သရုပ်ဆောင်တေးသံရှင် ချစ်သုဝေနှင့်တွေ့ဆုံခြင်း

သရုပ်ဆောင်တေးသံရှင် ချစ်သုဝေနှင့်တွေ့ဆုံခြင်း
Published 2 October 2018

ချစ်စဖွယ် အမြွှာသမီးငယ်နှစ်ဦးဖြစ်သည့် ခေတ်ခေတ်နှင့် သစ်သစ်တို့အား စနစ်ကျနသည့် ပြုစုပျိုးထောင်မှုများ ပြုလုပ်ကာ ပရိသတ်ချစ်ခြင်းမေတ္တာများစွာ ရရှိထားသည့် သမီးငယ်နှစ်ဦးအတွက် ဂုဏ်ယူပျော်ရွှင်နေသည့် သရုပ်ဆောင်တေးသံရှင် ချစ်သုဝေမှာ လတ်တလောတွင် ရှိုးဖျော်ဖြေမှုများ၊ ကြော်ငြာရိုက်ကူးမှုများ ပြုလုပ်လျက်ရှိသည်။ ငါးနှစ်ကျော်ခန့် အချိန်ယူခဲ့ရသည့် တစ်ကိုယ်တော် တေးအယ်လ်ဘမ်သစ်ကိုလည်း ယခုနှစ်အတွင်းပင် ထွက်ရှိရန် စီစဉ်ထားကာ အယ်လ်ဘမ်သစ်မထွက်မီတွင် တေးသီချင်းသစ် Music Video အချို့အား အွန်လိုင်းတွင်တင်ရန် စီစဉ်ထားသူလည်းဖြစ်သည်။ သရုပ်ဆောင်တေးသံရှင် ချစ်သုဝေနှင့် တွေ့ဆုံဖြစ်သည့်အခိုက်တွင် သမီးငယ်နှစ်ဦးအား ပြုစုစောင့်ရှောက်မှု အတွေ့အကြုံများ၊ သမီးငယ်များ အပေါ်ထားသည့် မျှော်လင့်ချက်၊ မကြာခင် ထွက်ရှိလာတော့မည့် တစ်ကိုယ်တော်အယ်လ်ဘမ်အကြောင်းတို့ကို မေးမြန်းဖြစ်ခဲ့သည်။

■ မေး - Clinique ပွဲတက်ဖြစ်ပုံလေး အရင်ပြောပြပေးပါဦး။

ဖြေ - ဒီနေ့က DDHJ Launching ပွဲလေးတက်ဖြစ်တာပါ။ ရှန်ဟိုင်းမှာ နိုင်ငံတကာက Social influencer တွေ တက်ရောက်စေခဲ့တဲ့ Launching ပွဲလေးမှာ တက်ဖြစ်ခဲ့တော့ မြန်မာနိုင်ငံမှာ လုပ်တဲ့အခါမှာလည်း တက်ဖြစ်တာပါ။

■ မေး - Clinique ရဲ့ event လေးတွေမှာ ပါဝင်ဖြစ်တယ်ဆိုတော့ ဒီ Skin Care နဲ့ ပတ်သက်တဲ့ အတွေ့အကြုံလေး ပြောပြပေးပါ။

ဖြေ - အခုခေတ်ကတော့ Glow Skin မဟုတ်ဘူး။ Glass Like Skin မျိုး လိုအပ်နေပြီလေ။ အသားအရေက ကြည်လင်နေဖို့ လိုအပ်တယ်။ Skin Care အနေနဲ့ အောက်မှာ အရင်ဆုံး အမြဲသုံးဖြစ်တယ်။ ကြည်တယ်။ စေးကပ်မနေတဲ့အတွက် ဖောင်ဒေးရှင်း ထပ်လိမ်းတဲ့အခါလည်း ပြဿနာမရှိဘူး။ ၂၄ နာရီ Moisturizing ဖြစ်နေတဲ့အခါကျတော့ အသားအရေအတွက် အရမ်းအဆင်ပြေတယ်။ ထရီဇာက အခုနောက်ပိုင်းတော့ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တဲ့အခါကျတော့ ကြော်ငြာရိုက်နဲ့ အိမ်မှာနေတဲ့ အချိန်ပဲများတဲ့အခါ အဲကွန်းနဲ့နေတာများပြီး အသားအရေ ခြောက်တယ်။ ဒီအတွက် တော်တော်လေး အဆင်ပြေပါတယ်။

■ မေး - သမီးလေးတွေနဲ့ လှုပ်ရှားမှုလေးတွေ အမြဲတင်ပေးဖြစ်တယ်။ ပရိသတ်ကလည်း အရမ်းချစ်ပေးကြတဲ့အပေါ် ခံစားမှုလည်း သိချင်ပါတယ်။

ဖြေ - ပျော်တာပေါ့။ ထရီဇာကို ချစ်ပေးရုံတင်မကဘဲ ကိုယ့်ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သမီးလေးတွေကို ချစ်ပေးကြတယ်။ မေတ္တာပေးကြတယ်။ နွေးထွေးပေးကြတယ်။ အဲဒီအတွက် အရမ်းပျော်ပါတယ်။ သူတို့လေးတွေ ကိုယ်ဝန်ရှိကတည်းကလည်း ဒီတစ်ဆုကိုပဲတောင်းဖြစ်တယ်။ ဟိုရက်ကဆိုလည်း မနက်စောစောနိုးတဲ့အခါကျတော့ သူတို့လေးတွေနဲ့အတူ ဘုရားကျောင်းသွားဖြစ်တယ်။ အဲဒါလေးကို တင်ပေးဖြစ်တဲ့အခါ အရမ်းသဘောကျကြတယ်။ အခုက ခေတ်လေးရော သစ်လေးရောက အရမ်းကိုတတ်နေကြတဲ့အချိန်။ ကင်မရာချိန်လိုက်တာနဲ့ သူတို့က အမူအရာလေးတွေလည်း လုပ်သေးတာလေ။ သူတို့ကလည်း အရမ်းတတ်ပြီး လုပ်ချင်တဲ့အရွယ်ဆိုတော့ ပရိသတ်တွေ ချစ်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

■ မေး - သမီးလေးတွေကို သင်ထောက်ကူပစ္စည်းလေးတွေနဲ့ စာသင်ပေးနေတာလည်း တွေ့ရတယ်နော်။

ဖြေ - သူတို့နားမှာဆိုရင် စာဖတ်ဝါသနာပါအောင် စာအုပ်စာပေတွေထားတယ်။ ကစားစရာဆိုရင်လည်း Educational Choice တွေ ထားပေးတာများတယ်။ အဲဒီတော့ သူတို့လည်း စိတ်ဝင်စားတာပေါ့။ သူတို့ပတ်ဝန်းကျင်မှာက ဒါလေးတွေပဲများတော့ စိတ်ဝင်စားတာပေါ့။ ကိုယ်အလုပ်မများရင် သူတို့အတွက် အချိန်ပိုပေးဖြစ်တယ်။ အခုက ပွင့်လင်းရာသီလည်း ရောက်လာတော့ ရှိုးတွေလည်း များလာတယ်။ ကြော်ငြာရိုက်တွေလည်း များလာတဲ့အခါ သမီးလေးတွေကို အချိန်ပေးရတာ နည်းနည်းတော့ နည်းသွားတာပေါ့။ အချိန်ရသရွေ့တော့ အကောင်းဆုံး ပြုစုစောင့်ရှောက်တာပါပဲ။

■ မေး - သူတို့ကို ပြုစုစောင့်ရှောက်တဲ့အခါ အကောင်းဆုံးနည်းလမ်းဆိုတာကို ဘယ်လိုတွေ လေ့လာလိုက်နာဖြစ်လဲ။

ဖြေ - အဓိကတော့ ကိုယ်ကလေးဘဝတုန်းက မကြိုက်ခဲ့တဲ့အရာတွေကို သူတို့ကိုမပေးဘူး။ အဓိကက ဘဝမှာ စိတ်ဖိစီးမှုတွေမရှိဘဲ သူတို့ရဲ့နှလုံးသားတွေ၊ ဦးနှောက်နဲ့ ဆုံးဖြတ်စဉ်းစားတာတွေ အားလုံးက လွတ်လပ်မှုနဲ့ တာဝန်ယူမှုတွေရှိနေမှ လူ့ဘောင်အဖွဲ့အစည်းမှာ အံဝင်ခွင်ကျဖြစ်မယ်။ ဒါကိုပဲ အခြေခံထားပြီး ပြုပြင်တယ်။ Over Protective မလုပ်ဘူး။ တစ်ခါတလေ ခုတင်တိုင်ကို တက်တယ်ဆိုရင် သူတို့အသားကို မထိထားဘူး။ နောက်ကနေ ကာထားပေးတာပဲရှိတယ်။ ဒါမှလည်း ကလေးတွေက ဘယ်လို Struggle လုပ်ရမလဲဆိုတာကို သိမယ်။ ဘာလုပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ အသိသတိနဲ့နေတတ်အောင် လွှတ်ပေးထားသင့်တာဆို လွှတ်ပေးထားတယ်။ အနားမှာတော့ ကိုယ်ကရှိနေပေးတာပေါ့။ လုပ်ငန်းဆိုလည်း နှစ်နှစ်ကျော်မှ ခိုင်းဆိုပေမယ့် သူတို့ကို ပေးလုပ်ခိုင်းတယ်။ အမှိုက်လေးတွေ ပစ်ပေးခိုင်းတာမျိုးပေါ့။ သူတို့လေးတွေ လုပ်ပေးတတ်နေပြီပေ့ါ။ သမီးလေးတွေက တစ်နှစ်ခြောက်လ၊ ခုနစ်လမှာ ထရီဇာလုပ်သမျှကို ချက်ချင်း ပုံတူကူးချလိုက်တာ။ ပြောတဲ့စကား၊ သုံးတဲ့ အသုံးအနှုန်းတွေကအစပေါ့။ အဲဒီအတွက် အရမ်းသတိထားရတယ်။ ပုထုဇဉ်ဖြစ်တဲ့အတွက် ထရီဇာလည်း ဒေါသမောဟတွေ ရှိတယ်လေ။ အချင်းချင်း ပြောဆိုလိုက်တာမျိုး မဖြစ်ရလေအောင် အရမ်းဂရုစိုက်ရတယ်။ တစ်ကိုယ်ရေ လွတ်လပ်မှုကို သူတို့လေးတွေအတွက် ထိန်းချုပ်ရတာမျိုးတွေတော့ရှိတယ်။

■ မေး - ခေတ်ခေတ်နဲ့ သစ်သစ်တို့ရဲ့အပြုအမူ ဉာဏ်ရည်ဉာဏ်သွေးပိုင်း ကွာခြားတာရောရှိလား။

ဖြေ - ကွာတယ်။ ခေတ်ခေတ်က အိုက်တင်လုပ်တတ်တယ်။ Flexible ဖြစ်တယ်။ လူတိုင်းကိုချစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။ သစ်သစ်က အနေတည်တယ်။ ဒါပေမဲ့ အရမ်းအစ အနောက်သန်တယ်။ နှစ်ယောက်လုံးကတော့ ပျော်ပျော်ပါးပါး နေတတ်တဲ့ ပုံစံလေးတွေပါပဲ။ ခေတ်ခေတ်ကတော့ စကားပိုပြောရတာလွယ်တယ်။ စကားပိုနားထောင်တယ်။ သစ်လေးကတော့ သူ့ဘာသာ စမ်းသပ်လိုက်ချင်တယ်။ လုပ်ကြည့်လိုက်ချင်တဲ့ စိတ်မျိုးတော့ရှိတယ်။

■ မေး - ဘာသာစကားနဲ့ ပတ်သက်ရင် အင်္ဂလိပ်စကားလုံးတွေကအစ အသေးစိတ် မှတ်မိတာမျိုး တွေ့ရတယ်နော်။

ဖြေ - အဲဒါကတော့ သူတို့အသက် ခုနစ်လကတည်းက Right Brain Development အတွက် တစ်ပတ်တစ်ရက်၊ တစ်ရက်ကို တစ်နာရီထားတဲ့အခါ Flash card ပြပြီး သင်ပေးတာလေးတွေ စတာပေါ့။ Left Brain က တိုးတက်လာသလို Right Brain ကလည်း တိုးတက်ရမယ်။ ဒါကြောင့် Photographic Memory အတွက် အိမ်မှာလေ့ကျင့်ပေးဖြစ်တယ်။

■ မေး - သမီးလေးနှစ်ယောက်နဲ့ ပတ်သက်ရင် အမြဲတမ်းကောင်းတဲ့ Comment လေးတွေ၊ ချစ်ခြင်းမေတ္တာတွေ ရတဲ့အပေါ် ဘာများပြောချင်သေးလဲ။

ဖြေ - အဲဒီအတွက် ကျေးဇူးတင်လို့မဆုံးဘူး။ မိဘဆိုတာ သားသမီးနဲ့ပတ်သက်ရင် အထိခိုက်မခံနိုင်ဘူးလေ။ သမီးလေးတွေနဲ့ ပတ်သက်ရင် မရှိစေချင်ဘူးလေ။ အဲဒီအတွက် အရမ်းကျေးဇူးတင်ပါတယ်။

■ မေး - တစ်ကိုယ်တော်ခွေလေး ထွက်ဖို့ပြင်ဆင်နေတာကရော။

ဖြေ - တစ်ကိုယ်တော်ခွေထွက်ဖို့ ပြင်ဆင်နေတာ ငါးနှစ်ကျော်ပြီ။ အခွေမထွက်ဖြစ်တာ ရှစ်နှစ်ကျော်ပြီ။ ဒီနှစ်မကုန်ခင် ပရိသတ်လက်ထဲထည့်မှာပါ။ အမ်တီဗွီလေးတွေ အွန်လိုင်းမှာ အရင်ဖြန့်ပြီးတော့မှ တစ်ပုဒ်နှစ်ပုဒ်ပေါ့။ ပြီးတော့မှ တစ်ကိုယ်တော်ခွေလေးကို ဖြန့်ဖြစ်ပါမယ်။ အဲဒီအတွက် ကိုလင်းလည်း အချိန်ပေးပြီး ကြိုးစားပေးနေသလို ထရီဇာလည်း အချိန်လုပြီးတော့ကို ကြိုးစားနေပါတယ်။

Most Read

Most Recent