<

သရုပ်ဆောင်နေခြည်ဦးနှင့် တွေ့ဆုံခြင်း

မတူကွဲပြားသည့် ဇာတ်ရုပ်များဖြင့် ရုပ်ရှင်ဇာတ်ကားနှစ်ကား ရိုက်ကူးထားသည့် သရုပ်ဆောင်နေခြည်ဦးက တတိယမြောက်ဇာတ်ကားအဖြစ် ‘အောက်ဖဲမလှန်ကြေး’ ဇာတ်ကားတွင် ပါဝင်မည်ဖြစ်သည်။ ယင်းဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကာ Beauty Blogger တစ်ဦးအနေဖြင့်လည်း စိတ်ဝင်စားဖွယ် ဗွီဒီယိုဖိုင်များစွာအား တင်ပေးလျက်ရှိသည့် နေခြည်ဦးနှင့်တွေ့ဆုံ၍ ဇာတ်ကားအတွက် ပြင်ဆင်ထားမှုများ၊ အလှအပနှင့် ပတ်သက်သည့် အမြင်တို့ကို မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး – အောက်တိုဘာလလယ်မှာ ရိုက်ကူးမယ့် ဇာတ်ကားအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘယ်လိုတွေ အဓိက ပြင်ဆင်ဖြစ်နေလဲ။

ဖြေ – အောက်တိုဘာမှာရိုက်မယ့် ရုပ်ရှင်ဇာတ်ကားက ငပလီမှာ ရိုက်ရမှာပါ။ ငပလီမှာရိုက်မှာဖြစ်တဲ့အတွက် ရေကူးဝတ်စုံတွေနဲ့ ဖက်ရှင်အလန်းစားလေးတွေ ၀တ်တာကို ပရိသတ်တွေက တွေ့ချင်ကြမှာပဲလေ။ အဲဒီအတွက် နေခြည် ၀ိတ်ချနေပါတယ်။ ပရိသတ်တွေ မြင်ချင်သလို လှလှပပလေးမြင်ရအောင်၊ troll လည်း မခံရအောင်ပေါ့။ နေခြည် အကြီးအကျယ် ၀ိတ်ချနေပါတယ်။

■ မေး – ၀ိတ်ချနေတယ်ဆိုတော့ အဓိက ဘယ်လိုအပိုင်းလေးတွေ ဆင်ခြင်ဖြစ်လဲ။

ဖြေ – အဓိကတော့ အစားအသောက်နဲ့ပဲ ၀ိတ်ချနေတာပါ။ အသီးအနှံတွေ ပိုစားတယ်။ အအီ အစိမ့် အဆီတွေ ရှောင်ပါတယ်။ အပြင်ထွက်တာကိုလည်း တတ်နိုင်သလောက် လျှော့လိုက်တယ်။ အပြင်ထွက်ရင် တစ်ခါတလေ အစားတွေ အများကြီး စားဖြစ်သွားတာလည်း ရှိတယ်။ ဒါကြောင့် အိမ်မှာပဲနေဖြစ်တာ များတယ်။ မေမေ ချက်ပေးတာလေးတွေကိုပဲ စားဖြစ်နေတယ်။ အစားအသောက်က ၇၀ ရာခိုင်နှုန်း၊ ကျန်တဲ့ exercise က ၃၀ ရာခိုင်နှုန်းပေါ့။ အစားအသောက် ထိန်းနိုင်ရင်ကို တော်တော်ကြီး ၀ိတ်ကျပါတယ်။ ခန္ဓာကိုယ်မှာ ပြုပြင်ပြောင်းလဲမှုတွေ တော်တော်ဖြစ်ပါတယ်။ အစားအသောက်နဲ့ ထိန်းတာကျတော့ ခန္ဓာကိုယ်ပြောင်းလဲမှုက သိသာပါတယ်။

■ မေး – နေခြည်ရဲ့အခန်း ဗီဒီယိုဖိုင်လေးတင်ဖြစ်တာနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါဦး။

ဖြေ – နေခြည် စိတ်တိုင်းကျဖန်တီးထားတဲ့ အခန်းလေးကို နေခြည့်ကို ချစ်ခင်အားပေးတဲ့ chilies တွေနဲ့ ပရိသတ်တွေများ စိတ်ဝင်စားမလားဆိုပြီး တင်ပေးဖြစ်တာပါ။ ဒါကို ကြွားဝါလိုစိတ်လည်း မရှိဘူး။ ဝေဖန်မှုတွေလည်း အများကြီး ရှိမယ်ဆိုတာ သိထားပြီးသားပါ။ နေခြည်ဘက်ကတော့ ပရိသတ် စိတ်ဝင်စားမလားဆိုတဲ့ စေတနာလေးနဲ့ပဲ တင်ပေးဖြစ်တာပါ။

■ မေး – Beauty Blogger တစ်ယောက်ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ Lifestyle ကို ပြောင်းလိုက်ရတာမျိုးရှိလား။

ဖြေ – အများကြီး ပြောင်းလဲရပါတယ်။ အရင်ကတော့ သာမန်မိန်းကလေး တစ်ယောက်ပဲဖြစ်တဲ့အတွက် သွားစရာ လာစရာရှိရင် ၀တ်စားပြင်ဆင်တာမျိုးကလွဲရင် တခြားထွေထွေထူးထူး အရမ်းကြီးအားစိုက်တယ်ဆိုတာမျိုး မရှိဘူး။ အခုကျတော့ Beauty Blogger တစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့အခါ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲရတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင်၊ ကိုယ် Review ပေးမယ့် Product ကိုလည်း မှန်ကန်တဲ့ ရှုမြင်သုံးသပ်ချက်မျိုး ဖြစ်အောင် အချိန်တွေပေးရတယ်။ လေ့လာရတယ်။ မှတ်သားရတယ်။ ကိုယ်တိုင်လည်း အများကြီးပြင်ဆင်ရတယ်။ အရင်တုန်းက နေခြည်ဦးက ဒီလိုမဟုတ်ဘူး။ အခုဆိုရင်တော့ ယုံကြည်မှုအပြည့်ရှိတဲ့သူတစ်ယောက် ဖြစ်လာပြီဆိုတာတော့ သေချာပါတယ်။

■ မေး – အောင်မြင်သူတစ်ယောက်၊ အများက စိတ်ဝင်စားခံရတဲ့သူတစ်ယောက် ဖြစ်လာတဲ့အခါ ဝေဖန်မှုတွေခံနိုင်ဖို့၊ အောင်မြင်မှုရဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့ ဘယ်လိုတွေ ပြင်ဆင်ထားလဲ။

ဖြေ – ဘ၀မှာ အောင်မြင်မှုပဲဖြစ်ဖြစ်၊ ထင်ပေါ်ကျော်ကြားမှုပဲဖြစ်ဖြစ် ရလာတဲ့အခါ သတိလက်လွတ် ဖြစ်သွားတတ်တာမျိုးတွေရှိတယ်။ အဲဒီလိုအချိန်မျိုးမှာဆို ကိုယ့်ဘာသာပဲ သတိပြန်ထားရပါတယ်။ ကိုဖြိုးမြတ်အောင် ပြောလိုက်တဲ့ အင်တာဗျူးလေးဆို နေခြည်အရမ်းသဘောကျတယ်။ အသိ သတိလေး ပြန်ကပ်ရတယ်ဆိုတာကိုလေ။ ကိုယ်က ဘယ်သူလဲ၊ ကိုယ့်ရဲ့ တကယ့် Society က ဘာလဲ။ စိတ်ထဲမှာ အဲဒါမျိုးလေး အမြဲပြန်တွေးပြီးတော့ ဆင်ခြင်ဖြစ်တယ်။

■ မေး – ငပလီမှာ ရိုက်မယ့်ဇာတ်ကားက ဘယ်တော့လောက်စရိုက်ဖြစ်မလဲ။

ဖြေ – ရုပ်ရှင်က အောက်တိုဘာ ၁၀ ရက်မှာ ရိုက်မှာပါ။ မခိုင်လေး (ခိုင်သင်းကြည်)၊ မခိုင်ကြီး (ထွန်းအိန္ဒြာဗိုလ်)၊ ကိုခန့် (ခန့်စည်သူ)၊ ကိုကျော်ရဲအောင်၊ ကိုထွန်းထွန်း၊ နေခြည်နဲ့အတူ သရုပ်ဆောင်များစွာ ပါပါတယ်။ နာမည်က အောက်ဖဲမလှန်ကြေးလို့ ပေးထားတယ်။

■ မေး – မျက်နှာခွဲစိတ် ပြုပြင်မှုတွေလည်း လုပ်ထားတယ်ဆိုတော့ အခုအနေအထားလေးကိုရော ကျေနပ်တယ်လို့ ပြောလို့ရမလား။

ဖြေ – မိန်းကလေးတိုင်းကတော့ အလှအပကို မြတ်နိုးကြတာဖြစ်တဲ့အတွက် နေခြည်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်လို့ ပြောလို့ရပါတယ်။ ကိုယ်ကိုယ်တိုင်က ခွဲစိတ်ပြုပြင်မှုတွေ၊ အလှအပနဲ့ ပတ်သက်ရင် Trend နောက်ကိုလိုက်နေတာဆိုတော့ နောက်အသစ်အသစ်တွေ ထွက်ရင်လည်း ထပ်ပြီးစမ်းကြည့်ဦးမှာပါ။

■ မေး – ရုပ်ရှင်ဇာတ်ကားအတွက် တခြားဘာတွေထပ်ပြီး ပြင်ဆင်ထားသေးလဲ။

ဖြေ – ပြင်ဆင်မှုအပိုင်းကတော့ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးကလည်း သရုပ်ဆောင်သစ်တွေ ရွေးချယ်ခေါ်ယူထားတယ်။ ဟာသကားဖြစ်တဲ့အတွက် စိတ်ပူတာကတော့ အပြင်မှာ ပေါတောတော နေတတ်ပေမယ့် တကယ်ရိုက်ရင် ကိုယ့်ရဲ့ပေါတောတောက သူများမရယ်ရမှာ အရမ်းစိုးရိမ်တယ်။ အဲဒီအတွက် ဇာတ်ကားတွေအများကြီး ပြန်လေ့လာဖြစ်တယ်။ ဒိုင်ယာလော့ခ် အဖြတ်အတောက်တွေကအစ ပြန်လေ့လာနေပါတယ်။

■ မေး – တတိယမြောက် ဇာတ်ကားရိုက်တော့မှာဆိုတော့ ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်လို့ အသားကျလာပြီလို့ ပြောလို့ရမလား။

ဖြေ – ဇာတ်ကားရိုက်တာက တတိယမြောက် ဇာတ်ကားဆိုပေမယ့် တစ်ကားနဲ့တစ်ကားက ဇာတ်လမ်းပုံစံ လုံးဝကွဲပြားတယ်ပေါ့နော်။ အရှေ့က ရိုက်ထားတဲ့ ဇာတ်ကားနှစ်ကားကလည်း ရုံမတင်ရသေးတော့ အားပေးမယ့် ပရိသတ်တွေ ရှိသလို ဝေဖန်မယ့် ပရိသတ်တွေလည်း ရှိပါတယ်။ နေခြည်လည်း ကာရိုက်တာ မတူတာတွေကို ကြိုးစားပြီး လုပ်သွားပါမယ်။ အဲဒီအတွက် အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

■ မေး – ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။

ဖြေ – အများကြီးဆက်ပြီး ကြိုးစားသွားပါမယ်။

September 25, 2018














Copy Protected by Chetan's WP-Copyprotect.