ပြည်တွင်း သတင်းများ

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ဒေါ်လာ ၇ သန်းတန် Cyclotron ပါသည့် ကင်ဆာရောဂါရှာဖွေရေးစက် Pet-CT ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဦးဆုံးတပ်ဆင်

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ဒေါ်လာ ၇ သန်းတန် (ကျပ်ငွေ ၇ ဘီလျံ) Cyclotron ပါသည့် ကင်ဆာရောဂါရှာဖွေရေးစက် Pet-CT ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဦးဆုံးတပ်ဆင်လျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပထံမှ သိရသည်။

ငရုတ်ကောင်းဒေသ၌ ကျောက်မီးသွေးစက်ရုံစီမံကိန်း လုပ်ဆောင်ရန် လျာထားသည့် ကုမ္ပဏီနှင့် တာဝန်ရှိသူတို့ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ ဒေသခံများက စီမံကိန်းကို ကန့်ကွက်ခဲ့ကြ

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသ၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း လုပ်ဆောင်ရန် လျာထားနေသည့် ကုမ္ပဏီနှင့် အစိုးရတာဝန်ရှိသူတို့ နံ့သာပုကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် မေ ၆ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ တက်ရောက်လာသော ဒေသခံများက စီမံကိန်းကို ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

ရာသီဥတု ပူပြင်းမှုကြောင့် သွေးလှူဘဏ်တွင် သွေးလာရောက်လှူဒါန်းသူ နည်းပါးနေပြီး သွေးပြတ်လပ်မှုများ ရှိနေ

ရာသီဥတု ပူပြင်းမှုကြောင့် အမျိုးသားသွေးလှူဘဏ်တွင် သွေးလာရောက်လှူဒါန်းမှု နည်းပါးနေပြီး သွေးပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

အမျိုးသားသွေးလှူဘဏ်မှ ပျမ်းမျှအားဖြင့် နေ့စဉ်သွေးလိုအပ်မှုမှာ သွေးယူနစ် (ပုလင်း) ၂၀၀ ဖြစ်ပြီး လက်ရှိတွင် နေ့စဉ်သွေးရရှိမှုမှာ သွေးယူနစ် ၅၀ ခန့်သာ ရှိနေကြောင်းနှင့် ယခင်နှစ်များတွင် ယခုကဲ့သို့ သွေးပြတ်လပ်မှုများကို မကြုံတွေ့ခဲ့ရဖူးကြောင်းနှင့် ယခုနှစ်တွင်မှ ရာသီဥတု အခြေအနေကြောင့် သွေးလာရောက်လှူဒါန်းသူ နည်းပါးပြီး သွေးပြတ်လပ်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဒေါ်လာနှုန်း ဆက်လက်မြင့်တက်နေပြီး ကျပ် ၁၁၀၀ ကျော်ထိ ရှိလာ

ယခုတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ တန်ဖိုးသည် မြန်မာကျပ်ငွေနှင့် လဲလှယ်ရာတွင် ဆက်လက်မြင့်တက်လာပြီး မေ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ကျပ် ၁၁၀၀ ၀န်းကျင်နှင့် ရောင်းဈေး ၁၁၀၅ ကျပ်ရှိနေကြောင်း သိရသည်။

တရားပွဲများ ပါမစ်လွတ်ကင်းစွာ ပြုလုပ်ခွင့် ရရှိရေးနှင့် တရားစီရင်ရေးအား အုပ်ချုပ်ရေးမှ ၀င်ရောက်စွက်ဖက်မှု မရှိရေး ကြွေးကြော်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသူများ၏အမှု မေ ၂၀ ရက်တွင် အပြီးသတ် အမိန့်ချမည်

တရားပွဲများ ပါမစ်လွတ်ကင်းစွာ ပြုလုပ်ခွင့်ရရှိရေးနှင့် တရားစီရင်ရေးအား အုပ်ချုပ်ရေးမှ ၀င်ရောက်စွက်ဖက်မှု မရှိရေး ကြွေးကြော်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသော ရွှေပြည်သာမြို့နယ် နေထိုင်သူခြောက်ဦးအား မေ ၆ ရက်တွင် ရွှေပြည်သာတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

အဆိုပါ ရုံးချိန်းတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသော အမှုအတွက် အပြီးသတ် လျှောက်လဲချက်ကို စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေမှ တရားသူကြီးထံသို့ တင်ပြခဲ့ပြီး တရားသူကြီးက မေ ၂၀ ရက်တွင် အမိန့်ချမှတ်မည်ဟု ချိန်းဆိုခဲ့ကြောင်း စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

ပဲခူးတိုင်း၌ လူနှစ်ဦးအား လက်ပြန်ကြိုးတုပ်သတ်ဖြတ်ပြီး ကားပေါ်မှ ပစ်ချခဲ့သည့် ဖြစ်စဉ်နည်းတူ ရက်စက်စွာ သတ်ဖြတ်ခံရပြီး ရဲတပ်ဖွဲ့မှ တရားခံ မဖော်ထုတ်နိုင်သေးသည့်ဖြစ်စဉ် အများအပြား ကျန်ရှိနေ

ပဲခူးတိုင်းဒေသကြီး အင်းတကော်၌ လူနှစ်ဦးအား လက်ပြန်ကြိုးတုပ် သတ်ဖြတ်ပြီး ကားပေါ်မှပစ်ချခဲ့သည့် ဖြစ်စဉ်နည်းတူ ရက်စက်စွာ သတ်ဖြတ်ခံရပြီး ရဲတပ်ဖွဲ့မှ တရားခံဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့် ဖြစ်စဉ်များ ကျန်ရှိနေသေးကြောင်း အခင်းဖြစ်ပွားရာနေရာနှင့် သက်ဆိုင်သည့် ရဲစခန်းများမှ မေ ၆ ရက်တွင် စုံစမ်းသိရှိရသည်။

မကြာမီပြဋ္ဌာန်းရန် စီစဉ်သည့် သစ်တောဥပဒေသစ်တွင် သစ်ခိုးထုတ်မှုနှင့်စပ်လျဉ်းသော အမှုတစ်ခုချင်းအလိုက် ထောင်ဒဏ် နှစ်ဆမှ ငါးဆအထိ တိုးမြှင့်သတ်မှတ်

မကြာမီပြဋ္ဌာန်းရန် စီစဉ်သည့် ပြင်ဆင်ထားသော သစ်တောဥပဒေသစ်တွင် သစ်ခိုးထုတ်မှုနှင့် စပ်လျဉ်းသော အမှုတစ်ခုချင်းအလိုက် ထောင်ဒဏ်နှစ်ဆမှ ငါးဆအထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

၁၉၉၂ ခုနှစ်က ပြဋ္ဌာန်းထားသော သစ်တောဥပဒေမှာ လက်ရှိခေတ်စနစ်ဖြင့် လျော်ညီခြင်း မရှိတော့သောကြောင့် ပြင်ဆင်မှုများကို လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက စတင်လုပ်ဆောင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

ပန်ဆန်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များအား ‘၀’ ဒေသ မိုင်းမောမြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုးမှုများ လိုက်လံပြသ

ရှမ်းပြည်နယ် ပန်ဆန်း(ပန်ခမ်း) မြို့၌ ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ခေါင်းဆောင်များအား အိမ်ရှင် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSP/UWSA) က မေ ၅ ရက်တွင် ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိုင်းမောခရိုင် မိုင်းမောမြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုးမှုများအား လိုက်လံပြသခဲ့သည်။

ဒလမြို့နယ် ပျော်ဘွယ်ကြီးနယ်မြေ ခနောင်/ရှမ်းစုကျေးရွာ၌ ဖြစ်ပွားခဲ့သည့် သောက်ရေကိစ္စ အငြင်းပွားရာမှ မိသားစုတစ်စုအား အုပ်စုဖွဲ့ရိုက်နှက်မှုတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ပါဝင်နေ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပျော်ဘွယ်ကြီးနယ်မြေ ခနောင်/ရှမ်းစုကျေးရွာ၌ သောက်ရေကိစ္စ အငြင်းပွားရာမှ မိသားစုတစ်စုအား အုပ်စုဖွဲ့ရိုက်နှက်မှုတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများပင် ပါဝင်နေကြောင်း ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကြည်လွင်က ပြောကြားသည်။

မေ ၅ ရက်က ဒလမြို့မရဲစခန်းတွင် ယင်းဖြစ်စဉ်အား မြို့ခံများနှင့် သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့စဉ် ခရိုင်ရဲမှူးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မကွေးမြို့၌ ကုန်တင်ကုန်ချ ကားကြီးကွင်းတစ်ခု တည်ဆောက်နေပြီး မေ ၃၀ ရက်မှစ၍ မြို့တွင်းသို့ ကုန်တင်ကားကြီးများ ၀င်ရောက်ခွင့်ပြုတော့မည် မဟုတ်

မကွေးမြို့၌ မရှိဖူးသေးသည့် ကုန်တင်ကုန်ချ ကားကြီးကွင်းတစ်ခုကို မကွေးမြို့ မြို့ရှောင်လမ်း၌ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် တည်ဆောက်နေပြီး မေ ၃၀ ရက်မှစ၍ ယင်းကွင်းတွင်သာ ကုန်တင်ကုန်ချ ပြုလုပ်ရမည်ဖြစ်ကာ မြို့တွင်းသို့ ကုန်တင်ကားကြီးများ ၀င်ရောက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

မြ၀တီ ကုန်သွယ်ရေးဇုန်၌ ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့နှင့် တရားမ၀င် ကုန်သွယ်ခွင့်မဲ့ တားမြစ်ကုန်ပစ္စည်းများ ဖျက်ဆီး

မြန်မာ-ထိုင်းနယ်စပ် မြ၀တီကုန်သွယ်ရေးဇုန် ၀င်းအတွင်း၌ ကျပ်သိန်းပေါင်း ၁၀၇၈ ဒသမ ၇၀ တန်ဖိုးရှိ အရက်၊ ဘီယာ၊ ကွမ်းစားဆေး စသည့် အကောက်ခွန်မဲ့နှင့် တရားမ၀င် ကုန်သွယ်ခွင့်မဲ့ တားမြစ်ကုန်ပစ္စည်းများအား မေ ၆ ရက်နံနက် ၉ နာရီခန်က စက်ဖြင့်ကြိတ်၍ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

လပွတ္တာ သုံးမိုင်မြို့သစ်တွင် ၀င်ရောက်နေထိုင်နေကြသည့် နာဂစ်ဒုက္ခသည် နေအိမ်များအား အမြန်ဆုံးဖျက်သိမ်း ပြောင်းရွှေ့ပေးရန် ဒေသဆိုင်ရာ တာဝန်ရှိသူများက တားမြစ်

လပွတ္တာ သုံးမိုင်မြို့သစ်တွင် ၀င်ရောက်နေထိုင်နေကြသည့် နာဂစ်ဒုက္ခသည်များ၏ နေအိမ်များကို အမြန်ဆုံးဖျက်သိမ်း ပြောင်းရွေ့ပေးရန် ဒေသဆိုင်ရာ တာဝန်ရှိသူများက နေ့စဉ်လာရောက်တားမြစ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ကမာရွတ်မြို့နယ် မြကန်သာအိမ်ရာကစားကွင်း၌ သေဆုံးခဲ့သူအား လူသတ်မှုကျူးလွန်သူ လေးဦးကို ဖမ်းဆီးရမိ

ကမာရွတ်မြို့နယ် မြကန်သာအိမ်ရာ ကစားကွင်း၌ သေဆုံးခဲ့သူအား လူသတ်မှု ကျူးလွန်သူ လေးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မေ ၆ ရက်တွင် စုံစမ်းသိရသည်။

တော်ဝင်နှင်းဆီအမှု၌ သားဖွားမီးယပ်ဆရာဝန်မကြီးနှင့် တံတားဦးလေဆိပ်တာဝန်ခံတို့အား မေ ၅ ရက်တွင် သက်သေထွက်ဆိုရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် မေ ၁၄ ရက်သို့ ထပ်မံချိန်းဆိုထား

တော်ဝင်နှင်းဆီ၌ တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးကုသမှုတွင် တော်ဝင်နှင်းဆီဆေးရုံမှာ ပူးပေါင်းပါဝင် အကျိုးတူဆောင်ရွက်မှုများရှိခဲ့သည်ဟု မန္တလေးဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာသောင်းလင်းက ဧပြီ ၂၉ ရက်က ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ထွက်ဆိုခဲ့သည်။  ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ်ဆရာဝန်မကြီး ဒေါက်တာမြသီတာနှင့် တံတားဦးလေဆိပ်တာဝန်ခံ ဦးထူးအောင်အား မေ ၅ ရက် တွင် သက်သေထွက်ဆိုရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းရှိသဖြင့် မေ ၁၄ ရက် သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။ 
 

အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား ရေးမြို့နယ် ဒေသခံ ၆၀၀၀ ကျော် ကန့်ကွက်ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာ ဖာလိန်ဒေသတွင် တည်ဆောင်ရန်စီစဉ်နေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ဒေသခံများက ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ဟော ပြောပွဲကို ဧပြီ ၅ ရက် နံနက် ၇ နာရီက အဆိုပါကျေးရွာရှိ ကျေးရွာဘောလုံးကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 

လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးအလောင်းအား အင်းတကော်မြို့ရွှေပြည်ဆည်သွားရာ ကားလမ်းနံဘေးတွင် လာရောက်စွန့်ပစ်မှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့တွင် လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမည်မသိ အမျိုးသားနှစ်ဦးအလောင်းကို လာရောက်စွန့်ပစ်မှု မေ ၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
 
အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးမှာ အသက် ၄၀ ၀န်းကျင်ခန့်ရှိပြီး ၎င်းတို့ကို ပရိုဘောက်ယာဉ်အဖြူရောင်ဖြင့် လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး မန္တလေး-ရန်ကုန် ကားလမ်းမအတိုင်း ရန်ကုန်ဘက်သို့ ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ရှိရသူ၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
 

ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် ရမည်းသင်းမြို့တွင် လက်ပတ်ဖြူလှုပ်ရှားမှုပြုလုပ်

ဒီမိုကရေစီပညာရေးအတွက် မန္တလေးမှရန်ကုန်သို့ လမ်းလျှောက်ချီတက်ကာ ဆန္ဒပြတောင်းဆိုခဲ့သည့် ဒီမိုကရေစီပညာရေးပင်မစစ်ကြောင်းမှ ကျောင်းသားကျောင်းသူများနှင့် ၀န်းရံသူစုစုပေါင်း ၇၀ ကို ပြန်လည်လွှတ်ပေးရန်အတွက် ရမည်းသင်းမြို့၌ မေ ၅ ရက် နံနက်ပိုင်းတွင် လက်ပတ်ဖြူလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်အထိ နေ့အပူချိန်မြင့်တက်နေပြီး မန္တလေးဆေးရုံကြီးသို့ အပူလွန်ကဲ၍ ရောက်ရှိလာသောလူနာများရှိလာ

မန္တလေးမြို့တွင် မေလဆန်းပိုင်းမှစတင်ကာ နေ့အပူချိန်များ သိသာစွာမြင့်တက်လျက်ရှိပြီး လက်ရှိတွင် မန္တလေးမြို့ နေ့အပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်အထိရှိလာရာ မန္တလေးဆေးရုံကြီးသို့ အပူလွန်ကဲ၍ ရောက်ရှိလာသော လူနာရှိလာကြောင်း သိရသည်။

မန္တလေးမြို့နေ့အပူချိန်များမှာ မေလတစ်ရက်နေ့မှစတင်၍ သိသာစွာမြင့်တက်လာပြီး ယခုရက်ပိုင်းအတွင်း နေ့အပူချိန်မှာ မေ ၄ ရက်တွင် ၄၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း မေ ၅ ရက်တွင် ၄၂ ဒသမ  ၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ၀န်ကြီးဌာနသုံးစွဲငွေ၏ ၂၅ ရာခိုင်နှုန်းနှင့် ကုသရေးဦးစီးဌာနအတွက် ၀န်ကြီးဌာနသုံးစွဲငွေ၏ ၆၆ ရာခိုင်နှုန်းကျော်သုံးစွဲမည်

ကျန်းမာရေးဝန်ကြီးဌာနတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများကို ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ၀န်ကြီးဌာနတစ်ခုလုံး သုံးစွဲငွေ၏ ၂၅ ရာခိုင်နှုန်း၊ ကုသရေးဦးစီးဌာနမှ ၆၆ ရာခိုင်နှုန်းကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မေ ၄ ရက်တွင် မီဒီယာများအား ပြောကြားသည်။

ဗကသကျောင်းသူ မပိုပိုနှင့် ၀န်းရံပြည်သူ ကိုဝင်းကျော့မှူးတို့အား ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မလေးခုဖြင့် ကမာရွတ်တရားရုံး၌ လေးကြိမ်မြောက်ရုံးထုတ်

ပင်မကျောင်းသားသပိတ်စစ်ကြောင်း၌ ပါဝင်ခဲ့သည့် ကျောင်းသူမပိုပိုနှင့် ၀န်းရံပြည်သူတစ်ဦးဖြစ်သည့် ကိုဝင်းကျော့မှူးတို့အား ပုဒ်မ-၅၀၅(ခ)အပါအ၀င် ပုဒ်မလေးခုဖြင့် မေ  ၅ ရက် နံနက်ပိုင်းတွင် လေးကြိမ်မြောက်ရုံးထုတ်ခဲ့ကြောင်း သိရသည်။

(၆၉) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် လေယာဉ်နှင့် မော်တော်ယာဉ်များအား မီးငြှိမ်းသတ်သည့် သရုပ်ပြမှုများအပါအ၀င် အသက်ကယ်ဆယ်ရေးစွမ်းရည်များပြသ

(၆၉) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ရန်ကုန်တိုင်းအဆင့်အခမ်းအနားကို မေ ၅ ရက် နံနက် ၇ နာရီတွင် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံမီးသတ်ဌာနချုပ်ရှိ စစ်ရေးပြကွင်းတွင်ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် လေယာဉ်နှင့် မော်တော်ယာဉ်တို့အား မီးငြှိမ်းသတ်သည့် သရုပ်ပြမှုများအပါအ၀င် အသက်ကယ်ဆယ်ရေးစွမ်းရည်များပြသခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ခရုပတ်ပုံလမ်းကြောင်းများ ပါဝင်သော တာမွေ ငါးခွဆုံ ခုံးကျော်တံတားဆောက်လုပ်ရန် ဂျပန်အစိုးရထံ အကူအညီတောင်းခံရာ ကုန်ကျစရိတ်များ၍ အကူအညီ မရ

ခရုပတ်ပုံလမ်းကြောင်းများပါဝင်သော တာမွေလမ်းငါးခွဆုံ ခုံးကျော်တံတား ဆောက်လုပ်ပေးရန် မူလက ဂျပန်အစိုးရထံ အကူအညီတောင်းခံခဲ့သော်လည်း ကုန်ကျစရိတ်များပြားခြင်းကြောင့် ဂျပန်အစိုးရ၏ အကူအညီမရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
 

တရုတ်သံရုံးရှေ့ဆန္ဒပြမှုကြောင့် ပုဒ်မ လေးခုဖြင့် တရားစွဲခံထားရသူများက ၎င်းတို့တွင် အပြစ်မရှိကြောင်း အပြီးသတ်လျှောက်လဲချက်ပေး

လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့  တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကိုနေမျိုးဇင်ပါ ခြောက်ဦးအား ဒဂုံတရားရုံးက မေ ၅ ရက်တွင် (၁၇) ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
 
ယင်းနေ့ရုံးချိန်းတွင် တရားစွဲခံထားရသော ကိုနေမျိုးဇင်ပါ ခြောက်ဦးအနက် ငါးဦးက တရားရုံးတွင် ကိုယ်ပိုင်အပြီးသတ် လျှောက်လဲချက်တင်ခဲ့ပြီး တစ်ဦးမှာ လျှောက်လဲချက်တင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
 

ကွမ်းလုံဒေသတစ်ဝိုက်မှ ကြံများ ယခုရက်ပိုင်းအတွင်း တရုတ်သို့ အများဆုံးတင်ပို့နေပြီး ကြံခုတ်ခများလည်း အနည်းငယ်မြင့်တက်

လောက်ကိုင်ဒေသတစ်ဝိုက်တွင် နယ်မြေအခြေအနေ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သောကြောင့် ကွမ်းလုံ၊ ကာမိုင်း၊ သိန္နီ၊ နားတီး၊ နမ့်စလပ်ဒေသတစ်ဝိုက်တို့တွင် စိုက်ပျိုးသောကြံများအား ချင်းရွှေဟော်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်သို့ တင်ပို့ရောင်းချမှု များလာကြောင်း သိရသည်။
 
“တစ်ရက်တစ်ရက်ကို ကာမိုင်းဘက်ကလာတဲ့ ကြံတင်ကားတွေ ရာနဲ့ချီရှိတယ်။ ကွမ်းလုံကြိုးတံတားကြီးကိုဖြတ်ပြီး ချင်းရွှေဟော် နယ်စပ်ဂိတ်ကတစ်ဆင့် တရုတ်ကို တင်ပို့တာပါ။ တင်တဲ့ကားတွေကတော့ တရုတ်ကကားတွေက ကာမိုင်းဘက်ထိ လာသယ်ကြတာ တွေ့ရတယ်”ဟု ကွမ်းလုံမြို့ခံတစ်ဦးက ပြောကြားသည်။
 

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအမည်ခံ အဖွဲ့အစည်းဖြစ်သည့် Law and Order အဖွဲ့အား ကန့်ကွက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနသို့ လက်မှတ်ရေးထိုး တိုင်တန်း

ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့၊ စိန်ပန်းရပ်၊ အောင်မြေဘုံစံကျောင်းတိုက်၌ တက်ကြွလှုပ်ရှား နိုင်ငံရေးပါတီများ၊ NGO CSO အရပ်ဘက်အဖွဲ့အစည်းများ၊ ရဟန်းသံဃာတော်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့များ စုပေါင်းလက်မှတ်ရေးထိုး၍ ပြောက်ကျားအင်္ကျီ၊ ယူနီဖောင်းဝတ်စုံ ၀တ်ဆင်ပြီး နံပါတ်တုတ်များ ကိုင်ဆောင်ထားသော တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအမည်ခံ အဖွဲ့အစည်း တစ်ခုဖြစ်သော Law and Order အဖွဲ့အား မေ ၄ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ လက်မှတ်ရေးထိုး တိုင်တန်းခဲ့ကြောင်း သိရသည်။

Pages