တိုင်ကြားခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အား စစ်ဆေးရာတွင် တစ်ဦးမှာ ဂုဏ်သိက္ခာနှင့် မလျော်ညီသော အလုပ်လုပ်ထားကြောင်း NLD လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဥာဏ်ဝင်း ပြောကြား

တိုင်ကြားခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အား စစ်ဆေးရာတွင် တစ်ဦးမှာ ဂုဏ်သိက္ခာနှင့် မလျော်ညီသော အလုပ်လုပ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဥာဏ်ဝင်းက ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်၌ ဇန်န၀ါရီ ၉ ရက်ကပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရန်ပုံငွေသိန်း ၂၀၀၀ အား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ရန် အစိုးရအဖွဲ့သို့ ပေးအပ်သည့် အခမ်းအနားအပြီး၌ မီဒီယာများ၏ မေးမြန်းမှုအပေါ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာနဲ့မလျော် ညီတဲ့ အလုပ်လုပ်တာ အဲဒါပဲ။ တနင်္သာရီနှစ်ဦးထဲက တစ်ဦးပါပဲ။ ဘယ်သူဆိုတာပြောဖို့ သိပ်မသင့်တော်ဘူး။ ကျွန်တော်က Report လုပ်တဲ့လူပဲလေ။ ဆုံးဖြတ်တဲ့သူမဟုတ်ပါဘူး” ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှာ လွှတ်တော်လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အားနည်းခြင်းနှင့် လွှတ်တော်တင်ဒါခေါ်ယူရာတွင် နီးစပ်သူများအား ချထားပေးသောကြောင့် ပြန်လည်စိစစ်ပေးရန် လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ် ၁၉ ဦးက လက်မှတ်ရေးထိုး၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးနှင့် ပါတီတာဝန်ရှိသူများထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားခံခဲ့ရသည့် ကာယကံရှင်များ၏ ပြောကြားထားချက်အရ သိရသည်။

အဆိုပါ တနင်္သာရီတိုင်းဒေသကြီးဖြစ်စဉ် နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကိုယ်တိုင် သွားရောက်စစ်ဆေးခြင်းမှာ နားလည်မှုလွဲခြင်းဖြစ်ပြီး ဦးဝင်းမြင့်မှာ မူလကတည်းက စီစဉ်ထားသည့်ခရီးစဉ်အား သွားရောက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီလိုမဟုတ်ဘူးဗျ။ နည်းနည်းနားလည်မှု လွဲသွားတာ။ အန်ကယ်ဦးဝင်းမြင့်က သူ့ခရီးစဉ်ရှိတယ်။ နဂိုကတည်းက။ အဲဒီတော့ရှိတော့ အဲဒီမှာ အချက်တစ်ချက်၊ နှစ်ချက်ကို သူကိုယ်တိုင်တွေ့ပြီး မေးခဲ့မယ်။ ဒါပြောသွားတယ်။ သူ့ကိုစစ်ဆေးဖို့ လွှတ်လိုက်တာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ဥက္ကဋ္ဌကြီး ဘယ်လွှတ်လို့ရမှာတုံး” ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ထို့ပြင် တိုင်ကြားခံရသူများမှာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအပြင် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့လည်း ပါဝင်ပြီး သုံးဦးစလုံးနှင့်ပတ်သက်သည့် သီးခြားစီ အစီရင်ခံစာများအား လေ့လာသုံးသပ်ရေးအဖွဲ့အနေဖြင့် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့သို့ ပေးပို့ပြီးဖြစ်ကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း ဇန်န၀ါရီ ၇ ရက်က ကျင်းပသည့် အစည်းအဝေးတွင် စဉ်းစားသုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက်အား အစီရင်ခံစာတင်ပြီးဖြစ်၍ အစီရင်ခံစာအပေါ် အုပ်ချုပ်ရေးပိုင်းက အကောင်အထည်ဖော်လိမ့်မည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

“မွန်ကိစ္စကတော့ နည်းနည်းစောင့်ရဦးမယ်။ အကြောင်းအရာလေးတွေ ရှိသေးတယ်။ တနင်္သာရီတိုင်းကတော့ ကျွန်တော်စစ်တာပဲ။ ကျွန်တော်စစ်တာ အလွဲသုံးစားတို့ ဘာတို့ညာတို့ မတွေ့ဘူး။ အစီရင်ခံစာတင်ပြီးပြီ။ အဲဒီအစီရင်ခံစာပေါ်မှာ မူတည်ပြီးတော့ပဲ ဦးဝင်းမြင့်ကရောက်တုန်း သူအဲဒါတွေကို ထပ်မေးလိုက်ဦးမယ် အဲဒီလိုပြောသွားတယ်။ (အရေးယူမှု အတိုင်းအတာ) ကျွန်တော်ထင်တယ်။ ကျွန်တော်အတိအကျ မသိဘူးနော်။ ကျွန်တော်ကလည်း ဆုံးဖြတ်လို့မရဘူး။ တစ်ယောက်ပဲ နည်းနည်းပြဿနာရှိတယ်။ တနင်္သာရီကတစ် ယောက်ပဲရှိတယ်” ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှာမူ မည်သည့်ကိစ္စရပ်ကြောင့် တိုင်ကြားခံရသည်ကို မသိရှိရသော်လည်း ၎င်းအနေဖြင့် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်မည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘီးလင်းမဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး လက်ရှိတွင် ၀န်ကြီးချုပ်ရာထူးအပြင် မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ကို ပူးတွဲကိုင်တွယ်ထားသည်။

ဆက်လက်၍ ဦးဥာဏ်ဝင်းက “ကျွန်တော်တို့ ဒီလိုဖြစ်စဉ်မျိုးဖြစ်မယ်ဆိုတာ ကျွန်တော်တို့ အစောကြီးကတည်းက မှန်းထားပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲဝင်တယ်။ ၂၀၁၅ အပြည့်အစုံ လူတွေအများကြီးဝင်လာတာ။ စိစစ်တာကိုကအစ ကျွန်တော်တို့မှာ အချိန်သိပ်မရဘူး။ အချိန်နည်းတဲ့အခါမှာ ကျေကျေနပ်နပ်ကြီး အကုန်မစိစစ်နိုင်ဘူး။ ဒီလိုအမှားမျိုးတွေ ဒီလိုလူမျိုးတွေပါလာမယ် ဆိုတာလည်း မျှော်မှန်းထားပါတယ်။ အဲဒီတော့ ပါလာရင်လည်း ပါလာသလို သန့်ရှင်းအောင်လုပ်ရမှာပေါ့။ ဒါကတော့။ ပါတီသန့်ရှင်းမှလည်း အများပြည်သူကျေနပ်မှာ” ဟု ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့အား NLD လေ့လာသုံးသပ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်တွင် ခေါ်ယူမေးမြန်းမှုပြုလုပ်ထားသည်။

ယခုဖြစ်စဉ်များအပေါ် အခြေခံ၍ အခြားသော ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း အဓိက စည်းကမ်းလိုက်နာကြရန်၊ မိမိကိုယ်ကိုယ် ထိန်းသိမ်းရန်၊ လူကြီးများဖြစ်သွားပြီဖြစ်သဖြင့် လူကြီးကဲ့သို့ ပြောဆိုနေထိုင်တတ်ရန်လိုကြောင်း ဦးဥာဏ်ဝင်းက သတိပေးစကားပြောကြားသည်။

Writer: 
ကျော်ဇင်ဝင်း၊ ၀ီရမိုးနေ