မြန်မာ ယူ-၂၃ ဂိုးသမား ကျော်ဇင်ထက်နှင့် တွေ့ဆုံခြင်း

မြန်မာ ယူ-၂၃ ဂိုးသမား ကျော်ဇင်ထက်နှင့် တွေ့ဆုံခြင်း
Published 17 August 2018

■ ဓာတ်ပုံ-ညီညီစိုးညွန့်

‘ဆော်ဒီနဲ့ပွဲမှာ အမှတ်ရဖို့ မျှော်လင့်ပါတယ်’

မြောက်ကိုရီးယားအသင်းနဲ့ သရေကျခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ မြန်မာအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သူက ဂိုးသမား ကျော်ဇင်ထက် ဖြစ်ပါတယ်။ ကျော်ဇင်ထက်ဟာ မြောက်ကိုရီးယားနဲ့ပွဲမှာ သေချာပေါက်ဂိုးသွင်းခွင့် ငါးကြိမ်ထက်မနည်း ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျော်ဇင်ထက်ကို ဆော်ဒီအသင်းနဲ့ကစားမယ့် အုပ်စုဒုတိယပွဲမတိုင်ခင် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

■မေး - မြောက်ကိုရီးယားနဲ့ပွဲမှာ သေချာပေါက်ဂိုးသွင်းခွင့်တွေကို ကာကွယ်နိုင်ခဲ့လို့ အဲဒီပွဲက လက်စွမ်းအပေါ် အားရကျေနပ်မှု ရှိပါသလား။

■ ဖြေ - မြန်မာ ယူ-၂၃ အသင်း ရလဒ်ကောင်းဖို့ ကျွန်တော့်အနေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ မြောက်ကိုရီးယားလိုအသင်းမျိုးကို သရေကစားနိုင်ခဲ့တာက အသင်းသားအားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပါတယ်။ ဘောလုံးအသင်းဆိုတာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ ကစားလို့မရပါဘူး။ အသင်းသားအားလုံး စည်းလုံးညီညွတ်မှုရှိမှ အသင်းကောင်းတစ်သင်း ဖြစ်မှာပါ။

■ မေး - ပွဲမတိုင်ခင်မှာ မြောက်ကိုရီးယားနဲ့ပွဲအတွက် ဘယ်လောက်အထိ ပြင်ဆင်ခဲ့ပါသလဲ။

■ ဖြေ - ကျွန်တော်တို့ပါတဲ့အုပ်စုက အသင်းကြီးတွေပါပဲ။ ဒါကြောင့် ပြင်ဆင်မှုတွေ သေချာပြုလုပ်ခဲ့ပါတယ်။ နည်းပြကြီးအနေနဲ့လည်း အသင်းတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ လေ့ကျင့်ရေးကွင်းမှာ သေချာပြောပြပါတယ်။ နည်းပြသင်ကြားတဲ့အတိုင်း ကစားနိုင်လို့ ရလဒ်ကောင်း ရခဲ့တာပါ။ ပြိုင်ဘက်တွေက အာရှအင်အားကြီး အသင်းတွေဖြစ်တဲ့အတွက် လျင်မြန်မှုနဲ့ ကြံ့ခိုင်မှုကို ဦးစားပေးပြီး ကစားတတ်ပါတယ်။ သူတို့ရဲ့ အမြင့်ဘောတွေကို ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် အမှတ်ရခဲ့တာပါ။

■ မေး - ဒုတိယပွဲဖြစ်တဲ့ ဆော်ဒီအသင်းနဲ့ပွဲမှာရော ရလဒ်ကောင်းရယူနိုင်မယ်လို့ ထင်ပါသလား။

■ ဖြေ - မြန်မာအသင်းဆိုတာ ပြိုင်ဘက်အသင်းတွေနဲ့ယှဉ်ရင် ကွာခြားပါတယ်။ သူတို့နဲ့ ခြေစွမ်းကွာဟမှုက ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းဖြစ်လာတာပါ။ ဆော်ဒီအသင်းနဲ့ပွဲမှာလည်း အကောင်းဆုံးကြိုးစားမှာပါ။ အမှတ်ရဖို့ မျှော်လင့်ပါတယ်။

■ မေး - မြောက်ကိုရီးယားအသင်းကို သရေကစားနိုင်ခဲ့တဲ့အတွက် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိလာပြီလား။

■ ဖြေ - အုပ်စုကျပ်ထဲ ကျရောက်နေပေမဲ့ တတိယနေရာရ ခြောက်သင်းထဲမှာ လေးသင်းက နောက်တစ်ဆင့်တက်မှာ ဖြစ်တာကြောင့် မျှော်လင့်ချက်ရှိပါတယ်။ ကျွန်တော်တို့လည်း အကောင်းဆုံးကြိုးစားမှာပါ။ လက်ကျန်နှစ်ပွဲမှာ တစ်ပွဲနိုင်ဖို့လိုပါတယ်။ အသင်းသားအားလုံး စည်းစည်းလုံးလုံးနဲ့ကစားရင် ရလဒ်ကောင်းတွေ ရလာမှာပါ။

 

Most Read

Most Recent