Youth Inspire Talk

Youth Inspire Talk
Published 22 August 2018

Youth Inspire Talk အစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် ကိုဖြိုးေ၀၀င်း (သတင်းထောက်ချုပ်)၊ မဖြူဖြူအောင်နှင့် ခရစ္စတီးနားခီ (ဓာတ်ပုံ - မျိုးထက်ပိုင်)

သြဂုတ် ၁၉ ရက်တွင် Eleven Media Group က တင်ဆက်ခဲ့သော Youth Inspire Talk အစီအစဉ်၌ ပါဝင်ဆွေးနွေးခဲ့သည့် ဒါရိုက်တာ ခရစ္စတီးနားခီနှင့် အောင်သမာဓိရွှေဆိုင်မှ Board of Director မဖြူဖြူအောင်တို့၏ ပြောကြားချက်များ အနက်မှ အချို့ကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ အစီအစဉ်တွင် ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ အောင်သမာဓိရွှေဆိုင်မှ မဖြူဖြူအောင်တို့က အောင်မြင်မှုရရန် ကြိုးစားခဲ့ပုံ၊ အောင်မြင်မှုအပေါ် ၎င်းတို့၏ ခံယူချက်နှင့် အမျိုးသမီးများ၏ ဦးဆောင်မှုကဏ္ဍအတွက် အကြံပြုချက်များကို ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ကောင်းစည်သူ - (National Management College မှ Journalism ကျောင်းသား)- အစ်မတို့ နှစ်ယောက်ကို မေးချင်တာက အခုချိန်မှာ လူငယ်တွေအနေနဲ့ Depression ဝင်တယ်။ အဲဒီလိုဖြစ်တဲ့ လူငယ်တွေအပေါ်ကို အစ်မတို့အနေနဲ့ ဘယ်လိုမျိုး အားပေးချင်သလဲ။ ပြီးတော့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်။ သူ့အနေနဲ့ ပတ်ဝန်းကျင်ကရော မိသားစု အသိုင်းအဝိုင်းကရော အားပေးမှုတွေ မရတဲ့အခါ ဝေဖန်တိုက်ခိုက်မှုတွေ ခံလာရတဲ့အခါ စိတ်ဓာတ်ကျသွားတဲ့အခါမှာ ကိုယ့်ရည်မှန်းချက်ကို ဘယ်လိုအကောင်အထည် ဖော်ရမလဲ ဆိုတာကို အစ်မတို့ အတွေ့အကြုံလေးတွေနဲ့ ပြောပြပေးပါ။ အဲဒီလိုမဟုတ်ဘဲနဲ့ မကြိုးစားရသေးဘူး။ ကိုယ့်ရည်မှန်းချက်ကို မရောက်သေးတဲ့ လူငယ်တွေအပေါ်မှာရော အစ်တို့အနေနဲ့ ဘာများပြောချင်သလဲ။

မဖြူဖြူအောင် (BOD, Aung The Mardi Gold Founder) - အစ်မအနေနဲ့ ထင်မြင်ယူဆချက်လေးကတော့ လူ့ဘဝရလာပြီဆိုရင် ဘဝကို စိတ်ဓာတ်ခွန်အားနဲ့ မဖြေရှင်းနိုင်ဘဲနဲ့ အရှုံးပေးတာလို့ပဲမြင်တယ်။ နောက်တစ်ခုက ဒါလေးက သေးသေးလေးပဲ ရှိသေးတယ်။ နောက်ထပ် အကြီးကြီးတွေ လာဦးမှာ။ လာဖို့အတွက် ဒီချိန်မှာ မဖြေရှင်းနိုင်ဘူး ဆိုလို့ရှိရင် ပိုပြီးတော့ ဆိုးတာတဲ့ အကြောင်းအရာတွေဆိုရင် မဖြေရှင်းနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ ဘာတွေကို သူတို့ကို သူတို့မနိုင်လို့ပါ။ အဓိက,ကတော့ ကိုယ့်စိတ်ကိုနိုင်အောင် မဆုံးမနိုင်တာပါပဲ။ ကိုယ့်စိတ်ကို နိုင်အောင် ဘာလုပ်မလဲဆိုရင် အခုခေတ်မှာ ကိုယ့်စိတ်နဲ့ အဆိပ်အတောက် ဖြစ်စေမယ့် အရာတွေကို မထိကြည့်တာ အကောင်းဆုံးပါပဲ။ လူငယ်တွေ တော်တော်များများက ၁၆ နှစ်ပြည့်သွားပြီဆိုရင် လူကြီးဖြစ်သွားပြီ။ သူတို့စိတ်ကလေးတွေကိုက ဝါဂွမ်းလေးတွေလို လွင့်နေတယ်။ ဘယ်ကိုကပ်လို့ ကပ်ရမလဲ မသိဘူး။ အဲဒီမှာ မှားလိုက်လို့ရှိရင် ဘဝတစ်လျှောက်လုံး လွဲမှားတဲ့ဟာတွေရှိတယ်။ အစ်မတို့ဆိုရင် အစ်မတို့မိဘတွေရဲ့ ဆုံးမမှုအောက်မှာ အမြဲတမ်းနေတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ်ဘာဖြစ်နေတယ်ဆိုတဲ့ အကြောင်းတရားတွေမှာ ဝေဖန်စဉ်းစား ဆုံးဖြတ်ပါ။ ကိုယ်ဘာဖြစ်နေမှန်း မသိဘဲနဲ့၊ ဘာကြောင့် စိတ်ဓာတ်ကျနေမှန်း မသိဘဲနဲ့၊ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေမှန်း မသိဘဲနဲ့တော့ ဘယ်သူမှ ကုပေးလို့မရဘူး။ ကိုယ့်မှာ ရောဂါတစ်ခု ဖြစ်လာပြီ ဆိုရင်လည်း ရောဂါအတွက် ဆေးက ကိုယ့်ဘာသာကိုယ်ပဲ သောက်ရမှာ။ သောက်ပြီးလို့ ရှိရင်လည်း ပျောက်တဲ့အနေအထားရောက်မှာ။ ဆေးစသောက်တဲ့ အချိန်မှာတော့ နည်းနည်းခါးမှာ။ ကျန်းမာသွားတဲ့ အခါကျတော့ အဲဒါတွေက မလိုအပ်တော့ဘူးပေါ့။ အခုအချိန်မှာ စိတ်ဓာတ်ကျစရာ တွေကတော့ ရှိပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျစရာတွေကို ဖြေရှင်းတဲ့အချိန်မှာ အလွယ်တကူ မဖြေရှင်းပါနဲ့။ ရေရှည်ကို ကြည့်ပြီးတော့ ဖြေရှင်းပါ။ ကိုယ့်ဘဝအတွက် အန္တရာယ်ဖြစ်မယ်ဆိုတဲ့ အကြောင်းအရာတွေကို သိအောင်လုပ်ထားပါ။ အဲဒီလို အကြောင်းအရာတွေမှာလည်း စတေးရတာတွေ အများကြီးရှိတယ်။ မဖြူအဖေ ပြောတာရှိတယ်။ လူငယ်တွေဘဝမှာ တန်ဖိုးအကြီးဆုံးက အချိန်မှာ အဲဒီနေရာမှာ အချိန်ကို ဘာနဲ့သတ်မှတ်လဲဆိုရင် အသက်နဲ့ပဲ သတ်မှတ်တယ်။ လူအသက် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် ကလေးလေးတွေ မွေးပြီဆိုရင် တစ်နာရီဆိုရင် သူ့အသက်က တစ်နာရီ၊ အဲဒီလိုပဲ လူငယ်တွေမှာလည်း သူတို့အတွက် အချိန်တွေ အများကြီး ရှိသေးတယ်။ အစ်မတို့ ဆယ်ကျော်သက်တုန်းက ဖြစ်နေတဲ့ ပြဿနာလေးတွေနဲ့ အခုသုံးနှစ်ကျော်မှာ ဖြစ်နေတဲ့ ပြဿနာလေးတွေနဲ့ ယှဉ်လိုက်လို့ရှိရင် ဘာမှမဖြစ်စလောက်လေး ဖြစ်သွားတယ်။ ဒါ့ကြောင့် အရှုံးမပေးပါနဲ့။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပတ်ဝန်းကျင်လည်း အားပေးမှုမခံရဘူး။ လက်တွဲကူညီမှု မခံရဘူး။ သူတို့လက်တွဲကူညီမှု မခံရတဲ့သူက ပိုပြီးတော့ ထက်မြက်တယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးလိုစိတ်ရှိတယ်။ မိဘနောက်ခံ ရှိတဲ့သူတွေထက်စာရင် အရန်အသင့် လုပ်ပေးတဲ့သူထက် အရန်အသင့် မလုပ်ပေးခံရတဲ့သူက ပိုပြီးတော်လေ့ရှိတယ်။ သူက သူကိုယ်တိုင်ပဲ လုပ်ရတာကိုး။ မိဘရှိရင်တော့ မိဘက နည်းနည်းလုပ်ပေးတာပေါ့။ အဲဒီလူတွေက ပိုပြီးတော့ အောင်မြင်လေ့ရှိတယ်။ အဲဒီတော့ အစ်မအကြံပေးချင်တာက လူတိုင်းလူတိုင်းမှာလဲ ကိုယ့်ရဲ့ပင်ကို အရည်အချင်းလေးတွေ အတွင်းထဲမှာ ရှိတယ်။ ဒါပေမဲ့ အဲဒီအရည်အချင်းလေးတွေ ရှိနေတာကို မသိဘဲနဲ့ သိမ်ငယ်စိတ် ကြောက်တဲ့စိတ်ရှိလို့ရှိရင် သူများတွေ ချီးကျူးခံရချင်တဲ့စိတ်တွေ လွှမ်းမိုးနေတယ်။ သူများတွေ ချီးကျူးခံရဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ့် ချီးကျူးခံရဖို့ပဲ လိုပါတယ်။ အဲဒီလိုပဲ ဥပမာပေးရရင် ကျောက်ခဲ နှစ်ခုကို ဖြည်းဖြည်းချင်းထုရင် မီးထွက်လာ ဆိုတာကို ဘယ်သူမှ မသိဘူး။ မြန်မြန်ပွတ်လေ၊ များများပွတ်ရင် မီးပိုထွက်လာ ပြီးတော့ အဲဒီမီးရဲ့ အကျိုးကျေးဇူးကိုလည်း ကိုယ်ပဲခံစားရမယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်လည်း ကျောက်ခဲနှစ်ခု ဥပမာလိုပဲ။ ဒီအချိန်မှာ ငါက မီးထွက်ဖို့အတွက် များများအပွတ်ခံရတဲ့ ဒဏ်ရာတွေများလာရင် အောင်မြင်တဲ့လမ်းစက မြင်ရပြီ။ ဘဝမှာလည်း ဒီလိုဘဲ။ Polish ဆိုတဲ့ အစ်မစာဖတ်တယ်။ သူ့ရဲ့လိုဂိုကာလာတွေက အဖြူအမဲနဲ့လုပ်တာ။ သူ့ရဲ့ အင်တာဗျူးမှာ မေးကြည့်တော့ သူ့ရဲ့ လိုဂိုကာလာကို အဖြူနဲ့လုပ်သလဲလို့ မေးကြည့်တော့ သူအဲဒီတုန်းက ဆေးဖိုးမတတ်နိုင်လို့ အဖြူအမည်းနဲ့ လုပ်ပါတယ်တဲ့။ ဒါပေမဲ့ ဒါက ကမ္ဘာမှာ ဆွဲဆောင်မှုရှိတဲ့ လိုဂိုတစ်ခုဖြစ်တယ်။ ကိုယ်က အားနည်းချက်လို ဖြစ်ပေမဲ့ တစ်ဖက်လူအမြင်မှာ အားသာချက်လို့ဖြစ်တယ်။ ဘာမှမမျှော်လင့်ပါနဲ့။ ကိုယ့်အတွက် အကောင်းဆုံး လုပ်ဖို့ပဲ မျှော်လင့်ပါ။ အခုအစ်မ အကြံပေးချင်တာ ဘာသာရေးပါ။ အသက်ငယ်တဲ့ အရွယ်မှာ လောကီပြီးရင် လောကုတ္တရာဆိုတာ အရမ်းအရေးကြီးပါတယ်။ အခုလူငယ်အရွယ်မှာ တရားလေးထိုင်ပြီးတော့ စိတ်ကိုငြိမ်အောင် ထားနိုင်မှရမယ်။ စိတ်က အရမ်းဒေါသထွက်နေတဲ့ အချိန်မှာ အမှားဆိုတာ တစ်မိနစ်အတွင်းမှာဖြစ်တယ်။ အမှားဆိုတာ တစ်မိနစ် ငါးမိနစ်ဆိုတာ အကြာဆုံးပဲ။ စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်သွားတာ။ စက္ကန့်ပိုင်းအတွင်းမှာ ဦးနှောက်ရဲ့ အတွေးတွေက ဖြစ်သွားတာ။ အဲဒီလိုမကောင်းတဲ့ စိတ်ဓာတ်တွေကို ပြန်လည်ပြီးတော့ ထိန်းချုပ်ဖို့ဆိုတာ စိတ်ငြိမ်မှရပါမယ်။ အဲဒါကြောင့် ဘာသာရေး တစ်ခုကိုလည်း လေ့လာလိုက်စား စေချင်ပါတယ်။ ကိုယ့်မှာ ဒေါသထွက်လာမယ့်အရာ တစ်ခုခုရှိရင် ဘာသာရေးလေးနဲ့ ဖြေရှင်းတာက ပိုကောင်းပါတယ်။ လွဲမှားတဲ့အရာ မဖြစ်အောင်ပေါ့။ နောက်တစ်ခုက ကိုယ်စိတ်ဓာတ်ကျလို့ရှိရင် ဘာသာရေးဆိုင်ရာ စာအုပ်တွေ၊ ကိုယ့်ဘဝအတွက် ဘယ်သူတွေ စိတ်ဓာတ်ကျနေလဲ။ ကိုယ်က ထမင်းငတ်ခဲ့ဖူးလား။ လမ်းဘေးမှာ အိပ်ခဲ့ရပြီးပြီလား။ ဒါမျိုးလေးတွေကို ပြန်ပြီးစဉ်းစား ကြည့်လိုက်ပါ။ အဲဒါမျိုးလေးတွေက တကယ်တမ်းကျတော့ စိတ်သက်သာရာရတယ်။ ကိုယ်ပူပန်နေတာကို ဘယ်သူမှ မသိဘူး။ ကိုယ်ပဲသိတယ်။ အဲအတွက် အဲဒါတွေကို အရှုံးပေးလိုက်လို့ရှိရင် ကိုယ့်အတွက် အောင်မြင်မှုလမ်းစတွေက လမ်းပိတ်သွားမယ်။ အဲဒါလေး တစ်ခုကို ဖြေရှင်းလိုက်လို့ အောင်မြင်သွားတဲ့ အခါကျလို့ရှိရင် နောက်ထပ် အရှိန်အဟုန်များစွာနဲ့ တိုးတက်လာမှာပါ။ အဲဒါကြောင့် လူငယ်တွေကို အစ်မအနေနဲ့ အစ်မသိသလောက်လေးနဲ့ မျှဝေအကြံပေး ချင်တာပါ။

ခရစ္စတီးနားခီ (Producer @ Film Director) - ညီမ(မဖြူ)ဖြေသွားတာ အရမ်းကောင်းပါတယ်။ ခွန်အားလည်း ဖြစ်စေတယ်လို့ ယုံကြည်တယ်။ အစ်မကကျတော့ အစ်မရဲ့ အတွေ့ကြုံလေး တစ်ခုနဲ့ ရှင်းပြချင်ပါတယ်။ မောင်လေးပြောတဲ့ Depression ပေါ့။ တကယ်တော့ အစ်မက Depression ကို ခံစားနေရတာက တစ်သက်လုံးလို့တောင် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Depression ဆိုတာ ရောဂါတစ်မျိုးပဲ။ Depression ဆိုတာ လူကြောက်တယ်။ အစ်မ အရမ်းကြောက်တယ်။ အခုလိုမျိုး လာဖြေရတာကိုက ညဆိုရင် အိပ်မပျော်ဘူး။ ဒါပေမဲ့ ဘယ်လိုလုပ်တာလဲဆိုရင် အစ်မအလုပ်အပေါ်မှာ တိုးတက်ချင်လို့ လူရှေ့ထွက်ရတဲ့ အဆင့်ကို ရင်ဆိုင်ရတယ်။ အစ်မခုနက ပွဲမစခင်တုန်းကတော့ ပွဲစတော့မယ်ဆိုရင် သွားပြီးသား အိမ်သာကို ထပ်ပြီးသွားတယ်။ ဘာဖြစ်လို့ဆိုတော့ ကြောက်လို့။ အစ်မကိုယ်အစ်မ လေ့လာလိုက်တဲ့အခါမှာ Depression နဲ့ပတ်သက်တဲ့ စာတွေဖတ်တဲ့ အခါမှာ စိတ်ဓာတ်တွေလည်း ခဏခဏကျဖူးတယ်။ ပြီးတော့ လူတွေနဲ့လည်း သိပ်မတွေ့ချင်ဘူး။ ထိပ်တိုက်ရင်ဆိုင်ဖို့ကို အစ်မအရမ်းကြောက်တယ်။ နောက်ကျတော့ အစ်မဒီဟာကို ရင်ဆိုင်နေရတယ် ဆိုတာကို သိလာတဲ့ အခါမှာ အစ်မဘာကို စဉ်းစားလဲဆိုတော့ သေပစ်လိုက်မလား။ ခဏခဏလည်း သေဖို့စဉ်းစားဖူးတယ်။ အစ်မရဲ့ အနုပညာ အလုပ်နဲ့ ဒီနိုင်ငံမှာ ၁၀ နှစ်လာနေတဲ့အခါ အစ်မရဲ့ စားဝတ်နေရေးရော၊ ဒုက္ခတွေ အများကြီး ရင်ဆိုင်လာရတဲ့ အချိန်မှာ သားလည်းဆုံးခဲ့ဖူးတယ်။ ဒီဒဏ်တွေက အစ်မဆီကို ရောက်လာပြီးရင် အစ်မညကျရင် အိပ်မပျော်ဘူး။ ညအိပ်မပျော်ဘဲ နောက်နေ့ကျလို့ရှိရင် ဘာကိုရင်ဆိုင်ရသလဲဆိုရင် အူကြောင်ကြောင်တွေ ဖြစ်တယ်။ အူကြောင်ကြောင် ဖြစ်ရတဲ့ကြားထဲမှာ အခြေအနေအရ အဆင်ပြေအောင်  ပြောဆိုနေရတဲ့ လူတွေနဲ့ ဆက်ဆံနေရတဲ့ အချိန်ကျရင် အဲဒီလိုမျိုး တစ်ခုပေါ့။ နောက်တစ်ခုက အစ်မသားလေးဆုံးတော့ ကလေးရှိတဲ့ အစ်မသူငယ်ချင်းတွေက ပြောတယ်။ သားသမီးဆိုတာ ရတနာတဲ့။ ထိုက်မှရတာတဲ့။ သူ့စကားအတိုင်းအတာက ဘယ်ရောက်သွားတယ်တော့ အစ်မ မသိဘူး။ အစ်မမှာကတော့ ဘုန်းဘုန်းကို လဲသွားတာ။ ငါက မထိုက်ဘူးလားဆိုတဲ့ Feeling လေးဖြစ်သွားတယ်။ ဒါလူ့အသိုင်းအဝိုင်းမှာ အမြဲတမ်းကြုံနေရတဲ့ အရာတစ်ခုပါ။ နဂိုကလည်း ဒီလိုမျိုးကို ရင်ဆိုင်ဖို့ ခွန်အားမရှိရတဲ့ ကြားထဲကမှ စားဝတ်နေရေးကလည်း အဆင်မပြေ၊ အရာရာအားလုံး အဆင်မပြေနေရတဲ့ ကြားထဲကမှ ကိုယ်ကိုယ်ကိုယ် သေပစ်လိုက်ရမှာလား။ ရုပ်ရှင်ကလည်း ရိုက်လို့မရ။ ဒုက္ခက ရင်ဆိုင်ရတဲ့အချိန်မှာ အစ်မကနှစ်မျိုးပဲ တွေးတယ်။ သေပြီးရင်လေ ဖြေရှင်းလို့ မရတော့ဘူး။ မသေခင်တုန်းကတော့ အစ်မတို့မှာ ကြိုးစားပိုင်ခွင့်ရှိတယ်။ ငါဒီလိုလူမျိုး မဟုတ်ဘူး ဆိုတဲ့ဟာကို ကိုယ့်ကိုနှိမ့်ချခဲ့တဲ့သူ၊ ကိုယ့်ကိုအနိုင်ကျင့်ခဲ့တဲ့ သူတွေအားလုံးကို ဖြေရှင်းပြီး ပြောဖို့အတွက် ရှိသေးတယ်။

သေသွားပြီးတဲ့ နောက်မှာတော့ အစ်မတို့ဖြေရှင်းဖို့ မရှိတော့ဘူး။ အနုပညာသမားဆိုတော့ ပိုဆိုးတယ်။ သေသွားပြီးရင် နာမည်ကျန်မှာလား၊ မကျန်ဘူးလားဆိုတဲ့ (Lagacy) လို့ ခေါ်တဲ့ဟာတစ်ခုရှိတယ်။ အခုအစ်မတို့ကို မြင်ဖူးတွေ့ဖူးတဲ့သူတွေ၊ အစ်မတို့ရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတွေက အစ်မတို့ကို ချစ်တယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပြောကြပေမယ့် နောက်အနှစ် ၂၀၊ ၃၀၊ ၄၀ ကြာသွားလို့ အစ်မတို့ သေသွားတဲ့အခါကျရင် Next Generation လူငယ်တွေက ပညာတွေ ပိုတိုးတက်လာလို့ရှိရင် လူတွေက အစ်မတို့ ရုပ်ရှင်တွေကြည့်လို့ရှိရင် ဒီလူတွေရဲ့ဟာ ကောင်းရဲ့လား။ တကယ်ဖြစ်ခဲ့ရဲ့လားဆိုတာတွေက Judge ကိုပါခံရတော့မှာ။ အဲဒီခါကျရင် အစ်မစဉ်းစားတယ် ငါသေသွားပြီးလို့ရှိရင် ငါရိုက်ခဲ့တဲ့ကားတွေကလည်း မပြရသေးဘူး။ ရုပ်ရှင်ကလည်း မရိုက်ရဘူးဆိုရင် ငါကလူရှုံးဘဝနဲ့သေရ တော့မယ်ပေါ့။ ဒါပေမဲ့လည်း ပြောသလောက်တော့ မလွယ်ပါဘူး။ Depression ဆိုတာကလည်း ရောဂါတစ်မျိုးပဲဆိုတာကိုလည်း လက်ခံရမယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတော့ ရှိတာပေါ့။ ညီမ (မဖြူ) ပြောသွားတဲ့အထဲမှာ အစ်မကိုယ်တိုင် ကျင့်ထားတာတော့ ဘာသာတရားပေါ့။ ဆုတ်ကိုင်စရာ ဘာမှမရှိတော့ဘူးလို့ ခံစားလာရတဲ့အချိန်မှာတော့ အစ်မဘုရားကိုပဲ ပြေးကပ်လိုက်မိတယ်။ ဘုရားကို ပထမကပ်တဲ့အချိန်မှာတော့ အရမ်းပူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မလိုချင်စိတ်နဲ့ ကပ်ရတာ။ ကပ်တော့ မဖြစ်တော့ ဒေါသပိုထွက်တယ်။ တစ်ခါတစ်ခါကျရင် ရတနာဆိုတာထိုက်မှရတာဆိုတော့ ငါ့ကျတော့ ဘာလို့မရတာလဲဆိုတဲ့ ဒီစိတ်တွေကို ခံစားရတာပေါ့။ ဆိုတော့ ဒီကောင်းခြင်း၊ မကောင်း ခြင်းဆိုတဲ့စိတ်တွေဟာ နေ့တိုင်းမှာ ရှိနေတော့ စိတ်ကလေး သာယာနေတဲ့နေ့ကျရင် အေးဆေးပဲ။ စိတ်မသာယာတဲ့နေ့ကျရင်တော့ အဲဒီဟာကြီးက အရမ်းခံစားရတယ်။ ဒါပေမဲ့ ဘာသာတရားမှာ ဘာဖြစ်လာလဲဆိုတော့ တဖြည်းဖြည်းချင်းနဲ့ နားလည်လာတယ်။ ဘုရားကိုလာလို့ရှိရင် မဇ္ဈိမစိတ်ကို မွေးချင်တယ်။ အကုသိုလ်စိတ်ကို နည်းချင်တယ်ဆိုတော့ အေးချမ်းရာအေးချမ်းကြောင်း ကိုရှာလာတယ်။ စိတ်ကို ဘယ်ဟာကအနှောင့် အယှက်ပေးနေလဲ။ Facebook ကိုကြည့်တာများလို့ ဖြစ်နေတာလား၊ ဒါမှမဟုတ် အသိုင်းအဝိုင်းက ဖြစ်နေတယ်ဆိုရင်လည်း ကိုယ်ရှောင်လို့ရတဲ့ အရာလေးတွေရှိတယ်။ အဲဒါကတော့ အစ်မရဲ့ လက်တွေ့လုပ်ထားတဲ့ ဟာလေးတွေမှာပါတယ်။ နောက်တစ်ခုက မောင်လေးပြောတဲ့ ကြိုးစားတယ်။ ကြိုးစားတယ်။ ဘယ်လိုပဲ ကြိုးစားကြိုးစား ကောင်းတယ်လို့အပြော မခံရတဲ့အချိန်မှာ အစ်မဒီနေ့မနက်ပဲ ကိုယ်တွေ့ခံလာရသေးတယ်။ ကိုယ်တွေ့ခံလာရတယ်ဆိုတာ ဘာကိုပြောချင်သလဲဆိုတော့ အစ်မအနေအထားက ပရိသတ်က လက်ခံလာတဲ့ လူတစ်ယောက်ဖြစ်တော့ အစ်မကို ကြော်ငြာလေးတွေလာအပ်ကြတယ်။ ကြော်ငြာကလည်း အခု ၅၀ လောက် လာအပ်တာမှ တစ်ခုနှစ်ခုမယူဘူးဆိုတာက ကြောငြာဆိုလို့ရှိရင် Brand တော်တော်များများရဲ့ အတွေးဘာလဲဆိုရင် ဒါကြီးကို ထုတ်ထုတ်ပြောရမယ်ပေါ့။ ဒါမှမဟုတ် သီချင်းတွေပဲ ဆိုရမယ်ပေါ့။ ဆိုတော့ အစ်မကိုယ့် (Course Supplize ) မလိုက်နိုင်တော့ လိုက်နိုင်မယ့်ဟာလေးကိုပဲ လိုတိုးပိုလျှော့ပေါ့။ အနုပညာသမားက ကိုယ်လိုချင်ရင် လျှော့ရတာများတယ်။ သူလိုချင်တဲ့ဟာတွေကို အစ်မကြိုးစားပြီးတော့ လုပ်ပေးတယ်။ အဓိက,ကတော့ အစ်မအနုပညာကို ယုံကြည်လို့ လာအပ်တဲ့သူတွေများတယ်။ အစ်မအနုပညာကိုယုံကြည်လို့ လာအပ်တယ်ဆိုရင် အစ်မကို ယုံလိုက်တော့၊ အဲဒီလိုလည်း မယုံချင်ပြန်ဘူး။ Taste မတူတဲ့သူကို အစ်မရိုက်ထားတဲ့ ကြော်ငြာသွားပြတော့ မကြိုက်ပြန်ဘူး။ မကြိုက်တော့ ဒီကပြီးသွားရင် အစ်မစကားသွားပြောရဦးမှာ။ မကြိုက်တဲ့အပြင်ကို မနက်ကပြန်ကြားရတဲ့ အရာတွေက တော်တော်စိတ်မကောင်းဘူး။ တော်တော်လည်း ကြိုးစားထားတယ်။ စေတနာလည်း ထည့်ထားတယ်။ အစ်မက ပုတ်ပြတ်ယူပေမယ့် ဘယ်လိုယူထားလိုက်မယ်တို့ ဘယ်လိုငါ့အတွက်ကျန်အောင် လုပ်ထားလိုက်မယ်ဆိုတဲ့ ဒါရိုက်တာမျိုး မဟုတ်ဘူး။ အစ်မက လုပ်လိုက်ချင်တာ။ ရိုက်လိုက်ချင်တာ။ ကောင်းလိုက်ချင်တာ။ အစ်မတို့ရိုက်လို့ရတဲ့ အနေအထားလေးကနေ ဒီလောက်လုပ်နေတဲ့ကြားထဲကမှ ဒီလိုမျိုးဖြစ်တယ်ဆိုတော့ အစ်မပြောပြချင်တာက ဒါဟာအမြဲရင် ဆိုင်ရမယ့်အရာဆိုတာ သိလာတယ်။ မဖြစ်သေးလို့ အပြောခံရတာလည်း မဟုတ်ဘူး။ ဖြစ်နေရင်လည်း အပြောခံရမှာပဲ။ သူ့အကြိုက်မတွေ့ရင် ကိုယ်ရင်ဆိုင်နေရမှာပါဆိုတဲ့ အဲတစ်ခုသိလာတယ်။ ဆိုတော့ လူကြောက်ပါတယ်ဆိုတဲ့ အစ်မက Owner ကို ထိပ်တိုက်သွားပြောလေ့ မရှိဘူး။ အလုပ်လက်ခံတာက မန်နေဂျာတွေရှိတယ်။ အစ်မက အနုပညာ အလုပ်လေးပဲလုပ်ချင်တာ။ ငွေရေးကြေးရေး စကားတွေလည်း မပြောချင်ဘူး။ သွားပြောရမယ်ဆိုတော့ သူ့ကိုကိုယ် ရဲရဲရင့်ရင့်နဲ့ ပြောရင်းနဲ့တောင် လက်ဖျားတွေ အေးလာတယ်။ ဒါပေမဲ့ သွားတွေ့ရမှာပဲလေ။ အဖြေတစ်ခု ထွက်ဖို့လိုနေပြီ။ ဆိုတော့ အဲဒါတစ်ခု။ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုကို ဖြတ်လိုက်ပါ လုပ်လိုက်ပါဆိုတဲ့ဟာမျိုးမှာ အခုနက မောင်လေးပြောသလို အစ်မအခု အထိရင်ဆိုင်နေရတာနဲ့ ကွက်တိပဲဆိုတော့ ကလေးတွေ၊ လူငယ်တွေ ကြိုးစားနေဆဲမှ မဟုတ်ဘူး။ ကြိုးစားပြီး ရင်ပဲဖြစ်ဖြစ် ကြိုးစားနေရင်ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် တစ်ဘဝလုံးမှာ ရင်ဆိုင်ရမယ့်အရာ ဖြစ်သွားပြီ။ ခုနက အစ်မပြောသလို သေမလား။ ဒါမှမဟုတ် ရင်ရှေ့ဆက်မလားဆိုတဲ့ ဟာကရှိတယ်။ ရှေ့ဆက်မှပဲ အစ်မရမယ်ဆိုရင်တော့ သေတဲ့ဟာက အဖြေမဟုတ်တော့ဘူး။ အစ်မထိပ်တိုက်တွေ့ရတော့မယ်။ အစ်မ အနေနဲ့ကတော့ အဲဒီလိုပဲ အကြံပေးပါရစေ။

မေဟန်နီဆွေ (National Management Collage မှ Journalism ကျောင်းသူ)-အစ်မ ခရစ္စတီနားခီကို မေးချင်ပါတယ်။ အစ်မအနေနဲ့ ကွာခြားတဲ့စနစ်နှစ်ခုကို လေ့လာခဲ့တယ်ပေါ့။ ဒီကနေပြီးတော့ အမေရိကမှာလည်း သွားရောက်လေ့လာတယ်ပေါ့။ အဲဒီမှာ စိတ်ပိုင်းဆိုင်ရာ  မတူညီတဲ့ဥစ္စာကို ဘယ်လိုမျိုး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုးပြုပြင်ခဲ့ရသလဲ။ နောက်တစ်ခါ မဖြူကို မေးချင်ပါတယ်။ အစ်မရဲ့မိဘတွေရဲ့ လုပ်ငန်းဖြစ်တဲ့ ရွှေလုပ်ငန်းကို လုပ်ရတယ်လို့ပြောတယ်။ အဲဒါမှာ အစ်မအနေနဲ့ ရွှေလုပ်ငန်းအပြင်ကို  စီးပွား ရေးနယ်ပယ်မှာဖြစ်ဖြစ် အခြားလုပ်ချင်တာများ ရှိခဲ့ဖူးလား။ အဲဒါကိုမလုပ်ခဲ့ရတဲ့အတွက် အခုနောင်တရတာမျိုး ရှိလား။ ငါသာ ငါလုပ်ချင်တဲ့ စီးပွားရေးနယ်ပယ်မှာ အခြားတစ်ခုကို လုပ်ပြီးဆိုရင် ဒီထက်ပိုပြီး တိုးတက်မယ်ဆိုတဲ့ နောင်တရတာမျိုးတွေရှိလား။

ခရစ္စတီးနားခီ (Producer & Film Director ) မတူညီတဲ့ နှစ်ခုဆိုပေမယ့် အစ်မက ဒီမှာမွေးသွားတာလေ။ ဒီအခါအထာ ဒီဓလေ့ထုံးစံတွေကို မိဘကလည်းဗမာဆိုတော့ သိတယ်။ ဗမာဓလေ့ထုံးစံတွေကိုလည်း သိတယ်။ စိတ်ပိုင်းဆိုင်ရာ မတူညီတဲ့ဟာနှစ်ခုကို ညှိရတဲ့အခါ ဟိုဘက် (အမေရိကန်) ကို သွားရတဲ့အခါ ညှိရတာက ပိုလွယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မမှာ မတူညီဘူး။ အားနာတဲ့အခါကျတော့ ဘာရှိလဲဆိုတော့ အစ်မတို့ဒီမှာကတော့ ကျောင်းတက်တဲ့အခါကျတော့ ဆရာမကို ပြောရတယ်။ ရှူးရှူးပေါက်မယ်တို့ ခွင့်ပြုပါဦးတို့ ပြောရတာပေါ့။ အဲဒီလို ပြောရတဲ့အရာတွေကို ဒီမှာက ကျင့်ဝတ်တစ်ခု သတ်မှတ်ထားတယ်။ ဟိုဘက်ရောက်တဲ့အခါရောက်တော့ သွားချင်လည်း မသွားဘူး။ ဒီအတိုင်းကြောက်ပြီးတော့ မပြောဘူး။ ဒါဟာ မကောင်းတဲ့အားနာတာဆိုတာကို  နောက်ပိုင်းမှာ တဖြည်းဖြည်း သိလာတယ်။ လေးစားသမှုနဲ့ မလေးစားသမှုဆိုတာ ဘယ်ဟာကွာလဲဆိုတာကို ဟိုဘက်ရောက်သွားတဲ့အခါ နားလည်အောင်ကြိုးစားရတယ်။ နောက်တစ်ခုက ဟိုဘက်ဘာကွာသလဲဆိုတော့ ဘွင်းဘွင်းရှင်းရှင်း ပြောကြတယ်။ ဘွင်းဘွင်းရှင်းရှင်းဆိုတဲ့နေရာမှာ ခုနက Attack မပါဘူး။ Bullying လုပ်တာလည်း မပါဘူး။ နင့်အသက် ဘယ်လောက်တို့ နင့်ရုပ်ဘယ်လို ဖြစ်နေတာတို့ပေါ့။ အဲဒီလိုမျိုး ဘယ်တော့မှ မပြောဘူး။ Privacy ဆိုတဲ့အရာကိုလည်း သူတို့က အရမ်းသိတယ်။ မရှိဘူးလို့တော့ မဟုတ်ဘူးပေါ့နော်။ ရှိတယ်ရှောင်လို့ရတယ်။ လူနည်းစုပဲ ဖြစ်နေတာကိုး။ ဖြစ်နေတဲ့အခါကျတော့ ကိုယ်က ရှောင်ရတာလွယ်တယ်။ နောက်တစ်ခုက ပွင့်ပွင့်လင်းလင်းဆိုတဲ့နေရာမှာ အစ်မတို့က ရုပ်ရှင်ရိုက်တဲ့အချိန်ကျရင် အစ်မတို့ပြောတဲ့ Story တွေ ဘာတွေကို ထပြောရတယ်။ ပြောပြီးလို့ ရိုက်ပြီးလို့ရှိရင် အစ်မတို့ ဗီဒီယိုနဲ့ ကြည့်ရတယ်။ ကြည့်ပြီးလို့ ကျောင်းသားတွေ ၁၇ ယောက် ၁၈ ယောက်တို့ ရှိတယ်ဆိုရင် ၁၇ နှစ်ယောက် ၁၈ ယောက်လုံးက ဒီဟာကိုဆွေးနွေးကြရတယ်။ အဲဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက်က Personal Attack လုံးဝမပါဘဲနဲ့ Criticism ကို ကောင်းကောင်းပြောနိုင်တယ် သူတို့က။ အစ်မအခက် အခဲကကျတော့ အစ်မကမပြောရဲဘူး။ အစ်မက ကြောက်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အစ်မတို့ဆီမှာ လက်ထောင်ပြီးတော့ပြောတဲ့ အလေ့အထလည်းမရှိတော့ အားနည်းတယ်။ ဘာနဲ့ထိန်းချုပ်ထားလဲဆိုတော့ 10 Percent လျှော့မယ်၊ Course Participation မရှိဘူး။ ပါဝင်ပတ်သက်မှုမရှိရင် ၁၀ ရာခိုင်နှုန်း လျှော့မယ်ဆိုတော့ အစ်မက ၁၀ မှတ်တော့ အလျှော့မခံနိုင်ဘူး။ အစ်မက အရဲစွန့်ပြီးတော့ ပြောရတာပေါ့။ သူတို့ဆီမှာ         အလေ့အကျင့်ကောင်းလေးတွေ ရှိတယ်။ မကောင်းတာတွေလည်း ရှိပါတယ်။ မကောင်းတာတွေလည်းရှိတယ်ဆိုတာက အစ်မတို့လူ ငယ်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရင် အရမ်းမများကြီးမရှိဘူးလို့ အစ်မကမြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တန်းစီတယ်။ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ် ထိုင်တဲ့ဟာက လက်ခံလို့ရတယ်။ ပြောင်းလိုက်လို့ရတယ်။ အစ်မအရွယ်နဲ့လည်း ပြောင်းလိုက်လို့ အဆင်ပြေတယ်။ စနစ်တစ်ခုက အသစ်တစ်ခုကို ပြောင်းရတယ်ဆိုပေမဲ့ ပြောင်းရတာလွယ်တယ်။             ဒီဘက်က စနစ်က အားနာတယ်ဆိုတာ မကောင်းဘူး။ မအားနာပဲ ဗွင်းဗွင်းရှင်းရှင်း နေထိုင်တယ်ဆိုရင် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကရောမရောက်ရင်ရော မလိုကျင့်ရတာပေါ့။ ပြောင်းလိုက်တယ်ပေါ့။ အစ်မ အစားအသောက်လေးတစ်ခုနဲ့ပဲ ယှဉ်ပြောပြမယ်။ အစ်မမြင်ဖူးတယ်။ မြန်မာတော်တော်များများတော့ မဟုတ်ဘူး။ တချို့က ဘာလဲဆိုတော့ ငါတို့က ချိစ့်မကြိုက်ဘူး။ ငါးပိပဲကြိုက်တယ်ဆိုတဲ့စိတ်တော့ မရှိဘူး။ အစ်မက ချိစ့် လည်းစားတယ်။ ငပိလည်းစားတယ်။ အစ်မကကျတော့ ဘာပဲဖြစ်ဖြစ် အသစ်အဆန်းလေးဆိုရင် ကိုယ့်စိတ်နဲ့ကို စမ်းကြည့်မယ်။ စားကြည့်မယ်။ ကြိုက်ရင် ကြိုက်မှာပဲ။ ဆိုတော့ အဲဒီလိုနိုင်ငံကို ရောက်သွားတဲ့အခါမျိုးမှာ လေ့လာစူးစမ်းခွင့်က လုပ်ချင်ရင်ပိုပြီးတော့ လုပ်ပိုင်ခွင့်ရှိပါတယ်။ နောက်တစ်ခုက အစ်မနိုင်ငံခြားသွားတယ်။ အမေရိကတော့ မဟုတ်ဘူး။ အမေရိကားကို သွားတယ်ဆိုတာက သူတို့နဲ့ အကျွမ်းတဝင်စေဖို့ အတွက်သွားတာ။ အစ်မနိုင်ငံခြားတစ်ခုကိုသွားလို့ရှိရင် အစ်မဘယ်တော့မှ အဆောက်အအုံလှလှကြီးရှေ့မှာ ဓာတ်ပုံရိုက်ပြီးတော့ အဲလောက်အဆင့်ကို ဘယ်တော့မှ မလုပ်ဘူး။ အစ်မနိုင်ငံခြားတစ်ခုကို သွားပြီဆိုလို့ရှိရင် သူတို့ရဲ့ယဉ်ကျေးမှုကဘာလဲ။ သူတို့ ဗွင်းဗွင်းရှင်းရှင်း ပြောတယ်။ သူတို့အစားအသောက်ကဘာလဲ။ အစားအသောက်ဆိုရင်တော့ ကြက်သားကင် စားမယ်ဆိုရင်တောင် ဒီနိုင်ငံက ကြက်သားကင်မှ စားချင်တာ၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုအရသာလဲ သူတို့က မဆလာကဲလား။ သူတို့ ဘယ်လိုလူမျိုးလဲ။ ပြင်သစ်တို့ဘာတို့မှာဆိုလို့ရှိရင် သိပ်အံ့သြဖို့ကောင်းတယ်။ လက်မှုပညာတွေက အရမ်းထွန်းကားတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ လက်မှုပညာ အရမ်းထွန်းကားတယ်။ ဟုတ်ပြီ။ သူတို့က ရှေးရိုးစွဲတွေလား။ အဲဒီအခါဆိုလို့ရှိရင် ကမ္ဘာလှည့်ခရီးသည်တွေသွားတဲ့ Bar တစ်ခုကို သွားလိုက်တယ်။ အဲဒီမှာ ဖင်ပြောင်နဲ့ ကနေကြတာ။ ပြောချင်တာက ခေတ်လည်းမီတယ်။ ဒါပဲ။ အဲလိုဟာမျိုးကိုမှ သဘောကျတာ။ အဲလိုလေ့လာပြီးရင် ကောင်းတာကိုတော့ အစ်မယူလိုက်တယ်။ မကောင်းတဲ့ဟာ ကိုယ်နဲ့ မသက်ဆိုင်တဲ့ဟာကိုကျတော့ မယူတော့ဘူး။ အဲဒီနည်းနဲ့ပဲ အစ်မဟိုဘက်မှာ အဆင်ပြေလာခဲ့တယ်ပေါ့နော်။

ဖြူဖြူအောင် (BOD, Aung Thamardi , Gold Founder) ညီမလေးတို့မေးတဲ့ မေးခွန်းမျိုးတွေကို အမြဲတမ်းဖြေရလေ့ရှိပါတယ်။ သူတို့က မိဘတွေလုပ်ငန်းကို မလုပ်ချင်ဘူး။ သူတို့ ဘာလုပ်ချင်လဲဆိုတော့ ကွဲပြားလဲဆိုတော့ နှစ်ပိုင်းရှိပါတယ်။ မိဘက လခစားဝန်ထမ်း ဖြစ်တယ်။ ကိုယ်ကလုပ် မပေးနိုင်ဘူး။ ဒါကတစ်ပိုင်း။ နောက်တစ်ခါ မိဘက လုပ်ငန်းရှိတယ်။ လုပ်ပေးနိုင်တယ် ဆိုတာကတစ်ပိုင်း။ နှစ်ပိုင်းပြောချင်တယ်။ အစ်မအဓိကပြောချင်တာကတော့ အပင်တစ်ပင်က အသီးလည်းသီးနေပြီ အရိပ်လည်းရနေပြီဆိုရင် အဲဒီအပင်ကအသီးကို ကိုယ်ကစား ဖို့ပဲကျန်တယ်။ ထုပ်ပိုးပြီး ရောင်းစားမယ်လို့ ကျန်တယ်။ အမေ့ရဲ့ သစ်ပင်ကိုမကြိုက်ဘူး။ ခုတ်လည်းပြီးတော့ အသစ်ပြန်စိုက်မလား။ အဲဒီမှာ ကွာခြားတယ်။ ဘာကွာလဲဆိုတော့ အချိန်ကွာခြားတယ်။ အဲဒီ ကွာခြားတဲ့ အချိန်ကိုပေးရတဲ့အခါမှာကျတော့ သားကဒါကို ဝါသနာမပါဘူး။ သမီးက ဝါသနာမပါဘူး။ တကယ်တမ်းကတော့ ဘယ်သူမှ ဝါသနာကို ဘယ်သူမှ ထည့်မပေးလိုက်ဘူးဆိုတာကို အစ်မထင်တယ်။ အစ်မကျတော့ ဘာဖြစ်လို့ ဝါသနာပါသွားလဲဆိုရင် လုပ်ရင်းနဲ့ ဝါသနာ ပါသွားတယ်။ တချို့မလုပ်ချင်တဲ့သူဆိုလို့ရှိရင် ဝါသနာကိုအကြောင်းပြပြီးတော့ အမျိုးမျိုးတွေ ဆောင်ရွက်ကြတာရှိတယ်။ သားကဒါကို မကြိုက်ဘူး။ သားက ဘာဝါသနာကိုပါ မှန်းကိုမသိတာပဲ ရှိသေးတယ်။ ဝါသနာပါမှန်း မသိတဲ့ဟာကို ကိုယ့်စိတ်ကူးအိပ်မက်တွေ ကိုရှာရင်းနဲ့ ဂိမ်းတွေဆော့လာကြတယ်။ ဂိမ်းတွေဆော့လာတော့ ဂိမ်းတွေထဲမှာလည်း ပျော်ပြီးတော့ ဝါသနာက ဂိမ်းဆိုတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဝါသနာက ဂိမ်းပါဆိုရင် သူတို့ဘဝလည်း ဂိမ်းသွားမှာပေါ့။ ဒါကတော့ အစ်မမြင်တာပေါ့နော်။ အစ်မဆိုရင် လုံးဝဂိမ်းမဆော့ဘူး။ ဘာဖြစ်လို့မဆော့လဲဆိုတော့ ဘာမှလည်း မကြိုက်ဘူး။ အစ်မ ဝါသနာပါအောင်လည်း မလုပ်ဘူး။ ဝါသနာပါအောင်လည်း လုပ်လို့ရတယ်။ အစ်မ Candy Crush ဆိုတဲ့ ဂိမ်းလားမသိဘူး ဆော့ကြည့်တယ်။ သူ့ Level တစ်ခုတက်ဖို့ စိတ်ဆိုးနေရတာနဲ့တင် အစ်မ မတန်ဘူးလို့ ထင်တယ်။ ဆုံးဖြတ်ချက်ကို အမြဲတမ်းမေးလေ့ရှိတယ်၊ ဒါငါဘာအတွက် လုပ်နေတာလဲပေါ့။ လူငယ်တွေမှာကျတော့ ဂိမ်းက သူတို့ရဲ့ အလုပ်လို့ဖြစ်နေတယ်။ တချို့မိဘတွေလိုပဲ အစ်မလည်း လေ့လာရတာပေါ့နော်။ အစ်မလည်း သားသမီးတွေရှိတော့၊ အိမ်ထဲနေရင် ပျော်နေတာ။ Ipad တစ်လုံးနဲ့ Game စက်တစ်လုံးနဲ့ ဝယ်ပေးလိုက်လို့ရှိရင် သားသမီးတွေက လိမ္မာတယ်လို့ပဲ ထင်နေတာ။ အဲဒီဟာ ပိုစွဲပြီးတော့ အခန်းထဲကကို မထွက်ကြတော့ဘူး။ အခန်းထဲကမထွက်တော့ ထမင်းကို အခန်းထဲထိဝင်ပြီး ကျွေးရတဲ့အထိဖြစ်လာတယ်။ သူတို့ရဲ့ အိပ်မက်ကြီးက ဘာကြီးမှန်းလဲ မသိဘူး။ ဘာကြီးမှန်းလဲမသိတဲ့ အိပ်မက်ကို အစ်မက ပြောပြချင်တာပေါ့။ အခုအစ်မ အဖေတို့အမေတို့က လုပ်ငန်းလုပ်တော့ အစ်မစာဖတ် စရာမလိုဘူး။ အစ်မသိချင်ရင် အဖေ့ကို မေးလို့ရတယ်။ အစ်မ ငယ်ငယ်တုန်းကဆို စာဖတ်အရမ်းပျင်းတာ။

စာဖတ်တာဝါသနာလည်း မပါဘူး။ အရုပ်လည်း မပါဘူး။ ပျင်းတယ်။ အရုပ်ပါတဲ့ ကာတွန်းလေးတွေပဲ  ကြိုက်တယ်။ အစ်မဖတ်ချင်တဲ့စာအုပ်ကို အဖေ့ကိုပေးလိုက်တယ်။ အဖေဖတ်ပေး နက်ဖြန်ကျတော့ အဖေ့ကိုမေးလိုက်တယ်။ အဲဒီတော့ မြန်မြန်လည်း ပြီးတယ်လေ။ အစ်မကြိုက်တဲ့စာအုပ်တွေ ဝယ်ထားပေးပြီးတော့ အဖေ့ကိုပေးတယ်။ ပြောချင်တာက ဝါသနာမပါတဲ့အလုပ်က လုပ်ရင်းနဲ့ဝါသနာ ပါသွားတယ်။ အစ်မဝါသနာပါတဲ့အလုပ်ဆိုရင် ဒီထက်အောင်မြင်မလား။ အစ်မနဲ့က ဒီအလုပ်က ကိုက်တယ်။ ပြီးလို့ရှိရင် အစ်မ ခွန်အားကကျတော့ ကာတွန်းလေးတစ်ခုမှာ ပြောသလိုပဲ ရထားလမ်းကိုပြင်တယ်။ လူတစ်ယောက်တည်းပြင်တာနဲ့ အသိုင်းအဝိုင်းတစ်ခုပြင်တာနဲ့ ပြီးတဲ့အချိန်ချင်း၊ ရတဲ့ ရလဒ်ချင်းက မတူဘူး။ အစ်မတို့ကကျတော့ လုပ်ရင်းလုပ်ရင်းနဲ့ လမ်းကြောင်းလေးကို ထိန်းထိန်းပေးတယ်။ အစ်မတို့ အပြစ်ပြောခံရတာတစ်ခုက ပတ်ဝန်းကျင်မှာ အပြစ်ပြောခံရရင် ကိုယ့်ကို ဓားသွေးစက်လိုပဲ များများသွေးပေးနေတာ။ အစ်မဆိုရင် ဘယ်လောက်တောင် အပြောခံရလဲဆိုတော့ အစ်မတို့ အောင်သမာဓိ အလျော့တွက် တစ်ပဲယူတဲ့ခေတ်မှာ အလျော့တွက်ဆိုတာ လက်ခပေါ့နော်။ ၆၀၀၀၀ ယူတဲ့ ခေတ်မှာ အစ်မတို့ဆိုင်က ၅၀၀ နဲ့ပဲယူပြီး ရောင်းပေးတယ်။ အဲဒီမှာ ဘာအပြောခံရလဲဆိုတော့ အောင်သမာဓိရွှေက မစစ်ဘူးလို့ အပြောခံရတယ်။ ပြီးရင်အစ်မ စိန်လုပ်တာ အသက်ငယ်တယ်။ စိန်ကိုထပ်ပြီးတော့ ပညာသင်တယ်။ အသက်ကလည်း ၁၇ နှစ်မှာလုပ် တော့ သူတို့စိန်တွေက မစစ်ဘူးလို့အပြောခံရတယ်။ အဲဒီတော့ အစ်မ အရမ်းနာကြည်းတယ်။ အဲဒီလို အပြစ်ပြောခံရတဲ့ နာကြည်းချက်ကို ခွန်အားအဖြစ် ပြောင်းပြီးတော့မှ လုပ်ဖို့လိုအပ်တယ်။ အဲဒီအခါကျမှ မိဘလုပ်ငန်းလုပ်တော့ ပေါင်းပြီးတော့ သွားလို့ရတယ်။ ဒါပေမဲ့ တစ်ခုအခက်အခဲရှိတာက ရှေးရိုးစွဲကို ထိုးဖောက်ဖို့အတွက်ကတော့ ခက်တယ်။ ငါသိပြီးသား ငါ့ကိုလာမပြောနဲ့။ ငါတို့စာအုပ်နဲ့မှတ်တာကွာ အရင်ကတည်းက ရှေးရိုးစဉ်ကတည်းက လုပ်ခဲ့တာ။ ညည်းခေတ်ကျမှ ကွန်ပျူတာနဲ့ ပြောင်းရမှာလား။ အဲဒါကကျတော့ ခက်သွားပြန်ရော။ အဲဒီအခါကျတော့ ပူးပေါင်းပြီး ညှိနှိုင်းရမယ်။ အမေ့ကို ချော့ပေါင်းရမယ်။ အဖေ့ကို ချော့ပေါင်းရမယ်။ အစ်မတို့ ဖြစ်နေတာ ဘာတွေလဲဆိုတော့ သားသမီးတွေက ဗျောဗျောဗျဗျနဲ့ ပြောလိုက်တယ်။ နားလည်အောင်မပြောဘူး။ သူတို့ပြောချင်တဲ့စကားလုံးကို သူငယ်ချင်းတွေနဲ့ ကျရင်ပြောတယ်။ မိဘတွေနဲ့ကျရင် လိုတိုရှင်းလောက်ပဲ ပြောပြတယ်။ ပြီးရင် နားမလည်ဘူးဆိုတာ ရှိကြတယ်။ သူတို့ခင်တဲ့ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေရှိတယ်။ မိတ်ဆွေတွေရှိတယ်။ ကိုယ့်အဖေအမေတွေ တစ်ခါတလေ သားသမီးတွေကို ဆုံးမလို့ မရတာ မဟုတ်ဘူး။ အဖေအမေတွေကကို ပြောလို့မရတာ ရှိတယ်။ အဲခါကျတော့ အဖေအမေနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေကို မေးပြီးတော့ အကြံလေးပေး။ သားကတော့ ဒီလိုလေးဖြစ်ချင်ပါတယ်ဆိုတဲ့ ကြားခံလေးနဲ့ လုပ်ရင်တော့ အောင်မြင်ပါတယ်။ ဝါသနာအရတော့ မလုပ်ခဲ့ဖူးဘူး။ ဝါသနာပါသွားတယ်။ အစ်မဒီလိုမျိုးလေးတွေ၊ နူးနူးညံ့ညံ့လေးတွေ လုပ်ရတာ သဘောကျတယ်။ ကြိုက်လည်း ကြိုက်နှစ်သက်တယ်။ အခု အစ်မရဲ့ ဝါသနာက ဈေးရောင်းရတာ ဖြစ်သွားတယ်။ ပိုက်ဆံရတာ ဖြစ်သွားတယ်။ အဓိက,က နောက်ဆုံးတော့လည်း အားလုံးက ပိုက်ဆံကိုရှာကြတာပဲလေ။ ပိုက်ဆံရှာတဲ့နေရာမှာ အဓိက,က စေတနာရှိဖို့၊ မှန်ကန်ဖို့၊ ပြီးတော့ အစ်မတို့က အောင်သမာဓိဆိုတော့ အစ်မအဖေကလည်း သမာဓိရှိစွာနဲ့ လုပ်ရပါတယ်။ အစ်မတို့လုပ်ငန်းတွေမှာကျတော့လည်း ယုံကြည်မှုကို ရောင်းရတာ။ အစ်မတို့ဆီက ဈေးဝယ်သူတွေကို ဒီရွှေဈေးဆိုရင် ဒီရွှေကိုပေးရတယ်။ သူက မီးလင်းဝယ်ရင် မီးလင်းကို ပေးရမယ်။ ၁၅ ပဲ ဆိုရင် ၁၅ ပဲကို ပေးရတယ်။ မီးလင်းဝယ်ပြီး ၁၅ ပဲရွယ်ပေးလိုက်လို့ရှိရင် အစ်မတို့က ဈေးဝယ်သူကို ညာရောင်းတာနဲ့တူတူပဲ။ အဲဒီတော့ အစ်မတို့ အဲဒီလိုလုပ်တော့မယ်ဆိုရင် သမာဓိရှိရမယ်။ မှန်ကန်ရမယ်။ ပြီးလို့ရှိရင် ယုံကြည်မှုရှိအောင် လုပ်ရမယ်။ ရေရှည်သွားနိုင်အောင် လုပ်ရပါမယ်။ အဲဒီတော့ အစ်မအနေနဲ့ မိဘလုပ်ငန်းလုပ်တယ်ဆိုတာ အစ်မ ဥပမာပြသလိုပဲ အသီးကို အဆင်သင့်စားလို့ရတယ်။  အများကြီးထပ်ပြီးတော့ တစ်ပင်ကနေနှစ်ပင်၊ နှစ်ပင်ကနေ သုံးပင်ကူးလို့ရတယ်။ အစ်မနားမလည်ရင် အစ်မတစ်ယောက်တည်း ခေါင်းခြောက်စရာ မလိုတော့ဘူး။ အဖေအမေ ကူညီလို့ရတယ်။ တစ်ယောက်တည်းလုပ်တဲ့အခါကျတော့ တစ်ယောက်တည်း လုပ်ရတယ်။ တစ်ယောက်တည်း စိတ်ညစ်ရတယ်။ ဘေးပတ်ဝန်းကျင်က ဘာမှဝိုင်း မကူနိုင်တော့ဘူး။ အဲဒီလိုလုပ်ငန်းမျိုးဖြစ်တဲ့ အတွက် အစ်မလက်ရှိအနေအထားကို အစ်မကျေနပ်တယ်။ နောင်တလည်း မရဘူး။ အစ်မအတိတ်ကိုလည်း ပြန်မတွေးဘူး။ အနာဂတ်ကိုလည်း သိပ်မမျှော်လင့်ဘူး။ ပစ္စုပ္ပန်မှာပဲ အစ်မလုပ်ခဲ့တဲ့ အကြောင်းအရင်းပေါ်ကိုပဲ ကြည့်ပြီးတော့ အစ်မအကျိုးကိုပဲ အဓိကမျှော်လင့်ပါတယ်။ အကြောင်းကောင်းမှလည်း အကျိုးကကောင်းမှာဆိုတော့ သိပ်ပြီးတော့ အိပ်မက်တွေလည်း အများကြီးမမက်ပါနဲ့။ ဒါပေမဲ့ မက်တဲ့အိပ်မက်တွေကလည်း ဖြစ်နိုင်ခြေရှိတဲ့ အိပ်မက်တွေကို မက်ပြီးတော့မှ ကိုယ့်ရဲ့ပစ္စုပ္ပန်မှာပဲ အကောင်းဆုံးဖြစ်အောင် လုပ်ပါလို့ အစ်မ ပြောချင်ပါတယ်။

Eleven Media Group  မှ လစဉ်ပြုလုပ်သည့် Youth Inspire Talk အစီအစဉ်အား Eleven Media Group Facebook Page နှင့် Eleven Broadcasting Facebook များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Most Read

Most Recent