လက်ရှိလူစာရင်းဖြင့် ဆီးဂိမ်းစ်ရွှေဆုမရပါက အောင်မြင်ရန် ဝေးကွာလာနိုင်ဟု ဦးသန်းတိုးအောင် သုံးသပ်

မြန်မာ ယူ-၂၂ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင် (ယာမှဒုတိယ) (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာ ယူ-၂၂ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က လက်ရှိလူစာရင်းဖြင့် ဆီးဂိမ်းစ်ရွှေတံဆိပ်ဆု ရယူနိုင်ခြင်းမရှိပါက လာမည့်နှစ်များတွင် အောင်မြင်မှုရယူရန် ပိုမိုဝေးကွာလာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၂၂ အသင်းတွင် ၂၀၁၅ ခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် ယူ-၂၀ အသင်းမှ ကစားသမားအများစုပါဝင်လာပြီး လက်ရှိမြန်မာ့လက်ရွေးစင်ကစားသမား ကိုးဦးအထိ ရွေးချယ်ခံထားရသည်။

ဦးသန်းတိုးအောင်က “လက်ရှိလူစာရင်းက ပြီးခဲ့တဲ့အကြိမ်ထက် အများကြီးကောင်းပါတယ်။ ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲတုန်းက ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ တိုက်ဆိုင်နေတာကြောင့် ကစားသမားတချို့ ပါဝင်ခွင့်မရခဲ့ပါဘူး။

လက်ရှိလူစာရင်းကတော့ အကောင်းဆုံးဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ကစားသမားတချို့ မပါနိုင်သေးပေမယ့် တောင့်တင်းမှုရှိပါတယ်။ လက်ရှိလူစာရင်းနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်မရခဲ့ရင် နောက်နှစ်တွေမှာ ရယူနိုင်ဖို့ ခက်သွားပါလိမ့်မယ်။

ဒါကြောင့်လည်း သေချာပြင်ဆင်နေတာပါ။ ကစားသမားတွေကို လိုချင်တဲ့ပုံစံရအောင်ပြုလုပ်ပြီး အကောင်းဆုံးအနေအထားရအောင် ကြိုးစားသွားမှာပါ” ဟုပြောကြားသည်။

မြန်မာအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ၁၉၇၃ ခုနှစ်၌ ရွှေတံဆိပ်ရယူပြီးနောက်ပိုင်း နှစ်ပေါင်း ၄၀ ကျော်ကြာ ရွှေတံဆိပ်ရယူနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ မြန်မာအသင်းသည် ၁၉၇၃ ပြိုင်ပွဲနောက်ပိုင်း ကျင်းပသည့်ပြိုင်ပွဲများတွင် ၁၉၉၃၊ ၂၀၀၇ နှင့် ၂၀၁၅ ခုနှစ်၌ ဗိုလ်လုပွဲသုံးကြိမ် တက်ရောက်နိုင်ခဲ့သော်လည်း ထိုင်းအသင်းကို သုံးကြိမ်စလုံးရှုံးနိမ့်ကာ ငွေတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရသည်။

မြန်မာအသင်းသည် ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ရွှေငါးခု၊ ငွေလေးခု၊ ကြေးလေးခုဖြင့် တတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိပြီး ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃ ခုနှစ်တွင် ငါးကြိမ်ဆက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းသည် ရွှေ ၁၅ ခုဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။