တေးသံရှင်ဝေလနှင့် တွေ့ဆုံခြင်း

တေးသံရှင်ဝေလနှင့် တွေ့ဆုံခြင်း
Published 7 August 2018

ဂီတလောကအတွင်း အခက်အခဲများကြားမှ ဖြတ်သန်းကြိုးစားလာခဲ့ရသူတစ်ဦးဖြစ်ကာ မိတ်ကပ်မကြိုက်သောသီချင်းများ တစ်ကိုယ်တော်အယ်လ်ဘမ်မှ စတင်ပြီး ပရိသတ်လက်ခံအားပေးမှု အများအပြား ရရှိခဲ့သူမှာ တေးသံရှင်ဝေလဖြစ်သည်။ ဘဝကို သရော်သည့်သီချင်းများ၊ နေ့စဉ်ဖြတ်သန်းမှုဘဝများအတွင်းမှ လွဲမှားနေသည့် အယူအဆများအား သရော်ဟန်စွက်သည့် တေးသီချင်း ဖန်တီးမှုများဖြင့် ကြိုးစားတင်ဆက်လေ့ရှိသည့် တေးသံရှင်ဝေလမှာ လက်ရှိတွင် တစ်ကိုယ်တော် တေးအယ်လ်ဘမ်လေးခွေ ထွက်ရှိထားခဲ့ပြီးဖြစ်သည်။ တေးသံရှင်ဝေလက ပထမဆုံးတစ်ကိုယ်တော်ပွဲအဖြစ် စက်တင်ဘာ ၂၉ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ရန် စီစဉ်ထားသည့်အပြင် ဖျော်ဖြေပွဲတစ်ပွဲလုံးအား အကယ်ဒမီဓိရာမိုရ်၏ သံစုံတီးဝိုင်းဖြင့် တွဲဖက်တင်ဆက်ရန် စီစဉ်ထားပြန်သည်။ တေးသံရှင်ဝေလနှင့် တွေ့ဆုံ၍ ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်ထားမှုများ၊ သံစုံတီးဝိုင်းနှင့် တင်ဆက်ရမည့်အတွက် စိတ်လှုပ်ရှားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - မိုးရာသီမှာ ဂီတလှုပ်ရှားမှုတွေဘာတွေ လုပ်ဖို့ရှိလဲ။

ဖြေ - မိုးရာသီမှာက သြဂုတ်လထဲမှာ ကျွန်တော်နဲ့နီနီနဲ့ လန်ဒန်မှာ သွားဖျော်ဖြေဖို့ရှိတယ်။ ဒီပွဲကတော့ ဟိုမှာလုပ်မယ့်ပွဲကို သွားဆိုပေးရမှာပါ။ တစ်ပွဲပါပဲ။ အဲဒီအတွက် သြဂုတ် ၁၀ ရက်လောက်စထွက်ဖို့ရှိမယ်။ လကုန်ခါနီးလောက်မှပြန်ရောက်မယ်။ စက်တင်ဘာလထဲမှာတော့ ကျွန်တော့် One Man Show လုပ်ဖို့ရှိပါတယ်။ စက်တင်ဘာ ၂၉ မှာ အမျိုးသားကဇာတ်ရုံမှာ လုပ်ဖို့စီစဉ်ထားပါတယ်။

■ မေး - One Man Show ကို တစ်ပွဲလုံးကိုဓိရာမိုရ်တို့နဲ့ တွဲဖက်တင်ဆက်ဖို့ စီစဉ်ဖြစ်တာကရော။

ဖြေ - အဓိကတော့ အရှေ့မှာလည်း ကိုဓိရာမိုရ်နဲ့တွဲပြီး တင်ဆက်ဖူးတာရှိတယ်။ အဲဒီကတည်းကလည်း အခုလိုတွဲပြီး အရမ်းဆိုချင်ခဲ့တယ်။ ပထမဆုံး One Man Show ဖြစ်တဲ့အတွက် ပရိသတ်တွေကိုလည်း အမှတ်တရ ဖြစ်စေချင်တယ်။ ဒါကြောင့် ဒီပွဲကိုတစ်ပွဲလုံး ကိုဓိရာမိုရ်တို့နဲ့တွဲပြီး တင်ဆက်မယ်ဆိုပြီး ဆုံးဖြတ်ဖြစ်သွားတာပါ။ အဲဒီအတွက် ပြင်ဆင်ရမှာတွေက ပိုများလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံးပြင်ဆင် ကြိုးစားသွားမှာပါ။

■ မေး - တစ်ကိုယ်တော်ပွဲအတွက် ဘာတွေအဓိကပြင်ဆင်နေပြီလဲ။

ဖြေ - အဓိကတော့ သီချင်းရွေးနေတာပေါ့။ ပရိသတ်တွေ နားထောင်ချင်တဲ့ သီချင်းတွေ ရှိမယ်။ ကျွန်တော်ဆိုချင်တဲ့သီချင်းတွေလည်း ရှိတယ်။ အဲဒါကိုမှ Orchestra နဲ့ တီးတဲ့အခါ အဆင်ပြေဆုံး၊ အလိုက်ဖက်ဆုံးပုံစံတစ်ခုဖြစ်ဖို့ ရွေးချယ်ရမှာပေါ့။ ကျွန်တော့်ပွဲမှာ Opening Band နှစ်ခုလည်းပါမယ်။ သူတို့လည်း အကောင်းဆုံးဖျော်ဖြေ တင်ဆက်ကြပါလိမ့်မယ်။

■ မေး - ကိုဝေလသီချင်းတွေအားလုံးကို Orchestra နဲ့ တီးတဲ့အခါ ပရိသတ်တွေအတွက် အရသာအသစ်တစ်ခု ပြောင်းသွားမလား။

ဖြေ - ဟုတ်တယ်။ ကျွန်တော်လည်းအဲဒါကြောင့် ပထမဆုံးတစ်ကိုယ်တော်ပွဲမှာ တစ်ပွဲလုံးကို Orchestra နဲ့တီးဖို့ ဆုံးဖြတ်လိုက်တာ။ သီချင်းအားလုံးကို Orchestra နဲ့တီးတဲ့အခါ အရသာအသစ်တစ်ခု ပြောင်းသွားမယ်လို့ထင်တယ်။ အဓိကတော့ ပရိသတ်တွေအတွက် ထူးခြားမယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် အခုလို တင်ဆက်ဖို့ ဆုံးဖြတ်လိုက်တာ။ ပွဲမှာတီးတဲ့အခါလည်း Choir တွေ ဘာတွေနဲ့ ခမ်းခမ်းနားနားလည်း လုပ်ချင်တယ်။ ဒါကြောင့် အခုလိုလုပ်ဖြစ်တာပါ။

■ မေး - အဲဒီအတွက် သီချင်းတစ်ပုဒ်ချင်းစီမှာ ပြောင်းလဲတီးခတ်မှုတွေ လုပ်ဖို့လိုမလား။

ဖြေ - အဓိကတော့ သီချင်းပါပဲ။ ဘယ်သီချင်းကို ဘယ်လိုပုံစံပြောင်းမလဲ၊ ဘယ်လိုပြောင်းတီးမလဲဆိုတာ ကိုဓိရာမိုရ်နဲ့တိုင်ပင်ပြီး လုပ်နေပါတယ်။

■ မေး - သီချင်းဘယ်နှပုဒ်လောက် ဖျော်ဖြေဖြစ်မလဲ။

ဖြေ - သီချင်းက အကြမ်းဖျင်းတော့ ၂၅ ပုဒ်လောက်ဆိုဖို့ မှန်းထားတယ်။ အတိအကျတော့ မသိသေးဘူး။ ရွေးနေတုန်းပဲ ရှိသေးတော့လေ။ ပရိသတ်တွေ နားထောင်ချင်တဲ့သီချင်းတွေကိုတော့ ဦးစားပေး ရွေးဖြစ်ပါမယ်။

■ မေး - ပွဲအတွက် တခြားစိတ်လှုပ်ရှားစရာဆိုရင်ရော။

ဖြေ - နောက်ထပ်ဂရုစိုက်ရမှာက ကျန်းမာရေးပေါ့။ အသောက်အစားလေးလည်း နည်းနည်းလျှော့ပြီး ကျန်းမာရေးဂရုစိုက်ရတယ်။ ဆင်ခြင်သင့်တာတွေ ဆင်ခြင်ပြီး အပုဒ်တိုင်းကို အကောင်းဆုံးဆိုနိုင်အောင် ကြိုးစားသွားပါမယ်။

■ မေး - ဒီကြားထဲတော့ သီချင်းသစ်ထွက်ဖြစ်ဖို့ရှိဦးမလား။

ဖြေ - ဒီကြားထဲတော့ သီချင်းသစ်မထွက်ဖြစ်သေးဘူး။ ပွဲအတွက်ပဲ အာရုံအပြည့်အ၀ စိုက်သွားမယ်။ ဒီပွဲက မနှစ်ကတည်းကလည်း လုပ်မယ်လို့ စိတ်ကူးရှိသလို အားလုံးကလည်း တိုက်တွန်းကြတယ်။ ဒါပေမဲ့ တကယ်လုပ်မယ့်အချိန်မှာ သီချင်းလည်း များချင်တာကြောင့် အခွေသစ်တစ်ခွေ ထပ်ထွက်ခဲ့ပြီး ဒီအခွေထဲကသီချင်းတွေနဲ့ ပရိသတ်နဲ့ ရင်းနှီးမှုရမယ့် အချိန်တစ်ခုရောက်အောင် စောင့်ဆိုင်းရပါတယ်။ အခုတော့ အဲဒီလိုအချိန်လည်း ရောက်လာပြီဆိုတော့ တစ်ကိုယ်တော်ပွဲကို အကောင်းဆုံး တင်ဆက်နိုင်ဖို့ပဲ စီစဉ်ပါမယ်။

■ မေး - အခက်အခဲတွေ အများကြီးနဲ့ ကြိုးစားခဲ့ရတဲ့ အခြေအနေတစ်ခုကနေ အခုလိုပရိသတ် အားပေးတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ရတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်ကိုလည်း သိချင်ပါတယ်။

ဖြေ - ဒီအလုပ်က အသွေးအသားထဲကကို ဝါသနာပါလို့ လုပ်တဲ့အလုပ်ပေါ့။ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ အရင်ကလည်း အခက်အခဲတွေကြားက ဒီလိုပဲကြိုးစားခဲ့တယ်။ ကူညီပေးခဲ့ကြတဲ့သူတွေလည်း ရှိခဲ့တယ်။ ဒီလိုကနေပဲ အခုလိုနေရာတစ်နေရာထိ ရောက်လာတယ်ပေါ့။ ဒီလိုရောက်လာတဲ့အခါလည်း ကျွန်တော်တို့ အနုပညာရှင်တွေအနေနဲ့ ရပ်တန့်လို့မရပါဘူး။ ပိုပိုပြီးကြိုးစားရတာပါ။ အနုပညာဖန်တီးမှုနဲ့ ပတ်သက်လို့ အရင်ကလည်း ကြိုးစားသလို အခုလည်း ကြိုးစားပါတယ်။ ဒီလိုကြိုးစားမှုတွေကို အသိအမှတ်ပြု အားပေးတဲ့ ပရိသတ်တွေရှိမှလည်း အနုပညာရှင်ဆိုတာ ရပ်တည်နိုင်တာပါ။

■ မေး - တစ်ကိုယ်တော်ပွဲအတွက် လက်မှတ်တွေက ဘယ်တော့လောက်စရောင်းမလဲ။

ဖြေ - ရွှေစင်အင်တာတိန်းမန့်က စီစဉ်တာဆိုတော့ ကိုအီကြာကွေးနဲ့ တိုင်ပင်တုန်းပါပဲ။ အားလုံးသတ်မှတ်ပြီးရင်တော့ ကြေညာပါမယ်။ ဒီလကုန်လောက် စရောင်းဖြစ်မယ်ထင်ပါတယ်။

■ မေး - သီချင်းတွေတော့ အသစ်ရေးဖြစ်တယ်နော်။

ဖြေ - သီချင်းရေးတာကတော့ စိတ်ထဲမှာပေါ်ရင် ပေါ်သလို ချရေးတာမျိုးဆိုတော့ ရေးဖြစ်ပါတယ်။ အရင်ကတည်းက ရေးထားခဲ့တဲ့သီချင်းတွေလည်း ရှိတယ်။ အဓိကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေတာတွေထဲက ကိုယ့်စိတ်ထဲမှာ တစ်ခုခုပေါ်လာပြီဆိုရင် ချရေးလိုက်တာများတယ်။ စိတ်ထဲမှာ ခံစားမိတဲ့အတိုင်း၊ မြင်မိတဲ့အတိုင်းကိုပဲ ဖန်တီးဖြစ်တာများတယ်။ အဲဒီတော့ ဘယ်အချိန်မှာ သီချင်းရေးမယ်ဆိုတာမျိုး မသတ်မှတ်ထားဘဲ ခံစားမှုပေါ်လာတဲ့အချိန် ရေးဖြစ်တာပါ။

■ မေး - တစ်ကိုယ်တော်ပွဲပြီးရင်ရော နောက်ထပ်ဘာအနုပညာလှုပ်ရှားမှုတွေ လုပ်ဖြစ်ဖို့ရှိမလဲ။

ဖြေ - ပွင့်လင်းရာသီရောက်ရင်တော့ ရှိုးတွေပဲဆိုဖြစ်ဖို့များမယ်။ ရန်ကုန်ရော နယ်မှာပါ ရှိုးတွေဆိုဖြစ်မယ်။ သီချင်းအသစ်တွေလည်း တစ်ကိုယ်တော်ပွဲပြီးရင်တော့ ဖြည်းဖြည်းချင်းလုပ်သွားဖို့ စိတ်ကူးထားတယ်။

■ မေး - တစ်ကိုယ်တော်ပွဲကို လာအားပေးမယ့် ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်များရှိမလား။

ဖြေ - ကျွန်တော့်ရဲ့ ပထမဆုံးတစ်ကိုယ်တော်ပွဲ အတွက်လည်း စိတ်အားလူအား အပြည့်အဝထည့်ပြီး ပြင်ဆင်သွားပါမယ်။

Most Read

Most Recent