အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မြိတ်ခရိုင်အတွင်းရှိ မြန်မာ-ထိုင်း နယ်စပ်ဒေသ တစ်လျှောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ

မောတောင်ဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို ဇန်န၀ါရီ ၉ ရက်က တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်ခရိုင်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်ဒေသ တစ်လျှောက်တွင် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အချိန်အခါမဟုတ် မိုးရွာသွန်းမှုမှာ မြန်မာနိုင်ငံ ဒေသတချို့တွင် ဖြစ်ပေါ်ခဲ့သလို မြိတ်ခရိုင်တွင်လည်း ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေခဲ့ပြီး နယ်စပ်ဒေသများတွင် မိုးရွာသွန်းမှု ပိုမိုများပြားခဲ့ကြောင်း သိရသည်။ မြိတ်ခရိုင်အတွင်းရှိ မြန်မာနယ်စပ်ဖြစ်သည့် မောတောင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“မိုးကတော်တော်လေးကို ကြီးနေပါတယ်။ အခုလက်ရှိ အခြေအနေအထိ မိုးရွာတာ လျော့သွားမယ့်ပုံ မတွေ့ရသေးဘူး။ မိုးရွာတာလည်း လေးရက်၊ ငါးရက်လောက် ရှိနေပြီ အခုမောတောင်မှာ ဆေးရုံးနားက အေးသာယာရပ်ကွက်နှင့် ဗန္ဓုလရပ်ကွက်တွေ ရေကြီးနေပါတယ်။ ထိုင်းနိုင်ငံအတွင်းက ပရာကျွတ် မြို့ထဲမှာလည်း မိုးအရမ်းရွာနေလို့ ရေကြီးနေပါတယ်။ မိုးရေတွေနှင့်အတူ သစ်တိုသစ်စတွေ ရေစီးနှင့် မျောပါလာတာ တွေ့ရတယ်။ လူတွေ ထိခိုက်မှုတော့ မရှိပါဘူး” ဟု မောတောင်ဒေသခံ ဦးလွမ်းကိုက ပြောကြားသည်။

အိမ်အချို့ ရေနစ်မြုပ်နေမှုကြောင့် လျှပ်စစ်မီးများ ဖြတ်တောက်ထားရပြီး မိုးရွာနေသည့်ရက်မှာလည်း ကြာနေပြီဖြစ်ကြောင်း သိရသည်။ “မြိတ်-မောတောင် ကားလမ်းကတော့ အခြေအနေ မဆိုးသေးပါဘူး။ ကားတချို့ တက်လာနေတာတော့ တွေ့တယ်။ တချို့ကားတွေကတော့ ရေနစ်မြုပ်နေလို့ ကားကြီးတွေနှင့် ဆွဲပေးနေရတာတွေ ရှိပါတယ်။ မိုးရွာတာများနေပေမယ့် တောင်ကျရေတွေ မဆင်းလာသေးလို့ တော်သေးတယ် မြေနိမ့်ပိုင်းတွေတော့ ရေနစ်နေတယ်။ ညပိုင်းအချိန်မျိုးမှာတော့ သတိထားဖို့ လိုလိမ့်မယ်” ဟု မောတောင်ဒေသခံ တစ်ဦးမှ ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။ ထိုင်းနိုင်ငံတစ်ဝန်း သည်းထည်စွာ ရွာသွန်းနေသည့်မိုးကြောင့် နယ်စပ်ဒေသများတွင်လည်း သက်ရောက်မှုရှိနေပြီး မြိတ်ခရိုင်နှင့် နယ်ချင်းထိစပ်နေသော ပရာကျွတ်ခီရီခံခရိုင် အတွင်းရှိ ပရာကျွတ်၊ ထောင်စကဲနှင့် တခြားမြို့များတွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ ရေကြီးနေသည့် နေရာများတွင် ရေဘေးကာကွယ် တာဆီးရေးများ ဆောင်ရွက်နေပြီး ကားလမ်းတချို့မှာလည်း ပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး လေးခုတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလမှလည်း ထုတ်ပြန်ထားသည်။       

Writer: 
ဇော်မိုးဦး