<

အလှမယ်တစ်ဦးအဖြစ်မှ သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ပြောင်းလဲမြင်တွေ့ရမည့် အလှမယ် စ၀်ယွန်းဝတီဦး၏ ငယ်ဘ၀ဖြတ်သန်းရာ

ကမ္ဘာ့စင်မြင့်ထက်မှာ မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြတဲ့ အလှမယ်တွေက နိုင်ငံကိုယ်စားပြု တာဝန်ကိုယ်စီပြီးဆုံးချိန်မှာ ဆေးစက်ချရာ အရုပ်ထင်ရတဲ့ သရုပ်ဆောင်အနုပညာပိုင်းကို ကူးပြောင်းရောက် ရှိလာတာကိုတွေ့မြင်ရပါတယ်။ ဒီလို ကူးပြောင်းလာကြသူတွေထဲမှာ တစ်ဦးအနေနဲ့ ပါဝင်လာပြီး ၀ါရင့်အနုပညာရှင်တွေနဲ့တွဲဖက်လို့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကိုစတင် ရိုက်ကူးလာတော့မယ့် Miss International Myanmar 2017 ကိုယ်စားပြုအလှမယ် စ၀်ယွန်းဝတီဦးရဲ့ ငယ်စဉ်ဘ၀က အမှတ်တရ ပုံရိပ်တချို့ကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။ ရှမ်းတိုင်းရင်းသူလေးဖြစ်တဲ့ အလှမယ် စ၀်ယွန်းဝတီဦးရဲ့ ပျော်ရွှင်ကြည်နူးစရာ ငယ်စဉ် ဘ၀ရဲ့ပုံရိပ် တချို့ကို ခံစား ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ အလှမယ် စ၀်ယွန်းဝတီဦးက ဖခင်ဖြစ်သူ ဦးစလဖုန်နဲ့ မိခင် ဒေါ်နန်းရှမ်းနွဲ့တို့က မွေးဖွားခဲ့တာဖြစ်ပြီး မောင်နှမများ ထဲမှာအကြီးဆုံး သမီးဖြစ် ပါတယ်။ လက်ရှိမှာ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ရှမ်းတိုင်းရင်းသူ အလှမယ်လေးက ငယ်စဉ်ဘ၀မှာတော့ ကစားမက်သူ တစ်ယောက်ပါလို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘ၀ တည်းက သူငယ်ချင်းတွေကြားမှာဦးဆောင်ပြီး ကစားရတာကို ကြိုက်နှစ်သက်သူဖြစ်သလို သူငယ်ချင်းတွေအတွက်လည်း ကာကွယ်ပေးလိုသူပါလို့လည်း ပြောပြခဲ့ပါတယ်။

အလှမယ်စ၀်ယွန်းဝတီဦးက ငယ်စဉ်ကလေးဘ၀ကတည်းက အနုပညာကိုစိတ်ဝင်စားသူဖြစ်ပြီး သီချင်းတွေကို အရမ်းနှစ်သက်သလို မော်ဒယ်လ်လျှောက်တာတွေကိုလည်း လိုက်တုပြီး လုပ်နေတတ်တယ်လို့ ဆိုခဲ့ပါတယ်။ ကျောင်းပညာရေးမှာ စာတော်တဲ့အထဲ ပါဝင်သူဖြစ်တဲ့ အလှမယ် စ၀်ယွန်းဝတီဦးက နှစ်စဉ်အဆင့်ထိပ်ဆုံးမှာ ပါဝင်ခဲ့သလို ထူးချွန်စာမေးပွဲများစွာမှာလည်း ဆုတွေရရှိ ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ B.E (Civil) Engineering ဘွဲ့ကို ရရှိထားပြီးသူလည်းဖြစ်ပါတယ်။

ကျောင်းတက်နေစဉ်ကာလတစ်လျှောက်မှာ စ၀်ယွန်းဝတီဦးက ကျောင်းကပွဲတွေ၊ ကဗျာလွတ် ယှဉ်ပြိုင်မှုတွေမှာ ပါဝင်ခဲ့ပေမယ့် အလှမယ်ဖြစ်ချင်တဲ့ အိပ်မက်မျိုးမက်ခဲ့တာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ၀ါသနာပါရာ အနုပညာကို စိတ်ထဲမှာသိမ်းဆည်းထားပြီး ကျောင်းပညာကိုပဲ တစ်စိုက်မတ်မတ် ကြိုးစားနေခဲ့ရာက ဘွဲ့ရရှိပြီးချိန်မှာတော့ Miss International Myanmar 2017 ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ရရှိခဲ့ပါတယ်။

“အလှမယ်လမ်းကြောင်းက ညီမအတွက်တော့ အစိမ်းသက်သက်ပါ။ ဒီပြိုင်ပွဲမှာ ပြိုင်ဖြစ်တယ်ဆိုတာကလည်း အတွေ့အကြုံ ရအောင်ပဲပြိုင်ဖြစ်ခဲ့တာ။ ဆုရမယ်လို့တော့ မျှော်လင့်မထားဘူး။ တကယ်တမ်းဆုရသွားတော့ stellar seven organization ရဲ့ပံ့ပိုး မှုနဲ့အလှမယ်တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တာတွေကို လေ့လာဆည်းပူးခဲ့ရပါတယ်။ အတွေ့အကြုံကောင်းတွေလည်း အများကြီးရတယ်။ ညီမအတွက် ခက်ခဲပင်ပန်းပေမယ့် အကောင်းဆုံးတော့ကြိုးစားခဲ့ပါတယ်” လို့ အလှမယ် စ၀်ယွန်းဝတီဦးက အတွေ့အကြုံတွေနဲ့ပတ်သက်လို့လည်း ရှင်းပြခဲ့ပါတယ်။

အလှမယ်စ၀်ယွန်းဝတီဦးက ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ Miss International 2017 ပြိုင်ပွဲကို မြန်မာကိုယ်စားပြုသွား ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို သွားရောက်ဖြစ်တဲ့အခါ စည်းကမ်းရှိတာ၊ သန့်ရှင်းတာ၊ နည်းပညာတိုးတက်တာတွေကို သဘောကျခဲ့ပေမယ့် အသားငါးအစိမ်း စားရတဲ့အလေ့အထကိုတော့ သဘောမကျဘူးလို့ စ၀်ယွန်းဝတီဦးကဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အလှမယ်တာဝန်ပြီးဆုံးခဲ့ပေမယ့် Stellar seven entertainment နဲ့ လက်တွဲပြီး အနုပညာလုပ်ငန်းတွေလုပ်ကိုင်ဖို့ စီစဉ်ထားခဲ့တာပါ။ အလှမယ်စ၀်ယွန်းဝတီဦးအတွက် အချိုးအကွေ့သစ်တစ်ခုအနေနဲ့ ၀ါရင့်အနုပညာရှင်များစွာပါဝင်တဲ့ ‘လူကြီး လူကောင်းများ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

သရုပ်ဆောင်တစ်ယောက်အဖြစ် ပြောင်းလဲကြိုးစားဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး “ Steller seven entertainment နဲ့ အနုပညာအလုပ်တွေလုပ်ဖို့ စီစဉ်ထားတာပါ။ သူတို့ဆီကတစ်ဆင့် ကမ်းလှမ်းလာတဲ့ ဒီဇာတ်ကားမှာလည်း ပါဝင်ဖို့ကမ်းလှမ်းလာတော့ ညီမအတွက်အတွေ့အကြုံကောင်းတွေ အများကြီးရနိုင်တာဖြစ်လို့လက်ခံဖြစ်တာပါ။ ညီမက ခေတ်လူငယ် အမျိုးသမီးတစ်ယောက်အနေနဲ့ပဲ ပါဝင်ရမှာပါ။ ညီမပါဝင်ရမယ့် ဇာတ်ရုပ်နဲ့ပတ်သက်ပြီးတော့လည်း လေ့လာနေပါတယ်။ အများကြီးလည်းကြိုးစား လုပ်ဆောင်သွားမှာပါ။ ၀ါရင့်တွေဆီက အများကြီး လေ့လာသင်ယူနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ သူတို့ကိုလည်း စိတ်မပျက်စေချင်ဘူး။ ဒါကြောင့် အကောင်းဆုံးကြိုးစားသွားပါမယ်’’လို့စ၀်ယွန်းဝတီဦးက ဆိုခဲ့ပါတယ်။

အလှမယ်စ၀်ယွန်းဝတီဦးက ကိုယ်ကိုယ်တိုင်ရဲ့ အားသာချက်အားနည်းချက်တွေနဲ့ ပတ်သက်လို့ သုံးသပ်ရာမှာတော့ ကြိုးစားလိုစိတ်ရှိတာ၊ အခက်အခဲကို ဇွဲမလျှော့ဘဲ လေ့လာသင်ယူတာတွေက အားသာချက်လို့ထင်ပြီး မသိတာ၊ မတတ်တာတွေများတာ၊ လေ့လာဖို့ အများကြီးလိုအပ်နေသေးတာ တွေက အားနည်းချက်လို့ထင်ပါတယ်လို့ ပွင့်ပွင်းလင်းလင်း ဆိုပါတယ်။ ဒါပေမယ့်လည်း ဇွဲမလျှော့ဘဲ အကောင်းဆုံးကြိုးစားသွားမှာပါလို့ဆိုခဲ့ပါတယ်။ တက်ကြွတဲ့ ဇွဲ လုံ့လ အပြည့်နဲ့ကြိုးစားနေတဲ့ စ၀်ယွန်းဝတီ ဦးက ကိုင်စွဲထားတဲ့ ခံယူချက်နဲ့ပတ်သက်လို့လည်း အကောင်းမြင်စိတ်ထားဖို့၊ ကိုယ်ချင်းစာတရားထားဖို့၊ ကြိုးစားဖို့နဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်သွားဖို့ပါလို့ပြောပြခဲ့ပါတယ်။

အလှမယ်စ၀်ယွန်းဝတီဦးက ပရိသတ်များကိုတော့ ‘‘ညီမ အလှမယ်ပြိုင်ပွဲဝင် ပြိုင်ကတည်းက အစဉ်တစိုက်အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကိုကျေးဇူးအများကြီး တင်ပါတယ်။ ပရိသတ်တွေချစ်ခင်နှစ် သက်အားပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့အထိ ကြိုးစားသွားမှာပါ’’လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ၀ါရင့်သရုပ်ဆောင်တွေနဲ့အတူ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့’လူကြီးလူကောင်း များ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပြီး နောက်ထပ် အနုပညာခြေလှမ်းများစွာကိုလည်း ဆက်လက်တွေ့မြင်ခွင့်ရဦးမှာပါ။ ချစ်စဖွယ် အပြုံးပိုင်ရှင်အလှမယ် သရုပ်ဆောင် စ၀်ယွန်းဝတီဦးရဲ့ ငယ်စဉ်ဘ၀က အမှတ်တရ ပုံရိပ်တချို့ကို ခံစားဖတ်ရှုရင်း ပွင့်လင်းရိုးသားတဲ့ တိုင်းရင်းသူလေးရဲ့ ဖြူစင်တဲ့စိတ်နှလုံးသားကိုလည်း တွေ့မြင်နိုင်မှာပါ။ နောက်တစ်ပတ်တွေမှာလည်း အနုပညာရှင်တွေရဲ့ ငယ်စဥဖြတ်သန်းခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို ဖော်ပြပေးသွားပါဦးမယ်။














Copy Protected by Chetan's WP-Copyprotect.