မူးယစ်ဆေးဝါးမှုဖြင့် လုပ်ကြံ ဖမ်းဆီးခံရသော ဂန့်ဂေါမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ဒေါ်သန်းသန်းမြင့်နှင့် တွေ့ဆုံခြင်း

မူးယစ်ဆေးဝါးမှုဖြင့် လုပ်ကြံ ဖမ်းဆီးခံရသော ဂန့်ဂေါမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ဒေါ်သန်းသန်းမြင့်နှင့် တွေ့ဆုံခြင်း
Published 4 October 2018

‘နေပြည်တော်တိုင်းမ် မီဒီယာက လူတွေနဲ့ အမှုရင်ဆိုင်နေကြရတာဆိုတော့ ကျွန်မအကြောင်းသိတာသူတို့ပဲ ရှိတာလေ။ သူတို့နဲ့အမှုဖြစ်နေတာဆိုတော့ သတင်းပေးတာကလည်း သူတို့ပဲဆိုတာ စိတ်ထဲဖြစ်နေတယ်’

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ချောက်ဆင်ဖမ်းဆီးခံရသော ဂန့်ဂေါမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ဒေါ်သန်းသန်းမြင့်မှာ အောက်တိုဘာ ၂ ရက်မှာ အာမခံရရှိခဲ့သည်။ ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာတွင် ငါးနှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်သန်းသန်းမြင့်သည် တရားရုံးတွင် ကာမလိမ်လည်မှုနှင့် နေပြည်တော်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ် ဦးဝရိန်မိုးအား တရားစွဲဆိုထားသော အမှုကိုရင်ဆိုင်အပြီး ပြန်လာစဉ် စက်တင်ဘာ ၁၁ ရက်က ဂန့်ဂေါ - ကလေးလမ်း ၊ စိုင်ဒူးတံတားအနီး မြို့အဝင်ဂိတ်တွင် ရဲတပ်ဖွဲ့က သတင်းအရဟုဆိုကာ ၎င်း စီးနင်းလာသော ဆိုင်ကယ်ကို ရှာဖွေရာမှ စိတ်ကြွ ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့်အခြေအနေများ၊ နေပြည်တော်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ် ဦးဝရိန်မိုးအား တရားစွဲဆိုထားမှုများနှင့် ပတ်သက်ပြီး ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်အား The Daily Eleven သတင်းစာမှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

မေး     ။ မူးယစ်ဆေးဝါးတွေနဲ့ အဖမ်းခံရတဲ့နေ့က အဖြစ်အပျက်တွေကို ပြောပြပေးပါဦး။

ဖြေ ။ တခါမှမမြင်ဖူးပါဘူး။ မူးယစ်ဆေးဆိုတာကို တစ်ခါမှ မမြင်ဖူးလို့ ကျွန်မကို ပြပေးပါလို့ ကျွန်မက ပြောပါတယ်။ မပြပါဘူး။ တဲမှာ သွားကြည့်မယ်ဆိုပြီးအထုတ်ကို ဖြန့်ကြည့်ပါတယ်။ အပြား ၁၈ ပြားကို တွေ့ပါတယ်။ တစ်ဖက်က ၈၈ လို့ ရေးထားပြီး တစ်ဖက်က ၁ လို့ ရေးထားတယ်လို့ သူတို့ ပြောပါတယ်။ ဆေးထုတ်ယူသွားတယ်ဆိုတာကလည်း သူတို့ကိုင်သွားတာပါ။ သူတို့ လူအုပ်ကြီးသွားရာ နောက်ကနေလိုက်ရတာပါ။ ကျွန်မက သူတို့ပြောတဲ့အတိုင်းသာ ငြိမ်ခံခဲ့ရပါတယ်။ ဂန့်ဂေါခရိုင်က ရဲအုပ်ဆိုသူက ကျွန်မကို လက်ထိတ်ခတ်ပြီးတော့ တရားစွဲမယ်ဆိုပြီး ခေါ်သွားပါတယ်။ အဲဒီနေရာတင် ဓာတ်ပုံတွေလည်း ရိုက်ပါတယ်။ ကျွန်မကို လက်ထိတ်ခတ်ထားပြီး မြို့နယ်ရုံးက ရဲတစ်ယောက်ရောက်လာပြီး အမှုကို လက်လွှဲပေးပါတယ်။ ကျွန်မကို ဆိုင်ကယ်ထဲမှာပါတဲ့ ဆိုင်ကယ်လိုင်စင်၊ ဆေးလိုင်စင်တွေ၊ ဖုန်းနှစ်လုံး ပါတယ်။ ဖုန်းနှစ်လုံး ပါတာတောင် ဖုန်းနှစ်လုံးရော ပါတာနော်ဆိုပြီး ဖုန်းဆက်ပြောတာကိုလည်း ကျွန်မ ကြားလိုက်ရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ဖမ်းသွားပြီး သူ့မှာ ဖုန်းနှစ်လုံးတောင်ပါတယ်။ ပါအောင် သိမ်းလို့ ပြောနေမှတော့ ဒါဟာ အတွင်းလူဖြစ်ရမယ်လို့ သိရတယ်။ ကျွန်မအကြောင်းကို သိတဲ့သူလေ။ ကျွန်မက နေပြည်တော်တိုင်းမ် မီဒီယာက လူတွေနဲ့ အမှုရင်ဆိုင်နေကြရတာဆိုတော့ ကျွန်မအကြောင်းသိတာ သူတို့ပဲ ရှိတာလေ။ သူတို့နဲ့ အမှု ဖြစ်နေတာဆိုတော့ သတင်းပေးတာကလည်း သူတို့ပဲဆိုတာ စိတ်ထဲ ဖြစ်နေတယ်။

 

မေး     ။ နေပြည်တော်တိုင်းမ်က ဦးဝရိန်မိုးနဲ့လည်း အမှုဖြစ်နေတယ်ဆိုတော့ အဲဒီအမှုအကြောင်း လေးရော ပြောပြပေးပါဦး။

ဖြေ      ။ ကျွန်မက ဦးဝရိန်မိုးနဲ့ မတွေ့ခင် အပြောင်းတင်ထားပါတယ်။ အပြောင်းတင်ပြီးမကြာဘူး။ ကျွန်မဆီကို သူတို့ (နေပြည်တော်တိုင်းမ်) အဖွဲ့ဝင် ကျွန်မနဲ့ ရင်းနှီးတဲ့ ဦးဒေါ်လာဆိုတဲ့သူက ပြောလာတယ်။ ကျွန်မ ကို သူတို့ဆရာက လိုချင်တယ်ဆိုပြီး ပြောလာပါတယ်။ သူ့ဆရာ (ဝရိန်မိုး)ရဲ့ မိန်းမက သူ့ဆရာဆီက ရှိတဲ့ပစ္စည်းတွေကိုယူပြီး ရခိုင် ကိုပြန်သွားတယ်။ အပြီးပြန်သွားတယ် ကွဲပြီဆိုပြီး ပြောတယ်။ အဲဒါကို တစ်ကြိမ်တည်းမက ခဏခဏပြောတယ်။ ခဏခဏပြောတော့ တကယ်ကွာရှင်းပြီဆိုရင် ကျွန်မစဉ်းစားပေး မယ်ဆိုပြီး ပြောခဲ့တယ်။ နောက်ကျတော့ ဦး ဒေါ်လာက ကျွန်မဆီက ဖုန်းနံပါတ်တောင်းပြီး သူ့ဆရာကို ပေးလိုက်တယ်။ နောက် ဦးဝရိန်မိုးက ကျွန်မဆီကို ဖုန်းဆက်တယ်။ ပြီးတော့လိုင်းပေါ်ကနေ မက်ဆင်ဂျာနဲ့ ဗီဒီယို Call နဲ့ ပြောတယ်။ ၂၉ ရက် ၁၂ လ ၂၀၁၇ လည်းကျတော့ သူက နှံခါးမှာ သူ့တပည့် နေပြည်တော်တိုင်းမ် မှုခင်းနဲ့ သတင်းမီဒီယာ ဂန့်ဂေါခရိုင် တာဝန်ခံခန့်ဖို့ ရုံးဖွင့်ပွဲ လာလုပ်ပေးရင်းနဲ့ ကျွန်မဆီကိုလာတယ်။ ပြီးတော့ ဆိုင်ကိုခေါ်တယ်။ ဆိုင်ကို မခေါ်ခင် ကျွန်မကို တောင်းသွားချင်ပါတယ်ဆိုပြီး သူနဲ့အတူပါတဲ့ ဘုန်းကြီးနဲ့ ဦးဝရိန်မိုးနဲ့က ပြောတယ်။ ကျွန်မကလက်မခံဘူး။ ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် ကျွန်မကို မိဘတွေနဲ့ တောင်းယူပါ ဆိုပြီး ပြောခဲ့တယ်။ သူတို့ပြန်သွားတယ်။ ညကျတော့ ဆိုင်ကိုမုန့်စားဖို့လာခဲ့ပါဆိုပြီး ခေါ်တယ်။ ကျွန်မက ကျွန်မရဲ့ အိပ်ဖော်ကောင်မလေးနဲ့ လိုက်သွားခဲ့တယ်။ ဟိုရောက်တော့ ကျွန်မက အအေးမှာသောက်တယ်။ သူက အအေးမသောက်နဲ့ Spy သောက်။ မိန်းမတွေ နဲ့ တည့်တယ်ဆိုပြီး ပြောတယ်။ အဲဒါနဲ့ ကျွန်မက Spy ကိုသောက်တယ်။ အဲဒါကို ကြားလည်းမကြားဖူးဘူး။ မြင်လည်းမမြင်ဖူး ဘူး။ ဒါမှန်သောစကားပါ။ Spy နှစ်လုံးသောက်ပြီးချိန် ဘာမှန်းမသိဘူးဖြစ်သွားတယ်။ အဲဒီမှာ ကျွန်မကိုကားနဲ့ ပို့တယ်။ ကျွန်မ ဌာနကနေအိမ်ရောက်တဲ့အခါမှာ ကျွန်မက လူနာတင်တဲ့ခုတင်ပေါ်မှာ လဲသွား ပြီး ဘာမှန်းမသိတော့ဘူး။ ကျွန်မ သတိရလာတဲ့ အချိန်ကျတော့ အခန်းထဲက ခုတင်ပေါ်ကိုရောက်နေပြီးတော့ ဦးဝရိန်မိုးက သားမယားလိုပြုကျင့်နေတယ်။ အဲဒီနောက်ပိုင်း ဦးဝရိန်မိုးက ယူပါမယ်လို့ ပြောပြီး နည်းမျိုး စုံနဲ့ ရှောင်နေတယ်။ အဲဒါနဲ့ အခုလို တရားစွဲခဲ့တာပါ။

 

မေး     ။ လက်ရှိအခြေအနေက ဆရာမကို မူးယစ်ဆေးဝါးမှုကို အာမခံနဲ့လွှတ်ပေးထားတယ်လို့ သိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေလေး ပြောပြပေးဦး။

ဖြေ      ။ အခုလောလောဆယ်မှာတော့ ရှေ့နေငှားပြီးတော့ တရားရုံးမှာ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။ ဒီလို တရားရင်ဆိုင်ရာမှာ ကျွန်မအတွက်ကတော့ လွယ်ကူလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ငွေရေးကြေးရေးကအစ သွားဖို့လာဖို့အဆုံး အခြား အရာတွေ အားလုံးအခက်အခဲတွေ အပြည့်နဲ့ပါ။ လက်ရှိမှာတော့ အဲဒီအခက်အခဲတွေကို ဂန့်ဂေါ မြို့ပေါ်က မြို့မိမြို့ဖတွေ ကျွန်မနဲ့ ဌာနတူ ညီအစ်ကို မောင်နှတွေ ဂန့်ဂေါက ပြည်သူတွေအားလုံးရဲ့ အားပေးမှုနဲ့ ဆက်လက် ရင်ဆိုင်နေကြရတာပါ။ ကျွန်မအချုပ်က အာမခံနဲ့ ထွက်လာပြီးအချိန်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်ကိုင်းတိုင်းဘက်က ဌာနတူ မောင်နှမတွေကလည်း အားပေးကူညီမယ်လို့ သိရပါတယ်။ ကျွန်မတို့နဲ့ အလှမ်းဝေးလွန်းလှတဲ့ တရားဥပဒေကိစ္စ ဖြစ်နေတော့ ဥပဒေအကြောင်းအရ ဝိုင်းဝန်းအကူအညီပေးကြဖို့ လည်း လိုအပ်နေပါတယ်။ အမှန်တရားအတွက် တရားမျှတမှုအတွက် တရားဥပဒေနဲ့အညီ ကျွန်မ ဆက်လက်ရင်ဆိုင်သွားမှာပါ။ အခု ကျွန်မရင်ဆိုင်နေတဲ့ကိစ္စက ကျွန်မဘက်က ကျွန်မတစ်ယောက်ထဲဖြစ်ပြီး အခြားတစ်ဖက်က အဖွဲ့ အစည်း အုံနဲ့ကျင်းနဲ့ ဖြစ်နေတော့ အားလုံးက ဝိုင်းဝန်းကူညီကြမှသာ အမှုမှန်ပေါ်ပေါက်မှာပါ။ ဒါကြောင့် ဝိုင်းဝန်းကူညီပေးကြပါ။

 

မေး     ။ လက်ရှိအချိန်မှာ ဆရာမအနေနဲ့ ဆေးမှုရယ် ကာမလိမ်လည်မှုရယ် နှစ်မှု ရင်ဆိုင်နေတာပေါ့။ အဲဒီအတွက်ရော ဆရာမအနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ      ။ အခု အမှုနှစ်မှုမှာ ဆေးမှုပေါ့နော်။ ဒါကတော့ သူတို့ လုပ်ကြံတယ်ဆိုတာလည်း ဂန့်ဂေါ တစ်နယ်လုံးသာမကဘူး။ မြန်မာတစ်နိုင်ငံလုံး သိကြပါတယ်။ ကျွန်မလည်း တကယ်မလုပ်ဘဲ၊ တကယ်မရောင်းဝယ်ဘဲနဲ့ ဒီဆေးက အခုမှမြင်ဖူးတာ။ ကျွန်မနဲ့ မထိုက်တန်တဲ့ ကျွန်မနဲ့ မအပ်စပ်တဲ့ အချုပ်အနှောင်ခန်းထဲကို ရောက်ခဲ့တယ်။ ကျွန်မလုပ်ကိုင်နေတဲ့အလုပ်နဲ့ ကျွန်မရဲ့ရာထူးနဲ့ လုံး၀ မပတ် သတ်တဲ့ ဖြစ်ရပ်ကြီးပါ။ အဲဒီဖြစ်ရပ်ကို ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာလည်း အများက ကိုယ်ချင်းစာ နားလည်ကြပါလိမ့်မယ်။ နောက်တမှုက ဦးဝရိန်မိုးနဲ့ ပတ်သက်ပြီး ၄၁၇ နဲ့ တရားစွဲနေတာကိုလည်း ဥပဒေလမ်း ကြောင်းအတိုင်း ဖြစ်စေချင်သလို ကျွန်မရင်ဆိုင်နေရတဲ့ မူးယစ်ဆေးမှုကိုလည်း ဥပဒေလမ်းကြောင်းအတိုင်း အမှန်တရား ပေါ်ပေါက်စေလိုတယ်။ ကျွန်မမလုပ်ခဲ့တဲ့ အမှုကနေ ကျွန်မကွင်းလုံးအမြန်ကျွတ်ချင်ပါတယ်။  အခုကျွန်မ ကိုယ်မလုပ်ရဘဲနဲ့ မူးယစ်ဆေးမှုကြီးကို ရင်ဆိုင်ဖြေရှင်းနေရတယ်။ ဒါပေမဲ့ ဆုံးခန်းတိုင်အောင် ဖြေရှင်းသွားမှာပါ။

 

မေး     ။ ဘာများ ဖြည့်စွက်ပြောကြားချင်ပါသေးလဲ ခင်ဗျ။

ဖြေ      ။ ဒီအမှုဟာ ကျွန်မတစ်ယောက်တည်းရဲ့ အမှုလို့ မယူဆပါဘူး။ ကျွန်မနေခဲ့တဲ့ ဒီ ဂန့်ဂေါတစ်နယ်လုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခဲ့တဲ့အမှုလို့ မြင်ပါတယ်။ အခုဆိုရင် တစ်နယ်လုံးက အကြောက်တရားတွေ လွှမ်း မိုးနေပါပြီ။ ကျွန်မရဲ့အမှုသာ အမှုမှန်မဖော်ထုတ်နိုင်ဘူးဆိုရင် ပြည်သူလူထုတစ်ရပ်လုံး ရဲ့ ကြောက်စိတ်တွေက ပိုမိုကြီးထွားလာပြီး လုပ်ကြံသူများလည်း ပိုမိုအတင့်ရဲလာကြပါလိမ့်မယ်။ ဒါ့ကြောင့်မို့ ကျွန်မအမှုကို အမှန် ကန်ဆုံးနဲ့ အမြန်ဆုံး ဖော်ထုတ်ပေးပြီး ကျွန်မလဲ အပြစ်မရှိတဲ့အတွက် ကွင်းလုံးကျွတ် လွတ်ချင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကျွန်မက တရားခံအဖြစ်နဲ့ တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်နေရတယ် ။ တကယ် ကျူးလွန်လုပ်ကြံတဲ့သူကတော့ လွတ်မြောက်လျက်ရှိပါသေးတယ်။ ဒါကြောင့် နိုင်ငံတော် အကြီးအကဲတွေဆီကို ကျွန်မကိုယ်တိုင် ဒီအမှုနဲ့ပတ်သက်ပြီး တိုင်ကြားသွားဦးမှာပါ။

Most Read

Most Recent