၁၉၉၅ မော်ဒယ်အောက် ဒိုင်နာနှင့် ဘီအမ်ယာဉ်များကို မြို့ပြင်ယာဉ်လမ်းကြောင်းများတွင် သုံးလ ဆက်လက်ပြေးဆွဲခွင့်ပြု

၁၉၉၅ မော်ဒယ်အောက် ဒိုင်နာနှင့် ဘီအမ်ယာဉ်များကို မြို့ပြင်ယာဉ်လမ်းကြောင်းများတွင် သုံးလ ဆက်လက်ပြေးဆွဲခွင့်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဇန်န၀ါရီ ၁၁ ရက်က တောင်ဥက္ကလာပမြို့နယ် အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် ပြုလုပ်သည့် ယာဉ်ပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ယာဉ်ပိုင်ရှင်များက ပြောကြားသည်။

“၀န်ကြီးပြောသွားတာက ယာဉ်ပိုင်ရှင်တချို့ အခက်အခဲမဖြစ်အောင် အခုလို စီစဉ်တာလို့ ပြောပါတယ်။ အဲဒီယာဉ် (၁၉၉၅ မော်ဒယ်အောက်) တွေကို အခုထုတ်ထားတဲ့ လမ်းကြောင်း ၆၀ မှာ ပြေးဆွဲခွင့် မပေးဘူး။ ကျန်တဲ့ လိုင်းတွေမှာ ပြေးဆွဲခွင့် သုံးလပေးမယ်။ အဲဒီကာလမှာ ကိုယ့်ဆီမှာလုပ်တဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေက ပြဿနာမဖြစ်စေရပါဘူးဆိုတဲ့ ခံဝန်ထိုးခိုင်းတယ်” ဟု ၄၅ အဲကွန်းဘတ်စ်ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောကြားသည်။

အဆိုပါ ဘီအမ်နှင့် ဒိုင်နာယာဉ်များ၏ ပြေးဆွဲရမည့် လမ်းကြောင်းများမှာ မကြာမီ ထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ သုံးလ ကုန်ဆုံးပြီးပါက ကားသစ်များ အစားထိုးလဲလှယ်ရမည်ဟု ၀န်ကြီးက ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ ဆုံးဖြတ်မှုအပေါ် ယာဉ်ပိုင်ရှင်များကလည်း ကြိုဆိုကြောင်း၊ ယခုကဲ့သို့ အပြောင်းအလဲပြုလုပ်မည်ကို သက်ဆိုင်ရာ ယာဉ်လိုင်းတာဝန်ရှိသူများက ပြောကြားခဲ့ခြင်း မရှိသဖြင့် အခက်အခဲတွေ့ရခြင်း ဖြစ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်သည့် ဘီအမ်ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ဇန်န၀ါရီ ၁၆ ရက်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများအားလုံးကို ဖျက်သိမ်းကာ ယာဉ်လိုင်းနံပါတ်သစ်များ သတ်မှတ်ကာ ယာဉ်အသစ်များဖြင့် အစားထိုးလဲလှယ်၍ ပြေးဆွဲရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

Writer: 
ဇော်မင်းနိုင်