မြန်မာ-ထိုင်းနယ်စပ် မောတောင်ဒေသတွင် ရေပြန်ကျပြီ ဖြစ်သော်လည်း ချောင်းလမုနှင့် တာပလပ်ကျေးရွာများတွင် ရေကြီးမှုများကြောင့် နေအိမ်အလုံး ၆၀ ကျော် ရေနစ်မြုပ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းလမုကျေးရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)

မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် မြန်မာ-ထိုင်းနယ်စပ် မောတောင်ဒေသတွင် ရေပြန်လည် ကျဆင်းသွားပြီ ဖြစ်သော်လည်း ချောင်းလမုကျေးရွာနှင့် တာပလပ်ကျေးရွာများတွင် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာများတွင် ဇန်န၀ါရီ ၁၁ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အိမ်များ ရေနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ပြောင်းရွှေ့ပေးနေရကြောင်း သိရသည်။

“ ချောင်းလမုနဲ့ တာပလပ်မှာ ဒီနေ့ မိုးသည်းထန်ပြီး တောင်ကျရေတွေ ဆင်းလာလို့ အိမ်တွေ ရေနစ်မြုပ်ကုန်တယ်။ အခု ကယ်ဆယ်ရေးတွေ တက်သွားပါပြီ။ ချောင်းလမုမှာ အခြေအနေ ပိုဆိုးပါတယ်။ လောလောဆယ် နီးစပ်တဲ့ ကုန်းမြင့်ပိုင်းတွေကို ရွှေ့ပြောင်းပေးထားရပါတယ်”ဟု တနင်္သာရီမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ချောင်းလမုကျေးရွာတွင် အိမ် ၅၇ လုံး ရေနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်သူ ၂၉၈ ဦးရှိကာ တာပလပ်ကျေးရွာတွင် အိမ်ခုနစ်လုံး ရေနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်သူ ၂၈ ဦး ရှိကြောင်း သိရသည်။

ရေဘေးသင့်သူများကို နီးစပ်ရာ တောင်ကုန်းနှင့် ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်းပေးနေရပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

“ရိုးမထဲမှာ သစ်တွေ ခုတ်နေကြတော့ ရာသီဥတုတွေ ဖောက်ပြန်တဲ့အခါ ရေတွေကို မထိန်းထားနိုင်တော့ဘူး။ အားလုံး လူနေအိမ်ခြေတွေရှိတဲ့ မြေနိမ့်ပိုင်းကို ဆင်းလာတော့ ရေကြီးတာတွေ ဖြစ်လာတယ်။ နွေရာသီဆိုရင်လည်း တောမီးလောင်တာတွေ မကြာခဏ ဖြစ်နေတယ်”ဟု မောတောင်ဒေသခံတစ်ဦးက ပြောကြားသည်။

ရေဘေးသင့်သည့် နေရာများသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ဒေသခံများ သွားရောက်ကာကူညီ ဆောင်ရွက်ပေးနေကြပြီး မြိတ်မြို့နှင့် တနင်္သာရီမြို့နယ်များမှ စေတနာရှင်ပြည်သူများကလည်း လှူ ဒါန်းမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရေကြီးမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်ဒေသသို့ သွားရောက်ရသော ကားလမ်းများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး သွားလာမှု ပြတ်တောက်လျက်ရှိကြောင်း သိရသည်။              

Writer: 
ဇော်မိုးဦး (မြိတ်)