၊ အခြားကဗျာ များကိုလည်း ရွတ်ဆိုခဲ့ကြကြောင်း သိရသည်။

“ဒီနေ့က ကျွန်တော်တို့ ကဗျာဆရာတွေတင် ကျင်းပရမဲ့နေ့ မဟုတ်ပါဘူး လူသားတိုင်းကျင်းပရမဲ့ ဆင်နွဲရမဲ့ နေ့တစ်နေ့ပါ လူတိုင်း မိခင်ကနေ မွေးဖွားလာကြတာပါ ကဗျာဆရာတွေက ကဗျာတွေရွတ်ကြသလို အခြားဂီတ၊ ပန်းချီ၊ အခြားအနုပညာတွေနဲ့ အမေ့မေတ္တာတွေကို ဖွဲ့နွဲ့ပုံဖော်ကြလို့ရပါတယ်။ သာမန်လူတွေလည်း အနည်းဆုံး အမေ့ကိုရည်စူးပြီး ကောင်းမှုကုသိုလ်လုပ်တာ အနိမ့်ဆုံး အမေကို ခြေစုပ်လက်နှယ် ပြုလုပ်ပေးတာမျိုးပဲ ဖြစ်ဖြစ်ပေါ့ ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှာ မိခင်တွေကို မမေ့ဘူး ဆိုတာမျိုး အခြားမိခင်တွေအတွက်ပါ ကဗျာတွေဖွဲ့ပြီး ရွတ်ဆိုခဲ့ကြတာပါ” ဟု ကဗျာဆရာ မျိုးညိန်းဇော်က ပြောသည်။

ကဗျာရွတ်ဆိုပွဲသို့ ရွှေတောင်၊ ပေါင်းတလည်၊ ၀က်ထီးကန်တို့မှ ကျောင်းသား၊ ကျောင်းဆရာ၊ သံဃာတော်၊ ကဗျာဆရာ/ဆရာမ (၃၀) ခန့်တက်ရောက်ခဲ့ကြသည်။

အမေနေ့ သတ်မှတ်ရာတွင် နိုင်ငံတကာ အမေနေ့အဖြစ် မေလ၏ ဒုတိယပတ်၊ တနင်္ဂနွေကို သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် ပြာသိုလပြည့်နေ့ကို သတ်မှတ်ကာ၊ ဆရာကြီးဦးသုခ၏ ကြိုးပမ်းမှုအဖြစ် ပထမဆုံး အမေနေ့ အခမ်းအနားကို ၁၉၉၅ ခုနှစ်တွင် မန္တလေးမြို့၌ စတင်ကျင်းပနိုင်ခဲ့ကြောင်း ကဗျာဆရာများထံမှ သိရသည်။

 

Writer: 
ဝေလင်း (ပြည်)