အကယ်ဒမီဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နှင့် တွေ့ဆုံခြင်း

အကယ်ဒမီဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နှင့် တွေ့ဆုံခြင်း
Published 5 September 2017

နှင်းဆီအဖွဲ့၏ဖန်တီးရှင် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ၏ ဦးဆောင်မှုဖြင့် နှင်းဆီအဖွဲ့သားများ စုပေါင်းပါဝင်ကာ ‘နှင်းဆီစီးခြင်း’ ရုပ်ရှင်ဇာတ်ကားအား ရိုက်ကူးပုံဖော်လျက်ရှိကြသည်။ ခေတ်လူငယ်ပီပီ ဝတ်စားဆင်ယင်ကာ မိမိဝါသနာပါရူးသွပ်သည့် ဆိုင်ကယ်စီးနင်းတတ်ကြသည့် လူငယ်များဖြစ်သော်လည်း အရေးကြုံလျှင်မနှောင့်နှေးဘဲ ရိုးသားဖြူစင်သည့် လူငယ်များလည်းရှိနေကြောင်း၊ အပေါ်ယံ ဝတ်စားဆင်ယင်မှုနှင့် ဟန်ပန်ထက် စိတ်ထားမြင့်မြတ်မှုသာ အရေးပါကြောင်းကို ပုံဖော်သွားမည့် ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်သည်။ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ဖန်တီးသည့် ‘ရာဇဝင်ရိုင်းသူများ’ ဇာတ်ကားအား ရုံတင်ပြသခဲ့ရာတွင်လည်း သရုပ်ဆောင်များ၏ ပီပြင်သည့် သရုပ်ဆောင်ဟန်များဖြင့် အားပြိုင်မှုများအားလည်းမြင်ခဲ့ရကာ ပရိသတ်အားပေးမှု အများအပြား ရရှိခဲ့ပါသည်။ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)နှင့် တွေ့ဆုံဖြစ်သည့်အခိုက် ‘နှင်းဆီစီးခြင်း’ အတွက် ပြင်ဆင်ခဲ့မှုများ၊ ‘ရာဇဝင်ရိုင်းသူများ’ ဇာတ်ကားနှင့်ပတ်သက်သည့် အမှတ်တရများ၊ နှင်းဆီအငြိမ့်အတွက် ကပြရန် ပြင်ဆင်သွားမည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

‘ဒီဇာတ်ကားက အဓိက,ကတော့ လူငယ်တွေကြားမှာရှိတဲ့ စိတ်ထားကို အဓိကဖော်ကျူးမှာပါ’

■မေး - ‘နှင်းဆီစီးခြင်း’ ရုပ်ရှင်ဇာတ်ကားအတွက် ဦးမျိုးတို့ ပြင်ဆင်ခဲ့တာလေးတွေ အရင်ဆုံး ပြောပြပေးပါဦး။

■ ဖြေ - ဦးမျိုးတို့ နှင်းဆီအဖွဲ့သားတွေက အမှတ်တရတစ်ခုအနေနဲ့ ဇာတ်ကားတစ်ကား ရိုက်ဖို့စိတ်ကူး ဖြစ်တာပါ။ အဲဒီလိုရိုက်ဖို့စိတ်ကူးတဲ့အခါ ဒီဇာတ်လမ်းလေးကို အားလုံးတိုင်ပင်ပြီးစီစဉ် ဖြစ်တယ်။ ဒီဇာတ်လမ်းကတော့ အဓိက ဆိုင်ကယ်စီးတဲ့ လူငယ်တွေအကြောင်းကို အခြေခံပြီးရိုက်မယ့် ဇာတ်ကားပါ။ လူတော်တော်များများက ထင်ကြတယ်။ ဆိုင်ကယ်စီးတယ်ဆိုရင် လမ်းသရဲဆန်တယ် ဘာညာပေါ့နော်။ အခုခေတ်မှာတော့ အဲဒီလို တစ်သမတ်တည်းလည်း မဟုတ်ဘူး။ ဆိုင်ကယ်စီးပြီး လူတွေကိုကူညီနေတဲ့ လူငယ်တွေလည်းရှိတယ်။ ဆိုင်ကယ်စီးတယ်ဆိုတာက ဝါသနာတစ်ရပ်အနေနဲ့ စီးတယ်ဆိုတာမျိုး လည်းရှိတယ်ပေါ့နော်။ အဲဒါမျိုးကို အခြေခံပြီးရိုက်ကူးပုံဖော်တဲ့ ဇာတ်ကားပါ။

■ မေး - ဇာတ်ကားအတွက် မင်းသမီးကို သရုပ်ဆောင်သစ်ရွေးချယ်ဖြစ်တဲ့ စိတ်ကူးကရော။

■ ဖြေ - ဒီဇာတ်ကားမှာက ညီအစ်ကိုတွေကြားထဲက ညီမအငယ်ဆုံးလေး အကြောင်းပေါ့။ ချစ်စရာကောင်းပြီး သွက်လက်တဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ဖြစ်ရမယ်။ ဆိုတဲ့အခါ လက်ရှိမြင်နေကျ သရုပ်ဆောင်မျိုးကိုလည်း ထည့်မရိုက်ချင်ဘူး။ နှင်းဆီအဖွဲ့ရဲ့ လူငယ်မျိုးဆက်သစ်မင်းသမီး လေးတွေဆိုတာမျိုးလည်း ဖြစ်စေချင်တယ်။ ဒါကြောင့် သရုပ်ဆောင်သစ်ရွေးမယ်ဆိုပြီး တိုင်ပင်ဖြစ်သွားတာ။ တကယ်တမ်း လျှောက်လွှာခေါ်တဲ့အခါ လျှောက်ထားလာတဲ့သူတွေထဲက ဦးမျိုးတို့သေချာရွေးချယ်ပြီး ငါးယောက် ရွေးဖြစ်သွားတယ်။ သူတို့ငါးယောက်ကို ဦးမျိုးရဲ့ 3H Art Academy မှာ သင်တန်းတက်စေပါတယ်။ သင်တန်းတက်နေတဲ့ အချိန်ကာလမှာလည်း တစ်ယောက်ချင်းရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုတွေ၊ လုံ့လစိုက်ထုတ်မှုတွေကို တောက်လျှောက် အမှတ်ပေးနေခဲ့တာပါ။ အားလုံးကလည်း ကြိုးစားခဲ့ကြတဲ့အတွက် အခုကတော့ နှင်းဆီအဖွဲ့ရဲ့ မင်းသမီးသစ်ငါးယောက် ဖြစ်သွားတာပေါ့။ အဲဒီထဲကမှ တစ်ယောက်ကတော့ နှင်းဆီစီးခြင်းရုပ်ရှင် ဇာတ်ကားရဲ့ မင်းသမီးသစ် ဖြစ်လာတာပါ။

■ မေး - ဒီဇာတ်ကားကို ပူးပေါင်းဖန်တီးမှု အမှတ်တရဆိုရင်ရော။

■ ဖြေ - ဒီဇာတ်ကားအတွက် လိုအပ်တဲ့ဆိုင်ကယ်တွေကအစ အခြားသောလို အပ်တာတွေကိုလည်း အားလုံးကို သေချာပြင်ဆင်ခဲ့တာပါ။ ဒီဇာတ်ကားမှာ ထူးခြားချက်အနေနဲ့က နှင်းဆီအဖွဲ့သားတွေက သရုပ်ဆောင်အနေနဲ့တင် မဟုတ်ပါဘူး။ နေတိုးဆိုရင်လည်း Director of Photography အနေနဲ့ ပါဝင်ထားတယ်။ ကျော်ကျော်ဗိုက လက်ထောက်ဒါရိုက်တာအနေနဲ့ ပါဝင်ထားပါတယ်။ နှင်းဆီအဖွဲ့သားတွေအားလုံးက ဇာတ်ကားတစ်ခုလုံးအတွက် ပူးပေါင်းပါဝင်ဖန်တီးကြတာပါ။

■ မေး - ဒီဇာတ်ကားအနေနဲ့ ပရိသတ်ကို ဘယ်လိုသတင်းစကား ပါးနိုင်မယ်လို့ထင်လဲ။

■ ဖြေ - ဒီဇာတ်ကားက အဓိက,ကတော့ လူငယ်တွေကြားမှာရှိတဲ့ စိတ်ထားကို အဓိကဖော်ကျူးမှာပါ။ လူငယ်တွေက လူငယ်ပီပီ လွတ်လပ်စွာ ဝတ်စားဆင်ယင်မယ်။ သူတို့ဝါသနာပါရူးသွပ်တဲ့ ဆိုင်ကယ်စီးတာတွေ လုပ်ချင်လုပ်မယ်။ တက်တူးထိုးချင်ထိုးတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရုံနဲ့ ဒါက လမ်းသရဲအလုပ်လို့ ပြောလို့မရဘူး။ သူတို့ရင်ထဲမှာ အခက်အခဲကြုံနေသူကို ကူညီချင်တဲ့စိတ်ကတော့ အများကြီးရှိပါတယ်ဆိုတာကို ပြချင်တာပါ။

■ မေး - အခုရုံတင်ခဲ့တဲ့ ‘ရာဇဝင်ရိုင်းသူများ’ ဇာတ်ကားနဲ့ပတ်သက်လို့ရော အမှတ်တရကို ပြောပြပေးပါဦး။

■ ဖြေ - ဒီဇာတ်ကားကလည်း အမှတ်တရတွေအများကြီးပါပဲ။ အထူးသဖြင့်တော့ ဦးမျိုးရယ်၊ တီတီ (ပြေတီဦး) ရယ်၊ လိုင်လာခန်းရယ်က ‘တိုက်ဆိုင်မှုရှိလျှင်’ ဇာတ်ကားအပြီးမှာ ပြန်လည်ဆုံတွေ့ကြတဲ့ ဇာတ်ကားပါ။ တီတီလည်း ဒီဇာတ်ကားမှာ အရမ်းကြိုးစားထားပါတယ်။ လိုင်လာခန်းအတွက်ဆိုရင်လည်း ‘တိုက်ဆိုင်မှုရှိလျှင်’ ဇာတ်ကားနဲ့ ဇာတ်ကောင်ပိုင်းအရ ပြောင်းပြန်ဖြစ်တဲ့ ဇာတ်ကားပါ။ လိုင်လာခန်းလည်း ဒီဇာတ်ကားမှာ အကောင်းဆုံး ကြိုးစားထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။ မြင့်မြတ်လည်း အရမ်းကြိုးစားထားတဲ့ ဇာတ်ကားပါ။ ပက်ထရစ်ရှာလည်း သူလုပ်နိုင်တဲ့အတိုင်းအတာအတွင်း အကောင်းဆုံး ကြိုးစားထားပါတယ်။

■ မေး - နှင်းဆီအငြိမ့်လည်း အမေရိကန်မှာ သွားကဖို့ရှိတယ်ဆိုတော့ ပြက်လုံးပိုင်း အတွက်ရော ဘယ်အချိန် စတင်ပြင်ဆင်ဖြစ်မလဲ။

■ ဖြေ - နှင်းဆီအငြိမ့်အတွက်က ဦးမျိုးတို့နှင်းဆီတစ်ဖွဲ့လုံး ဒီတစ်လလုံး ဇာတ်ကားရိုက်ရှိနေတော့ ညပိုင်းတွေမှာ တစ်ခါတည်း ပြက်လုံးတွေတိုက် ဖြစ်ပါတယ်။ ပြက်လုံးကတော့ ဦးမျိုးတို့ နှင်းဆီတစ်ဖွဲ့လုံးပဲ အားလုံးဝိုင်းပြီး စဉ်းစားတိုင်ပင်ကြတယ်။ ပြီးတော့မှ လူထုကြားထဲကအနီးစပ်ဆုံး ဖြစ်မယ့်အကြောင်းအရာကို ပြက်လုံးအဖြစ် ဖန်တီးသွားပါမယ်။

■ မေး - နောက်ထပ် အနုပညာဖန်တီးမှုအနေနဲ့ရော ဘာတွေထပ်လုပ်ဖြစ်ဖို့ ရှိဦးမလဲ။

■ ဖြေ - ဇာတ်ကားတွေလည်း ရုံတင်ပြသဖို့ ရှိပါသေးတယ်။ ဦးမျိုးဖန်တီးထားတဲ့ ဇာတ်လမ်းတွေလည်း ဇာတ်ကားအဖြစ် ရိုက်ကူးဖို့ စီစဉ်ထားတာတွေလည်း ရှိတယ်။ 3 H Art Academy အနေနဲ့လည်း မျိုးဆက်သစ်အနုပညာရှင်တွေကို သင်တန်းတွေ ပေးဖြစ်နေပါတယ်။

■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်ရှိရင်။

■ ဖြေ - ဦးမျိုးနေမကောင်းဖြစ်တဲ့အချိန် ကြုံလိုက်ရတဲ့အခါ ဦးမျိုးလုပ်ချင်တဲ့ အနုပညာဖန်တီးမှုတွေ အများကြီးရှိနေပါလားဆိုတာကို သတိထားပြီး တွေးမိခဲ့တယ်။ နောက်ထပ် အနုပညာဖန်တီးမှုများစွာလည်း ထပ်ပြီးဖန်တီးသွားပါဦးမယ်။

Most Read

Most Recent