ဆာတိုရီထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် စင်တင်မင်းသား ဒေါင်းရဲ့ ငယ်ဘဝဖြတ်သန်းရာ

ဆာတိုရီထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် စင်တင်မင်းသား ဒေါင်းရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 22 March 2018

ဝါသနာဗီဇအပေါ်အခြေခံထားတဲ့ မိမိတို့ရဲ့စိတ်ကူးအိပ်မက်တွေကို ခွန်အားအပြည့်နဲ့ပုံဖော်နေကြတဲ့ လူငယ်တွေများစွာရှိပါတယ်။ ဒီလို လူငယ်တွေဆီမှာ မရေတွက်နိုင်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ပြဿနာတွေလည်း ရှိနေတတ်ကြစမြဲပါပဲ။ မိမိရဲ့ဝါသနာဗီဇကို မိဘများက အထင်အမြင်လွဲမှားပြီး မိမိယုံကြည်ရာကို တစွတ်ထိုးကြိုးစားခဲ့ရသလို အခက်အခဲပေါင်းများစွာကနေ ပြဿနာတွေကို မှန်ကန်စွာဖြေရှင်းနိုင်တဲ့ လူငယ်များလည်းရှိနေပါတယ်။ အံ့အားသင့်စရာခွန်အားတွေ၊ စိတ်ကူးအိပ်မက်တွေအတွက် စွန့်လွှတ်မှုတွေအပြည့်နဲ့ လူငယ်တွေကြားက တစ်ယောက်ကတော့ သရုပ်ဆောင်ဒေါင်းဖြစ်ပါတယ်။ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် စင်တင်မင်းသားဖြစ်ပါတယ်။ ငယ်စဉ်ဘဝရဲ့အိပ်မက် အဆိုတော်တစ်ယောက်အဖြစ် ကြိုးစားနိုင်ဖို့ ဘောလုံးသမားဘဝနဲ့ ငွေကြေးရှာဖွေခဲ့သလို အဆိုတော်တစ်ယောက်ဖြစ်မလာခဲ့ဘဲ ဘဝရဲ့အချိုးအကွေ့တစ်ခုဖြစ်လာခဲ့တဲ့ သရုပ်ဆောင် ဒေါင်းပြောပြတဲ့ ငယ်စဉ်ဘဝရဲ့အမှတ်တရတွေကို တင်ဆက်ပေးချင်ပါတယ်။

ဘဝရဲ့ထူးခြားတဲ့အဖြစ်အပျက်တွေကို အမှတ်တရအနေနဲ့ မှတ်သားထားတတ်တဲ့ သရုပ်ဆောင်ဒေါင်းက မွေးနေ့ဖြစ်တဲ့ မတ် ၃၀ ရက်ဟာ အရမ်းနှစ်သက်ရတဲ့ ပန်းချီဆရာကြီးဗင်းဆင့် ဗန်ဂိုးနဲ့မွေးနေ့တူနေတာကြောင့် အမှတ်တရ တစ်ခုပါလို့ ပထမဆုံးပြောပြခဲ့ပါတယ်။ ဒေါင်းကို ပြည်မြို့မှာမွေးဖွားခဲ့ပြီး လေးနှစ်အရွယ်လောက်က စတင်လို့ ငယ်စဉ်ဘဝတစ်လျှောက်မှာတော့ မိတ္ထီလာမြို့မှာဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။ မွေးချင်းငါးယောက်ရှိပြီး အစ်ကိုနှစ်ယောက်၊ အစ်မတစ်ယောက်နဲ့ အသက် ၁၀ နှစ်ကွာတဲ့ ညီမငယ်တစ်ယောက် ရှိတယ်လို့ဆိုတယ်။

ဒေါင်းရဲ့ငယ်စဉ်ဘ၀ ထူးခြားတဲ့အမှတ်တရတစ်ခုကတော့ ဖိနပ်လေးတစ်ရံဖြစ်တယ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူရဲ့စစ်ဖိနပ်ကို အမြဲတမ်းယူစီးတတ်တဲ့ ဒေါင်းအတွက် မိဘများက ရှူးဖိနပ် ဝယ်ပေးချင်ပေမယ့် စီးပွားရေးမပြေလည်တာကြောင့် ဝယ်မပေးနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ တစ်ရက်မှာတော့ ဒေါင်းအတွက် ရှူးဖိနပ်အဖြူလေးတစ်ရံကို မိဘများက ယူလာခဲ့ပေးပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ “ကျွန်တော့်အတွက်ဆိုပြီး မေမေက ရှူးဖိနပ်အဖြူလေးကို Suprise လုပ်ပြီးပေးတယ်။ ကျွန်တော်လည်း တွေ့တွေ့ချင်း အရမ်းသဘောကျတယ်။ ဒါပေမဲ့ အသစ်မဟုတ်မှန်း သိသွားတော့ ဘယ်ကရလဲလို့ မေးတယ်။ ဖေဖေကပြောပြတယ်။ သူတို့မိတ်ဆွေ ရဲ့သားက ပေးတယ်ဆိုတာကို။ အဲဒီလို ပြောပြီးကတည်းက ကျွန်တော် အဲဒီဖိနပ်လေးကိုမစီးတော့ဘူး။ ကျွန်တော် ဒီဖိနပ်ကိုဘယ်ကရလဲလို့မေးလိုက်တဲ့အချိန်မှာ ကျွန်တော့်မိဘနှစ်ပါးရဲ့ခံစားမှုကို ကျွန်တော်ခံစားလိုက်ရတယ်။ ကျွန်တော်လည်း ခံစားရတယ်။ အဲဒီခံစားမှုကို ကျွန်တော်အခုချိန်အထိလည်း တွေးတိုင်းဝမ်း နည်းနေတုန်းပဲ”လို့ ဒေါင်းကဆိုပါတယ်။

ဒေါင်းက ကျောင်းပညာရေးနဲ့ပတ်သက်လို့တော့ ထူးချွန်သူတစ်ယောက်မဟုတ်ခဲ့ပါဘူး။ ငယ်စဉ်သိတတ်စ အရွယ်ကတည်းက သီချင်းတွေအော်ဆိုနေတတ်တဲ့ ဒေါင်းက လေးနှစ်သားအရွယ်မှာ စည်းနဲ့ဝါးကို စတင်သင်ယူခဲ့ပါတယ်။ ကျောင်းတက်စဉ်တစ်လျှောက်လုံးမှာလည်း ဂီတနဲ့ပတ်သက်လို့သာ စိတ်ဝင်စားခဲ့လို့ ကျောင်းစာသင်ယူဖို့ကို စိတ်မဝင်စားခဲ့ဘူးလို့ဆိုပါတယ်။ ကိုးတန်းအထိ သာမန် အလယ်အလတ်ပညာရေး အနေနဲ့ပဲ ဖြတ်သန်းခဲ့ပြီးချိန်မှာတော့ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာခဲ့ရပါတယ်။ ရန်ကုန်ကိုရောက်ရှိလာချိန်မှာတော့ ကျောင်းပညာရေးကိုစိတ်မဝင်စားတာကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဆိုဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

မိဘများနဲ့ပဋိပက္ခဖြစ်ရတဲ့ အဲဒီအချိန်ကာလရဲ့အမှတ်တရကိုတော့ “၁၀ တန်းရောက်တော့ ကျွန်တော့်ဘဝရဲ့အချိုးအကွေ့ဖြစ်ခဲ့တယ်။ ကျွန်တော်နှစ်သက်တာတွေကို လုပ်နေတဲ့အချိန်မှာ ပဋိပက္ခတွေ အများကြီးရှိတယ်။ ဝါသနာပါတာတွေနဲ့ ပတ်သက်တဲ့ကျောင်းတွေတက်ချင်တယ်လို့ အဖေ့ကိုပြောဖူးတယ်။ ဆယ်တန်းအောင်မှပြောလို့ အဖြေပြန်ပေးတယ်။ ကျွန်တော် နားမလည်ဘူး။ ဒါပေမဲ့မန္တလေးမှာနေရတဲ့အတွက်ဖြေသာသေးတယ်။ ရန်ကုန်ကိုပြောင်းတဲ့အချိန်မှာ အရာအားလုံး ဆုံးရှုံးလိုက်ရတယ်။ ဒါကြောင့် ကျွန်တော်ကျောင်းစာမလုပ်ဘူး။ စာမေးပွဲလည်း မဖြေဘူး”လို့ ပြောပြခဲ့ပါတယ်။

ဒီနောက်မှာတော့ ဂီတကိုဝါသနာပါလွန်းသူ ဒေါင်းအတွက် တေးရေး ကေအေတီနဲ့တွေ့ ဆုံခွင့်ရခဲ့ပြီး ဘဝရဲ့အချိုးအကွေ့တစ်ခု စတင်ခဲ့ပါတယ်။ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိလာပြီး မိဘများ စိတ်ချမ်းသာဖို့ တက္ကသိုလ်ဝင်တန်းအောင်မြင်အောင် ပြန်လည်ဖြေဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဝါသနာပါရာ ဂီတအလုပ်တွေ လုပ်ဖို့ ကိုယ်ပိုင်ဝင်ငွေ လိုအပ်တာကြောင့် ဘောလုံးအသင်းတစ်ခုမှာ သုံးနှစ်ဝင်ကန်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒေါင်းက ဂီတလုပ်ငန်းတွေကို အားကြိုးမာန်တက်လုပ်ကိုင်ဖို့ ပြင်ဆင်ထားချိန်မှာပဲ အားထားရတဲ့ ဆရာကေအေတီ ကွယ်လွန်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဒေါင်းအတွက် နောက်ထပ်အချိုးအကွေ့တစ်ခု စတင်ခဲ့တယ်လို့ဆိုပါတယ်။

“ဦးလေး(ဆရာကေအေတီ)ရုတ်တရက်ခွဲခွာသွားတာက ကျွန်တော့်အတွက်တော့ အားလုံး ဆုံးရှုံးသွားတာပဲ။ အဲဒီအချိန်မှာပဲ နောက်ထပ်အချိုးအကွေ့တစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။ ဆရာ့ရဲ့ဈာပနမှာ ဆာတိုရီထုတ်လုပ်ရေးက ဂီတကိုအခြေခံတဲ့ ဇာတ်ကားတစ်ကားအတွက် သရုပ်ဆောင်သစ်တွေ ခေါ်နေတယ်ဆိုတဲ့ သတင်းကြားတယ်။ အဲဒါနဲ့ လျှောက်ဖြစ်ခဲ့ပါတယ်။ ကိုမျိုးဇော်နဲ့ စကားပြောဖြစ်တဲ့အခါ ဆရာကေအေတီ နောက်တစ်ယောက်ကို ထပ်တွေ့လိုက်ရသလိုပါပဲ။ လူငယ်တွေကိုWelcome လုပ်တဲ့သူတွေကို မြင်ခွင့်ရခဲ့တယ်” လို့ ဒေါင်းက ဆိုပါတယ်။

လတ်တလောမှာတော့ ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲကို ပုဂံမှာသွားရောက်ရိုက်ကူးနေပါတယ်။ သရုပ်ဆောင် ဒါရိုက်တာကျော်သူက ရိုက်ကူးထားတာဖြစ်ပြီး သုံးလကြာ အချိန်ယူ ဖန်တီးနေတာဖြစ်ပါတယ်။ ဦးကျော်သူနဲ့ တွဲဖက်ရိုက်ကူးခွင့်ရတဲ့အတွက် အမှတ်တရ တစ်ခုပါ လို့ ဒေါင်းကဆိုပါတယ်။ ငယ်စဉ်ဘဝရဲ့ဂီတအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက်လည်း ပြင်ဆင်နေပြီး ဆရာရင်းဖြစ်သူ ကေအေတီ ရှိစဉ်ကတည်းကပြင်ဆင်ထားတဲ့ သီချင်း သစ်တွေကိုတစ်ကိုယ်တော် တေးစီးရီးထွက်ရှိဖို့ ပြင်ဆင်နေတာပါ။ သရုပ်ဆောင်အလုပ်ကို သဘောကျသလို ဂီတကိုလည်း ရူးသွပ်စွဲလန်းပါတယ်လို့ ဒေါင်းက ဆိုပါတယ်။ ဒီနေ့ဖတ်ရှုခဲ့ကြရတာက ငယ်စဉ်ဘဝရဲ့စိတ်ကူးအိပ်မက်တွေကို တစိုက်မတ်မတ် ကြိုးစားအကောင်အထည်ဖော်လာခဲ့တဲ့ သရုပ်ဆောင်ဒေါင်းရဲ့အမှတ်တရပုံရိပ်တွေဖြစ်ပါတယ်။ နောက်တစ်ပတ်မှာ ဘယ်အနုပညာရှင်ရဲ့ အမှတ်တရတွေကိုဖော်ပြပေးမလဲဆိုတာ စောင့်မျှော်ဖတ်ရှုပါဦးလို့ ။

Most Read

Most Recent